နည်းပညာသစ်၊
ပစ္စည်းသစ်များ ထုတ်လုပ်လာချိန်တွင် ယင်းပစ္စည်းကို မူပိုင်မှတ်ပုံတင်ပြီး တီထွင်သူကို
အကာအကွယ်ပေးလာကြသည်။ ယင်းမှတစ်ဆင့် မူပိုင်ခွင့်များကို မည်မျှအထိအခွင့်အရေးပေးမည်၊
အလားတူတီထွင်သူများက မည်သို့ဆက်လက်လုပ်ပိုင်ခွင့်ရမည်ဆိုသည့်အချက်များကို နိုင်ငံတကာ
ဥပဒေပြဋ္ဌာန်းချက်များဖြင့် သတ်မှတ်လာသည်။
သို့ရာတွင်
လူမှုရေးအသုံးအဆောင်တစ်ခုအဖြစ် အလျင်အမြန်ဖွံ့ဖြိုးလာသည့် ဆဲလ်ဖုန်းများကို တီထွင်ရောင်းချသူများက
ချုပ်ကိုင်မှုများလွန်းသည်ဟု ယူဆလာကြသည်။ ယင်းဖုန်းကိုစားသုံးသူက ၀ယ်ယူသော်လည်း အခြားဝန်ဆောင်မှုပေးသူများနှင့်
အသုံးမပြုနိုင်ရန် ဖုန်းကုမ္ပဏီများက ပိတ်ပင်ထားကြသည်။
ဥပမာ
iPhone ကို ပြည်ပသို့ ၀ယ်ယူသွားသူအတွက်သာမက အမေရိကန်နိုင်ငံတွင် ဖုန်းဝယ်ယူသူများကလည်း
မိမိလိုချင်သောဖုန်းလိုင်းဝန်ဆောင်မှုများကို လွတ်လွတ်လပ်လပ် ရွေးချယ်နိုင်ခြင်းမရှိကြပါ။
ဖုန်းတစ်လုံးကို ကုမ္ပဏီမှဝယ်ယူလိုပ်ပြီးလျှင် ယင်းတို့သတ်မှတ်ထားသည့် ၀န်ဆောင်မှုကိုသာအသုံးပြုနိုင်သဖြင့်
မိမိနှစ်သက်သည်ဖြစ်စေ၊ မနှစ်သက်သည်ဖြစ်စေ ယင်းဝန်ဆောင်မှုကို လက်ခံအသုံးပြုနေရသည်။ ဖုန်းအာမခံကိုအပျက်ခံပြီး
Jailbreak လုပ်ကြသူအများအပြားရှိသော်လည်း မိမိကအာမခံဆုံးရှုံးသွားသဖြင့် စားသုံးသူဘက်ကနစ်နာရသည်။
ယင်းအတွက်စားသုံးသူတို့၏ ရွေးချယ်ပိုင်ခွင့်ကို အကာအကွယ်ပေးနိုင်ရန် အစိုးရကပါဝင်ဆုံးဖြတ်လာသည်။
အမေရိကန်လွှတ်တော်က
ဆဲလ်ဖုန်းကို Unlock လုပ်ခြင်းသည် တရားဝင်သည်ဟု အသိအမှတ်ပြုလိုက်ပြီး သီတင်းတစ်ပတ်အကြာ
ဇူလိုင် ၂၅ ရက်တွင် အောက်လွှတ်တော်ကလည်း တညီတညွတ်တည်း သဘောတူလိုက်ကြသည်။
အမှန်မှာ
၂၀၁၀ ပြည့်နှစ်ကတည်းကပင် ဖုန်းဝယ်ယူသူများက ၎င်းတို့ဝန်ဆောင်မှုကုမ္ပဏီပြောင်းခွင့် (သို့မဟုတ်)
Unlock လုပ်ခြင်းမူပိုင်ခွင့်ကို ချိုးဖောက်သည့်သဘောမသက်ရောက်ဘဲ လုပ်ခွင့်ရှိကြောင်းမူကြမ်း
တင်ပြခဲ့သည်။ ယင်းပြဋ္ဌာန်းချက်သက်တမ်းကုန်သည့် ယခုအချိန်တွင် အထက်နှင့် အောက်လွှတ်တော်တို့က
တညီတညွတ်တည်း အတည်ပြုလိုက်ခြင်းဖြစ်သည်။ အခြားကြိုးမဲ့ဆက်သွယ်ရေးကိရိယာများဖြစ်သည့်
Tablet လို ပစ္စည်းမျိုးကို Unlock လုပ်ခွင့်ပြုရေး၊ မပြုရေးအတွက်ကမူ စဉ်းစားနေဆဲအဆင့်မှာပင်ရှိနေသေးသည်။
ယင်းကဲ့သို့ ဆဲလ်ဖုန်းကို Unlock တရားဝင်ခွင့်ပြုရန် လူပေါင်းတစ်သိန်းက စုပေါင်းလက်မှတ်ရေးထိုးကာ
ပြီးခဲ့သည့်နှစ်က စတင်တောင်းဆိုခဲ့ခြင်းဖြစ်သည်။
အမေရိကန်လွှတ်တော်နှစ်ရပ်စလုံးက
သဘောတူပြီးဖြစ်၍ မကြာမီသမ္မတလက်မှတ်ရေးထိုး အတည်ပြုလျှင် ဥပဒေအဖြစ်ပြဋ္ဌာန်းနိုင်တော့မည်ဖြစ်သည်။
မူပိုင်ခွင့်ကိုလေးစားသည့် စားသုံးသူအခွင့်အရေးကို ပထမဦးစားပေးကာကွယ်ရမည်ဟု ဆီးနိတ်လွှတ်တော်တရားရေးကော်မတီဥက္ကဋ္ဌ
ပက်ထရစ်လေဟီက ပြောသည်။
ဈေးကွက်ဆန်းစစ်လေ့လာသူ
မယ်လိုဒီဘာနက်ကလည်း “ဈေးကွက်စီးပွားရေးမူအရ လုပ်ငန်းတစ်ခု၊ ကုမ္ပဏီတစ်ခုတည်းက လက်ဝါးကြီးအုပ်ထားတာမျိုး
မဖြစ်အောင်လုပ်တဲ့ သဘောဖြစ်သည်။ ကုမ္ပဏီကြီးများ၊ ငွေရှင်ကြီးများက ငွေအင်အားနဲ့လွှမ်းမိုးထားတာမျိုးဖြစ်တတ်ခြင်းမျိုးကို
ယခုကဲ့သို့ ပြဋ္ဌာန်းလိုက်ခြင်းဖြင့် ကုမ္ပဏီငယ်လေးများလည်း ၀င်ရောက်ယှဥိပြိုင်နိုင်တော့မည်ဖြစ်သည်။
စားသုံးသူဘက်ကလည်း ၀န်ဆောင်မှုပိုကောင်းသော၊ ဈေးပိုသက်သာသော နေရာကိုရွေးချယ်ခွင်ရသွားပြီပေါ့”ဟု
သုံးသပ်ပြောဆိုသည်။
ကမ္ဘာနှင့်အ၀န်း
ဆဲလ်ဖုန်းကို မရှိမဖြစ်လူသုံးကုန်ပစ္စည်းလိုသုံးစွဲလာနေသည့် ယခုလိုအချိန်တွင် ဆဲလ်ဖုန်းဆိုင်ရာဥပဒေများက
အရေးကြီးလာသည်။ အမေရိကန်နိုင်ငံက ပြဋ္ဌာန်းမည့် ဤဥပဒေသည် တစ်ကမ္ဘာလုံးမှ စားသုံးသူများအတွက်သာမက
ဖုန်းဝန်ဆောင်မှုများအရှိန်အဟုန်နှင့် စတင်တော့မည့် မြန်မာနိုင်ငံအတွက်လည်း အချိန်ကိုက်မင်္ဂလာသတင်းတစ်ရပ်ဖြစ်ပါသည်။
ခင်မေဇော်
(၀ါရှင်တန်ဒီစီ)
7
Days Daily (07-08-2014)
No comments:
Post a Comment