Sunday, August 3, 2014

လူမှုကွန်ရက်မှသည် ဆိုရှယ်မီဒီယာဆီသို့


လူသားနှစ်ဦး အသက်ဆုံးရှုံးခဲ့ရသည့် မန္တလေးပဋိပက္ခ၏ အဓိက တရားခံမှာ ဖေ့စ်ဘုတ်ဖြစ်သည်ဟု ပညာရှင်တစ်ချို့က ယူဆခဲ့ကြပြီး ပညာရှင်တစ်ချို့ကမှု အဆိုပါ ပဋိပက္ခသည် အင်တာနက် အသုံးပြုသူများ၏ ပညာရေးရေချိန်နှင့်သာ သက်ဆိုင်သည်ဟု ယူဆခဲ့ကြသည်။ လွန်ခဲ့သည့် ၁၀ နှစ်ခန့်က စတင်ပေါ်ပေါက် လာခဲ့သည့် ဖေ့စ်ဘုတ်ကို လူမှုကွန်ရက်ဟု အသုံးပြုသူများက နာမည်ပေးခဲ့သည်။
၁၀ နှစ်ကြာမြင့်ခဲ့ပြီး ယနေ့ မျက်မှောက်ခေတ်သို့ ရောက်ရှိလာခဲ့သည့်အခါ အဆိုပါ ဖေ့စ်ဘုတ်ဟူသည်ကို ဆိုရှယ်မီဒီယာဟု အသုံးပြုသူများက ပြောင်းလဲ ခေါ်ဆိုခဲ့သည်ကို လေ့လာတွေ့ရှိရသည်။ ဖေ့စ်ဘုတ်ကို မီဒီယာတစ်ခု အဖြစ်သတ်မှတ်မည်ဆိုပါက မီဒီယာတို့၏ ကျင့်ဝတ်အရ တာဝန်သိမှုနှင့် တာဝန်ယူမှုကို နေ့စဉ် ဖေ့စ်ဘုတ်အသုံးပြုသူများက လိုက်နာရတော့မည်ဖြစ်သည်။
မည်သူမည်ဝါ ဖြစ်ကြောင်း ဖော်ပြလိုခြင်းမရှိသည့် ဖေ့စ်ဘုတ်အကောင့်များသည် အများအားဖြင့် အဆိပ်အတောက် ဖြစ်စေသည့် အမုန်းစကားများနှင့် သတင်းအမှားများကို ဖော်ပြလေ့ရှိသည်ဟု ရန်ကုန်မြို့၌ ပထမဦးဆုံးအကြိမ်ကျင်းပသည့် ဆိုရှယ်မီဒီယာဖိုရမ်မှ သိရသည်။ သတင်းအမှားများနှင့် အမုန်းစကားများကြောင့် လက်တွေ့နယ်ပယ်၌ မဖြစ်သင့်သည်များ ဖြစ်ပွား ရသည်မှာ သတင်းအမှန်များကို အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ပေးခြင်းမရှိသောကြောင့် ဖြစ်သည်ဟု မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် e Government ကော်မတီ ဥက္ကဋ္ဌ ဦးသောင်းစုငြိမ်းကပြောသည်။ ဒါ့အပြင် ပုံနှိပ်မီဒီယာများ ပိုင်ဆိုင်နိုင်ခြင်းမရှိသေးသည့် စာဖက်သူအရေအတွက်ကို ဆိုရှယ်မီဒီယာက ပိုင်ဆိုင် ထားသည်ဟုလည်း ၎င်းက ထပ်မံပြောဆိုခဲ့သည်။ “ဒီနိုင်ငံမှာ အစိုးရကလည်း ဖေ့စ်ဘုတ် ၊ ရဲတွေကလည်း ဖေ့စ်ဘုတ်ဆိုတော့ ကျွန်တော်ထင်တယ် တစ်ခုခုတော့ မှားယွင်းနေပြီ” ဟု US x ASEAN Business Council မှ အကြံပေးဖြစ်သူ ဦးချစ်ထွန်းဖေက ပြောသည်။
မြန်မာပြည်သူလူထုအနေဖြင့်လည်း အစိုးရမီဒီယာမှ ပြောကြားသည်များကို ယုံကြည်ခြင်းမရှိဘဲ ဆိုရှယ်မီဒီယာမှပြောကြားသည်များကို ယုံကြည်နေကြသည်မှာ အမှားအယွင်းတစ်ခုဖြစ် နေသည်ဟု ၎င်းကထပ်မံပြောဆိုသည်။ သတင်းလွတ်လပ်ခွင့်ကို နှစ်ပေါင်းကြာမြင့်စွာ ပိတ်ပင်ခြင်းခံခဲ့ရသည့် ပြည်သူလူထုသည် ဒီဂျစ်တယ်ခေတ်ရေစီးကြောင်း၌ လွတ်လပ်စွာ ပြောဆိုရေးသားခွင့် ရရှိလာသည်ကို သဘောကျနှစ်သက်လာခဲ့သည်။ “သတင်းက အစဉ်ငတ်လာခဲ့တာ။ ငတ်နေတဲ့လူကို အစာတစ်ခု ချကျွေးလိုက်ရင် ဖြစ်တဲ့ထုံးစံအတိုင် စားကောင်းမှန်းမသိ ၊ မစားကောင်းမှန်းမသိ စားတော့တာပဲ” ဟု Myanmar ICT Development Organization မှ အမှုဆောင်ဒါရိုက်တာ ကိုနေဘုန်းလတ် ကပြောသည်။ မြန်နှုန်းမြင့်ခေတ်ကြီး၌ ဆင်ခြင်တုံတရားအတွက် နေရာမရှိ ဟူသောစကားအတိုင်း ခံစားချက်များ ၊ ဒေါသများကို တုန့်ပြန်ရာတွင် အလွန်လျင်မြန်နေသည်ဟု ကိုနေဘုန်းလတ်ကဆိုသည်။
“ကျွန်တော်တို့ဆီမှာဖြစ်နေတာက ကိုယ်ကသူများကိုပြောရင် ဒီမိုကရေစီဖြစ်ပါတယ်။ ကိုယ်ကပြန်ပြောခံရရင် အာဏာရှင်ဖြစ်သွားပါတယ်။ ဆိုရှယ်မီဒီယာမှာ ဒီလိုမျိုးတွေးခေါ်မှု အလေ့အထလည်းရှိနေတယ်” ဟု ရန်ကုန်မီဒီယာဂရု(ပ်) မှ အကြီးအကဲဖြစ်သူ ဦးကိုကို (စက်မှု) က ပြောသည်။
ဖေ့စ်ဘုတ်ကို မြန်မာနိုင်ငံ၌ လူ ဦးရေ ၁.၇ ကျော်အသုံးပြုနေကြသည်။ အဆိုပါအရေအတွက်၌ အမည်မဖော်သူများပါဝင်နေသည့်အပြင် ရည်ရွယ်ချက်ရှိစွာဖြင့် အမုန်းစကားများ၊ သတင်းအမှားများကို ဖော်ပြပေးနေသည့် လူပုဂ္ဂိုလ်များ လည်းပါဝင်သည်။ နိုင်ငံတော်သမ္မတရုံးမှ တာဝန်ရှိသူကိုယ်တိုင်ကပင် ဖေ့စ်ဘုတ်၌ အမုန်းစကားများကို ရေးသားခဲ့ဖူးကြောင်း ၊ နောက်နှစ်နှစ်အတွင်း ဖေ့စ်ဘုတ်၌ လူမှုရေး ပြဿနာများ ယခုထက်ပင် ပိုမိုများပြား လာမည်ဖြစ်ကြောင်း ဘလော့ဂါတစ်ဦးအဖြစ် အမည်ကျော်ကြားခဲ့သူ ကိုညီလင်းဆက်ကပြောသည်။ ဖေ့စ်ဘုတ်ကြောင့် လူသတ်မှုများနှင့် ရာဇ၀တ်မှုများဖြစ်ပွားခဲ့ကြသည်မှာ မြန်မာနိုင်ငံ၌သာမဟုတ်ဘဲ အခြားသောနိုင်ငံများ၌လည်း ရှိကြသည်ဟု သိရသည်။
“ဒီမှာ ဆွေးနွေးနေတာက အစိုးရက ဖေ့စ်ဘုတ်ပေါ်က ဒီအကြောင်းအရာကို ဖြုတ်ပေးပါလို့ပြောရင် ဖေ့စ်ဘုတ် ကလည်းဖြုတ်ပေးမယ်။ အဖွဲ့အစည်းက ပြောရင်လည်း ဖေ့စ်ဘုတ်က ဖြုတ်ပေးမယ်။ တစ်ဦးတစ်ယောက် အနေနဲ့ဆိုရင်လည်း Report တွေလုပ်လို့ ရတယ်ပေါ့။ ကျွန်တော်မြင်တာကတော့ ဒါကအကျိုးသက်ရောက်မှု အများကြီးဖြစ်မလာဘူး” ဟု ဦး ချစ်ထွန်းဖေက ပြောသည်။
ဖေ့စ်ဘုတ်ပေါ်၌ ပျံ့နှံ့နေသည့် အမုန်းစကားများ၊ သတင်းအမှားများနှင့် ပတ်သက်၍ အဓိက တာဝန်ရှိကြသည်မှာ အဖွဲ့အစည်းအသီးသီး၏ ခေါင်းဆောင်များဖြစ်ကြပြီး အဆိုပါခေါင်းဆောင်များမှတစ်ဆင့် အဖွဲ့ဝင်အသီးသီးဆီသို့ အမုန်းစကားများနှင့် သတင်းအမှားများ ပြောဆိုရေးသားခြင်းမပြုလုပ်ကြရန် ပညာပေးခြင်းများပြုလုပ်၍ လမ်းမှန်ရောက်ရှိအောင် စွမ်းဆောင်သင့်သည်ဟု ပထမဦးဆုံးအကြိမ်ကျင်းပသည့် ဆိုရှယ်မီဒီယာဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် ပညာရှင်တစ်ချို့ကပြောသည်။ ဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် ပညာရှင်တစ်ချို့ကမှု ယခုကဲ့သို့ ဦးဆောင်ပြီး အင်တာနက် အသုံးပြုသူများကို ပညာပေးပြောဆိုမည်ဆိုပါက ရိုင်းစိုင်းသည့် ပြန်လည်တုန့်ပြန်မှုနှင့်သာ ရင်ဆိုင်ရမည်ဖြစ်ပြီး အကျိုး သက်ရောက်မှု ရှိမည်မဟုတ်ကြောင်း ပြောဆိုခဲ့သည်။ ဖေ့စ်ဘုတ်ပေါ်၌ အမုန်းစကားများနှင့် သတင်းအမှားများပျံ့နှံ့နေရသည်နှင့် ပတ်သက်၍ ၈၈ ကျောင်းသားဟောင်းတစ်ဦးဖြစ်သူ ဦးကိုကိုကြီးက လွယ်ကူနေသည်ကို ခက်အောင်လုပ်နေကြသည်ဟု ပြောဆိုခဲ့သည်။
“ဒါကို ကျွန်တော်တို့ နည်းပညာနဲ့ တားလို့ရတယ်လို့ မြင်တယ်။ စကားလုံးတွေနဲ့ စစ်ထုတ်ပြီးလုပ်မယ်ဆိုရင် အဆင်ပြေမယ်လို့ ထင်တယ်။ အိမ်နီးချင်းနိုင်ငံတွေမှာ အကုန်ရနေကြပြီ။ ပြောရင် ကျွန်တော်တို့ဆီမှာ လက်နှီးစုတ်ကိုပဲ ပြန်ကိုင်ရမှာပဲ။ ယူနီကုဒ် ပြဿနာဆီကိုပဲ ပြန်ရောက်မှာပဲ။ ကျွန်တော်တို့ဆီမှာ ပညာရှင်တွေ ရှိနေရဲ့သားနဲ့ ဒါကို မလုပ်နိုင်သရွေ့ ဒါတွေကို ကျွန်တော်တို့ကြုံနေကြမှာပဲ။ ဘယ်စကားလုံးကတော့ အမုန်းစကားဖြစ်တယ်ဆိုပြီး ကျွန်တော်တို့ စစ်ထုတ်တာမျိုးလုပ်သင့်ပါတယ်” ဟု ဦးကိုကိုကြီးကပြောသည်။

မြန်မာနိုင်ငံ၌ သတ်မှတ်ထားသည့် စကားလုံးကိုစစ်ထုတ်၍ အမုန်းစကားများ၊ သတင်းအမှားများကို ဖော်ထုတ်ပြီး အင်တာနက်ပေါ်မှ ဖယ်ရှားရန် ယူနီကုဒ်ပြဿနာ တည်ရှိနေသည်မှာ မှန်ကန်သော်လည်း စကားလုံးကြွယ်ဝသည့် မြန်မာစာပေ အရ အမုန်းစကားများကို အင်တာနက်စာမျက်နှာ၌ ဖယ်ရှားရန်မှာ ဖြစ်နိုင်ဖွယ်မရှိကြောင်း Developer များကပြောသည်။ အမုန်းစကားများနှင့် ပတ်သက်၍ အင်တာနက်အသုံးပြုသူများအပေါ် လိုက်လံ၍ ပိတ်ပင်ပြောဆိုနေမည့်အစား မိမိကိုယ်တိုင် အမုန် စကားများနှင့်ပတ်သက်၍ မည်သို့ ရှောင်ရှားနေသည်ကို ဦးဆောင်ပြသသည်က ပိုမိုကောင်းမွန်ကြောင်း အဆိုပါအစီအစဉ်၌ အင်တာနက် အသုံးပြုနေကြသည့် Celebrity များ ပါဝင်လာလျှင် ပိုမိုကောင်းမွန်ကြောင်း Zwenexsys International ကုမ္ပဏီမှ မန်နေးဂျင်းဒါရိုက်တာဖြစ်သူ ကိုသာထက်က အကြံပြုပြောကြားသည်။ Techonomation မှ စီအီးအို ဖြစ်သူ ကိုထူးမြင့်နောင်က ဖေ့စ်ဘုတ်သည် ကောင်းကျိုးထက် ဆိုးကျိုးပိုများလာပါက အသုံးပြုခွင့်ကို ပိတ်ပင်လိုက်သင့်ပြီး အိမ်နီးချင်း တရုတ်နိုင်ငံကဲ့သို့ ကိုယ်ပိုင်ပေါ်တယ်ဖြင့် ဆိုရှယ်မီဒီယာကို အသုံးပြုသင့်သည်ဟု အကြံပြုပြောကြားခဲ့သည်။ ဦးကိုကိုကြီးကမှု ပြဿာနာတိုင်းသည် ဖေ့စ်ဘုတ်ကြောင့်ဖြစ်သည်ဟု ယူဆနေကြခြင်းသည် အလွယ်တကူ ပစ်မှတ်ရှာဖွေနေကြခြင်းသာ ဖြစ်ပြီး ဖေ့စ်ဘုတ်ကိုပိတ်ပစ်ရန် သဘောတူညီမှုမရှိဘဲ နည်းပညာဖြင့် ပြေလည်အောင် ပြန်လည်ဖြေရှင်းသင့်သည်ဟု ပြောဆိုသည်။
အင်တာနက်ပေါ်မှ အမုန်းစကားများ၊ သတင်းအမှားများနှင့် ပတ်သက်၍ ပညာရှင်များဝိုင်းဝန်း အဖြေရှာကြရာတွင် (၁) ဖေ့စ်ဘုတ်အကောင့်များကို မိုဘိုင်းဖုန်းမှတစ်ဆင့် SMS ကိုအသုံးပြု၍ အတည်ပြုစစ်ဆေးပြီးမှသာ အကောင့်ပိုင်ဆိုင်ခွင့်ရှိရန်၊ (၂) သတင်းအမှားများ အင်တာနက်ပေါ်သို့ ရောက်ရှိလာပါက သတင်းအမှန်ကို သက်ဆိုင်ရာဌာနဆိုင်ရာများက ချက်ချင်း အလျင်အမြန် ထုတ်ပြန်ပေးရန်၊ (၃) အမုန်းစကားများနှင့် ပတ်သက်သည့် အသိပညာ ဖြန့်ဝေပေးမှုများကို အဖွဲ့အစည်းအသီးသီးက လုပ်ကိုင်ဆောင်ရွက်ပေးကြရန် စသည့် အဖြေများ ထွက်ရှိလာခဲ့သည်။
ဖေ့စ်ဘုတ်အနေဖြင့် ၎င်းတို့၏အကောင့်များကို မိုဘိုင်းဖုန်းနံပါတ်မှတစ်ဆင့် အတည်ပြုစစ်ဆေးပြီးမှသာ ဖွင့်လှစ်ခွင့်ပေးမည်ဆိုပါက အကောင့်တုများနှင့်အတူ အမုန်းစကားများ၊ သတင်းအမှားများ ဖြန့်ချိနေကြသည့် အင်တာနက်အသုံးပြုသူများ လျော့ကျသွားမည်ဟု ပညာရှင်များက ယုံကြည်ကြသည်။ ဖေ့စ်ဘုတ်အသုံးပြု နေသူသည် မည်သူမည်ဝါ ဖြစ်ကြောင်းသိရှိနေပါက အသုံးပြုသူသည် အင်တာနက်ပေါ်၌ ပြောဆိုရေးသားနေ သည်များကို တာဝန်ယူရတော့မည် ဖြစ်သည်။ ဒါ့အပြင် အသုံးပြုမှု ရင့်ကျက်လာပါက တာဝန်သိသောဆိုရှယ် မီဒီယာအကောင့်ပိုင်ရှင်အဖြစ်သို့ပါ ကူးပြောင်းလာမည်ဟု ၎င်းတို့က ယုံကြည်ခဲ့သည်။ ဖေ့စ်ဘုတ်သည် လူမှုကွန်ရက်တစ်ခုမှ ဆိုရှယ်မီဒီယာအဖြစ်သို့ မကြာသေးမီက ကူးပြောင်းသွားခဲ့သည်ကို အသုံးပြုသူများ လက်မခံ၍ မရတော့ပြီ။ တည်းဖြတ်ထားခြင်းမရှိ၊ နည်းစနစ်တစ်ခုမရှိသော မီဒီယာသည် ဆိုရှယ်မီဒီယာပင် ဖြစ်သည်။ မီဒီယာဟုခေါ်ဆိုလိုက်သည့်အတွက် မီဒီယာတို့၏ထုံးစံအတိုင်း တာဝန်သိရမည်ဖြစ်သည်။ အလားတူ တာဝန်သိ၍ လုံလောက်မည်မဟုတ်။ တာဝန်ယူမှုကိုပါ ဖေ့စ်ဘုတ်အသုံးပြုသူက လက်ခံပေးရန် လိုအပ်လာသည်။ ဆိုရှယ်မီဒီယာဆွေးနွေးပွဲ၌ ထပ်ခါတစ်လဲလဲ ကြားနေရသည်မှာ လည်း တာဝန်ယူမှု၊ တာဝန်ယူမှုပင်ဖြစ်သည်။

Internet Journal (04-08-2014)

No comments:

Post a Comment