ခရက်ဒစ်ကတ်သုံးစွဲသူများကို အမေရိကန်ခရက်ဒစ်ကတ်ကုမ္ပဏီများနှင့် ဘဏ်များကအာမခံပေးထားသဖြင့်
စိတ်ပူစရာမလိုသော်လည်း ကတ်များမှ နံပါတ်ခိုးယူပြီး ငွေထုတ်သုံးစွဲမှုများက အမြဲဖြစ်ပေါ်နေသည့်
ခိုးနည်း တစ်ခုဖြစ်သည်။ ပစ္စည်းတစ်ခုဝယ်တိုင်း ငွေသားအစားကတ်ပြားကိုသုံးသဖြင့် ယင်းကတ်ပြားနံပါတ်နှင့်
အခြားအချက်အလက်များကို တစ်နေရာရာမှ ခိုးယူနိုင်သည်။ ငွေအများအပြားခိုးယူခံရသူက ချက်ချင်းသိရပြီး
ဘဏ်ကိုအကြောင်းကြားနိုင်သော်လည်း သူခိုးအများစုမှာ ယင်းသို့အလုံးအရင်းလိုက်ခိုးယူကြခြင်းမဟုတ်ဘဲ
မသိမသာ တစ်လလျှင်ဒေါ်လာ ၂၀-၃၀ခန့် ပုံမှန်ခိုးနေတတ်သည်။ ယင်းကိုလည်း မိမိအသုံးစရိတ်ကို
အသေးစိတ်မစစ်ဆေးသူများက သတိမပြုမိကြပေ။ ဤနည်းဖြင့်ခိုးယူမှုများသည် ခရက်ဒစ်ကတ်နှင့်
ဘဏ်ကတ်သုံးသူများအကြား တစ်ကြိမ်မဟုတ်တစ်ကြိမ် ဖြစ်ပေါ်နေသည်။ ငွေသားအစား ကတ်ပြားကို
အလွယ်တကူသုံးနိုင်သော်လည်း ယင်းအားနည်းချက်များကရှိနေသည်။
ယခုအချိန်တွင် စမတ်ဖုန်းများကိုသုံးပြီး သွေပေးချေခြင်းများ၊ ချက်လက်မှတ်ပေးသွင်းခြင်းများကိုပါ
ပြုလုပ် လာကြသဖြင့် လုံခြုံစိတ်ချရမှုနှင့်ပတ်သက်ပြီး အန္တရာယ်ပိုများလာသည်။ စမတ်ဖုန်းတွင်
ထည့်သွင်းသော App. များ မျာပြားလာသည်နှင့်အမျှ မိမိ၏ကိုယ်ပိုင်အချက်အလက်များကို ခိုးယူနိုင်ခြေ
ပိုများလာနေကြောင်း သတိထားရမည်သည်။ စမတ်ဖုန်းကို ကွန်ပျူတာတစ်ခုလိုသုံးသဖြင့် မိမိ၏လျှို့ဝှက်နံပါတ်များ၊
အီးမေးလ်များ၊ ဖေ့စ်ဘွတ်ခ်အသုံးများမှ အချက်အလက်များကို ဟက်လုပ်သူများက ခိုးယူနိုင်သည့်နည်းများစွာ
ရှိလာသည် ဟုဆိုသည်။
မိမိ၏ကိုယ်ပိုင်အချက်အလက်များကိုအသုံးချပြီး လက်မှတ်အတုလုပ်ခြင်း၊ ခရက်ဒစ်ကတ်လျှောက်ထားခြင်း၊
အကြွေးများရယူခြင်း၊ ရာဇ၀တ်မှုများကျူးလွန်ခြင်း အစရှိသည့် ဖြစ်ရပ်များစွာဖြစ်နိုင်သည်။
ကွန်ပျူတာမှတ်တမ်းများဖြင့်သာ အလုပ်လုပ်ကြသည့်ယနေ့ခေတ်တွင် ယင်းသို့ဖြစ်ခဲ့လျှင် မိမိ၏မှတ်တမ်း အတွင်းသို့
ဝင်ရောက်သွားပြီး တိုက်ဆိုင်မှုမရှိမချင်း သတိမထားမိကြပေ။ သိလာလျှင်လည်း ပြန်လည် ဖြေရှင်းရန်မလွယ်ကူလှပေ။
အချိန်ကြာမြင့်သလို စရိတ်လည်းကုန်ကျနိုင်သောကြောင့် ဖြစ်သည်။ အချို့ကိစ္စများတွင် မိမိနာမည်ထိခိုက်နစ်နာမှုများက
ပြန်လည်ဖြေရှင်း၍ပင် မရတော့ပေ။
ထို့အတွက်ကြောင့် လူတိုင်းက မိမိ၏ ကိုယ်ရေးအချက်အလက်များကို လုံခြုံအောင်ထားကြခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင် ကိုယ်ရေးအချက်အလက်ကို ကာကွယ်ပေးထားခြင်းမရှိသလို မိမိ၏ ကိုယ်ရေးအချက် အလက်များကို
လျှို့ဝှက်ထားရမှန်းပင်မသိရှိကြပေ။ လူမှုကွန်ရက်များပေါ်တွင် မိမိမှတ်ပုံတင်နံပါတ်၊ နိုင်ငံကူး လက်မှတ်၊
ဓာတ်ပုံသာမက ဗီဇာပါသည့်စာမျက်နှာများကိုပင် ဖောဖောသီသီတင်နေကြသည်။ တကယ်ဆိုလျှင် ယင်းအချက်အလက်များက
ကိုယ်ရေးမှတ်တမ်းများဖြစ်ပြီး သက်ဆိုင်သူဝန်ထမ်းများက လွဲလျှင် အခြားသူများကို မပြသင့်သည့်
အချက်များဖြစ်သည်။ အလားတူပင် မိမိ၏မွေးနေ့၊ နေရပ်လိပ်စာ တို့သည်လည်း ကိုယ်ရေးမှတ်တမ်းတွင်
ပါဝင်သည်။
အမှန်မှာ ယင်းကဲ့သို့ကိုယ်ရေးအချက်အလက်များခိုးယူပြီး ၎င်းပုဂ္ဂိုလ်ဟန်ဆောင်ကာ
အခွင့်အရေးများ ရယူကာ အသုံးချမှုများသည် ကမ္ဘာအနှံ့တွင်ဖြစ်ပေါ်နေပြီး ကာယကံရှင်များက သူတို့၏ကိုယ်ရေးအချက်အ လက်များ
မည်ကဲ့သို့အခိုးယူခံခဲ့ရမှန်း သမိကြပေ။ Idenity Theft ဆိုသည့် စကားလုံးသည် ၁၉၆၄ ခုနှစ် ခန့်က
ပေါ်လာကြောင်းသိရသည်။ ထိုစဉ်က ကြွယ်ဝသူမူများ၏ မိသားစုဆိုင်ရာ စီးပွားရေး၊ လူမှုရေးဆိုင်ရာ
အချက်အလက်များကို လေ့လာခိုးယူပြီး ၎င်းပုဂ္ဂိုလ်ဟန်ဆောင်ကာ ငွေချေးခြင်း (သို့မဟုတ်) ၎င်းပုဂ္ဂိုလ်၏
ပိုင်ဆိုင်မှုများကိုရောင်းချခြင်းများ ပြုလုပ်ခဲ့သည်။
ယနေ့ခေတ်လို အချက်အလက်များ ပလူပျံနေပြီး ယင်းအချက်အလက်များကို App ပေါင်းစုံရှိသည့်
ဖုန်း၊ ကွန်ပျူတာတို့တွင် သုံးစွဲနေသောကြောင့် ဟက်ကာများအတွက် ပို၍လွယ်ကူစေသည်ဟု ဆိုသည်။
မည်သည့် စမတ်ဖုန်းကမှ အွန်လိုင်းဆော့ဖ်ဝဲလ်မှ ကိုယ်ရေးမှတ်တမ်းသူခိုးများရန်ကို အပြည့်အဝ
ကာကွယ် မပေးနိုင်ပါ။ သို့အတွက် App များများစားစားမထည့်သွင်းရန်သာ သတိပေးနေကြသည်။ တိုးတက်ပြောင်းလဲ လာသည့်
အိုင်တီခေတ်ကြီးတွင် မိမိ၏ နှစ်ကိုယ်ခွဲ၊ သုံးကိုယ်ခွဲများစွာ ပေါ်မလာရန် သတိကြီးကြီးထားဖို့
လိုအပ်နေပြီဖြစ်ပါသည်။
No comments:
Post a Comment