Wednesday, August 13, 2014

နည်းပညာကြောင့် နောက်တန်းရောက်သွားတဲ့ စာပို့လုပ်ငန်း


မြန်မာနိုင်ငံတွင် ဗြိတိသျှအစိုးရအုပ်ချုပ်သည့် ကိုလိုနီခေတ်မှစ၍ ၂၀၀၀ ပြည့်နှစ်အလွန်ကာလအထိ မိသားစုဆွေမျိုးများနှင့် ရင်းနှီးသူများကို သတိရပါက လူကြုံပါးခြင်းနှင့် စာတိုက်မှတစ်ဆင့် စာရေးပို့ရန်နည်းလမ်းသာ ရှိပါသည်။
ကိုလိုနီခေတ်မှလွတ်လပ်ရေးရရှိပြီး စစ်အစိုးရအုပ်ချုပ်ခဲ့သော နှစ်ပေါင်း ၆၀ကျော် ကာလအတွင်း နိုင်ငံတစ်ဝန်းရှိမြို့များသို့ ဆက်သွယ်ရန်အတွက် ပြည်သူအများစုမှာ စာပို့လုပ်ငန်းကိုသာ အဓိကအားထားခဲ့ရသည်။
သို့သော် ၂၀၁၀ ပြည့်နှစ်အလွန် အစိုးရသစ်လက်ထက်တွင် တစ်ဦးတစ်ယောက် (သို့မဟုတ်) မိသားစုဆွေမျိုးများထံသို့ စာပို့၍ဆက်သွယ်သည့်အလေ့အထမှာ ပြောင်းလဲလာသည်။ တစ်ချိန်က လူတန်းစားတစ်ရပ် (လူနည်းစု)သာ အသုံးပြုနိုင်ခဲ့သည့် မိုဘိုင်းဖုန်းများသည် တန်ဖိုးလျော့ကျလာသည့်အတွက် ၀ယ်ယူအသုံးပြုသူဦးရေတိုးတက်လာခြင်းကြောင့်ပင်ဖြစ်သည်။ ထို့အပြင် email, facebook သုံးစွဲသော အလေ့အထက ပို၍တွင်ကျယ်လာသည်။
အစိုးရသစ်လက်ထက်တွင် မိုဘိုင်းဆင်းမ်ကတ်များ၏ တန်ဖိုးကို အဆင့်ဆင့်လျှော့ချပေးခဲ့ပြီး သိန်းဆယ်ဂဏန်းပေးရသော မိုဘိုင်းဆင်းမ်ကတ်များကို ၂၀၁၁ ခုနှစ်တွင် ကျပ်ငါးသိန်း၊ ၂၀၁၂ ခုနှစ်တွင် ကျပ်နှစ်သိန်း၊ နှစ်သိန်းခွဲနှင့် ၂၀၁၃ ခုနှစ်တွင် ၁၅၀၀ ကျပ် တန်ဖိုးနည်းများဟူ၍ လစဉ်ကတ်ရေသုံးသိန်းခွဲ ရောင်းချပေးလားခဲ့သောကြောင့် ပြည်သူများ၏ဆက်သွယ်မှုပုံစံသည် မိုဘိုင်းကွန်ရက်ပေါ်သို့ ပြောင်းလဲသုံးစွဲလာခြင်းဖြစ်သည်။
၁၉၉၇ ခုနှစ်တွင် ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်တစ်ခုလျှင် စာအရေအတွက် နှစ်ရာခန့်အထိ နေ့စဉ်ပို့ပေးနေရသော်လည်း ယခုအခါ မြို့နယ်တစ်ခုလျှင် သွားပို့ရသည့် စာအရေအတွက် ဆယ်ဂဏန်းမျှသာရှိတော့ပြီး ဆယ်စုနှစ်တစ်ခုအတွင်း ပေးပို့ရသည့် စာအရေအတွက်မှာ သိသာစွာလျော့နည်းလာကြောင်း သိရသည်။
ရင်းနှီးသော မိတ်ဆွေ၊ သူငယ်ချင်းများထံသို့ ဆက်သွယ်ရန်အတွက် စာတိုက်ကြီး (သို့မဟုတ်) စာတိုက်ပုံးသို့သွားကာ စာထည့်ရမည့်အလုပ်ကို လူအများကစိတ်ဝင်စားမှုနည်းလာသလို မိမိပေးပို့လိုသောလူထံသို့ စာရောက်ရှိရန်အတွက် အချိန်တစ်ခုအထိ စောင့်ရသောကြောင့် စာပို့၍ဆက်သွယ်ခြင်းထက် အချိန်နှင့်တစ်ပြေးညီ ချက်ချင်းဆက်သွယ်နိုင်သည့် မိုဘိုင်းဖုန်းများအပေါ်တွင် လူအများပို၍အားထားလာကြသည်။
လက်ရှိအချိန်တွင် လူအများစုမှာ ပါဆယ်ထုပ်များပေးပို့ရန်၊ ကုမ္ပဏီများ၊ ၀န်ကြီးဋ္ဌာနများမှ ရုံးစာများပေးပို့ရန်နှင့် စာမေးပွဲအောင်စာရင်းပေးပို့ရန်တို့ကိုသာ ဆက်သွယ်ရေးစာတိုက်ကြီးကို အသုံးပြုကြတော့ပြီး တစ်ဦးချင်းစာပေးပို့ချင်းမှာ တဖြည်းဖြည်းလျော့နည်းလာခဲ့ပြီ ဖြစ်သည်။ ထို့အပြင် မန္တလေးမြို့ပေါ်ရှိ စာတိုက်ပုံးများမှာ မရှိသလောက်ရှားပါးနေပြီဖြစ်သည်။
ယခုအခါ ဆက်သွယ်ရေးဝန်ဆောင်မှုများကို ပြည်ပအော်ပရေတာများအား လုပ်ကိုင်ခွင့်ပေးလိုက်သည့်အတွက် မိုဘိုင်းဖုန်းသုံးစွဲသူဦးရေသည် ယခုနှစ်မှစ၍ တစ်ဟုန်တိုး တိုးတက်လာမည်ဖြစ်သောကြောင့် နောက်ပိုင်းတွင် တစ်ဦးချင်းစာပို့၍ ဆပ်သွယ်သည့်စနစ်မရှိသလောက်ရှားလာတော့မည်ဖြစ်သည်။
လက်ရှိနိုင်ငံတော်အစိုးရက e-Government လုပ်ငန်းများအကောင်အထည်ဖော်လျက်ရှိရာ အဆိုပါလုပ်ငန်းများ ပြီးစီးပါက ကုမ္ပဏီများနှင့် ဌာနဆိုင်ရာများအကြား စာတိုက်ကြီးမှပေးပို့သည့် ရုံးစာစနစ်မှာလည်း ပုံစံတစ်ခု ပြောင်းလဲသွားနိုင်သည်။ စာပို့လုပ်ငန်းသည် မြန်မာနိုင်ငံတွင်သာမကဘဲ နိုင်ငံတကာတွင်လည်း အစိုးရက အရှုံးခံ၍လုပ်ပေးနေရသော လုပ်ငန်းတစ်ခုဖြစ်ပြီး အသုံးပြုသူနည်းလာသော်လည်း လုံးဝရပ်တန့်၍ရသည့် လုပ်ငန်းတစ်ခုမဟုတ်သောကြောင့် ကြိုတင်ပြင်ဆင်မှုများပြုလုပ်ထားရန်လိုသည်။

နိုင်လင်းအောင် 

No comments:

Post a Comment