နေ့စဉ်
လူနေမှုဘဝ ပတ်ဝန်းကျင်ကို ကြည့်လိုက်တိုင်း နည်းပညာကို မသုံးစားသူ မရှိသလောက်ဖြစ်သည်။
ဆဲလ်ဖုန်းတွေ သုံးနေကြသည်။ ကွန်ပျူတာ၊ တက်ဘလက်တွေနှင့် အလုပ်ရှုပ်နေကြသည်။ ကားမောင်းရင်းလည်း
သုံးသည်။ လမ်းလျှောက်ရင်းလည်း သုံးသည်။ လူတို့၏ နေ့စဉ် လူနေမှုဘဝတွင် နည်းပညာက မသုံးရမနေနိုင်၊
မရှိမဖြစ်အသွင် ဆောင်လာသည်။ နည်းပညာကို သုံးစားရုံမက နည်းပညာဖြင့် မထိတွေ့ရလျှင် မနေနိုင်မထိုင်နိုင်
ဖြစ်သည်အထိ စွဲသူတွေပင် ရှိလာသည်။ နည်းပညာကို ဝန်းရံထားခြင်းဖြင့် ဘဝကို တည်ဆောက်လာကြသည့်
ခေတ်သစ်လူနေမှု ဟူ၍ပင် ဆိုရမည်ဖြစ်သည်။
နည်းပညာသည်
လူသားကို အထောက်အကူ ပြုသည်။ ပျော်စရာကောင်းစေရန် ဖန်တီးပေးသည်။ စိတ်ကြည်နူးချမ်းသာစေရန်
ဖျော်ဖြေမှု ပေးနိုင်သည်။ လုပ်ငန်းပရောဂျက် များကို အမြန်ဆုံး ပြီးစီးနိုင်စေရန်၊ နေ့စဉ်လူတို့ဘဝ
လုပ်ငန်းဆောင်တာများကို ပိုပြီး ထိရောက်စေရန် နည်းပညာကို မဖြစ်မနေ အကူအညီ ယူကြရသည်။
သို့သော် နည်းပညာ၏အထောက်အကူ ယူခြင်းကြောင့် လူနေမှုဘဝအတွက် အပျက်သဘောဆောင်သော ထိခိုက်မှုများလည်း
ဖြစ်စေနိုင်သည်။ နည်းပညာကို မည်မျှသော အတိုင်းအတာအထိသာ သုံးသင့်ကြောင်း ပြန်လည်ဆန်းစစ်ရမည့်
အချိန်ရောက် လာပြီထင်သည်။
လွန်ကျူးခြင်း
ဆိုသည်မှာ မည်သည့်နေရာတွင် မဆို အကောင်းထက် အဆိုးကိုသာ ဖြစ်စေနိုင်ကြောင်း သဘောပေါက်မည်
ထင်ပါသည်။ နည်းပညာကြောင့် ဖြစ်ပေါ်လာစေသည့် အဆိုးတရား တစ်ခုတွင် ထင်ရှားသည်မှာ ခေတ်သစ်လူတို့၏
စိတ်မရှည်တတ်ခြင်း ဖြစ်သည်။ ထို့ပြင် လူသားတို့ တစ်ဦးနှင့်တစ်ဦး ပေါင်းသင်း ဆက်ဆံမှုနှင့်
ဂါရဝတရား နည်းပါလာခြင်းကိုပါ ထင်ရှား သည့် လက္ခဏာတစ်ရပ် အနေဖြင့် တွေ့မြင်လာရသည်။
တစ်ဦးနှင့်တစ်ဦး
မျက်နှာချင်းဆိုင် တွေ့ဆုံပြောခြင်းထက် လင်မယားချင်း၊ သားသမီးများကိုပင် ဖုန်းဖြင့်
ခေါ်ပြောမှုများသည် သူစိမ်းအသွင် ဆောင်လာခြင်းကို ဖြစ်စေသည်။ နောက်ပိုင်းတွင် စကားပြောဆိုရ
မည်ကိုပင် စိတ်မပါသဖြင့် စာ (Message) များပို့ကာ "ထမင်းစားပြီးပြီလား"၊
"နေကောင်းလား" လုပ်လာကြသည်။ လေကို ချွေတာလေ၊ အနေကွာလေ ဖြစ်သည်ကို သတိ မမူကြခြင်းဖြစ်သည်။
နေ့စဉ်လူနေမှုဘဝ တွင်လည်း လူတို့၏
နေထိုင်မှု စရိုက်များ ပြောင်းလဲလာသည်။ စာဖတ်ခြင်း ဓလေ့ထက်၊ တီဗီကြည့်ခြင်းကို
ပိုပြီးအချိန်ပေးလာသည်။ သူငယ်ချင်း အချင်းချင်း ကော်ဖီဆိုင်ထိုင်ပြီး
ရင်းနှီးခင်မင်စွာ စကားပြောခြင်းထက် အွန်လိုင်းပေါ်တက်ပြီး ချက်တင်လုပ်ကြသည်။
ဂျီမေးလ်ဖြင့် ဆက်သွယ် ပြောဆိုကြသည်။ Facebook နှင့် Twitter စသည့်
လူမှုကွန်ရက်ဖြင့် ဖြတ်လမ်းဆက်သွယ်မှု များကို သုံးပြီး ပျော်မွေ့ကြသည်။ ထို့ကြောင့်
နေ့စဉ် လူမှုလောကတွင် လူတို့သည် စိတ်မရှည်ခြင်း၊ စိတ်တိုခြင်း၊ သည်းခံစိတ်နည်းပါးခြင်း
တို့မှာ နည်းပညာကို အခြေခံပြီး ပေါ်ပေါက်လာသော ဘေးထွက်ဆိုးကျိုးများ ဖြစ်သည်။
တစ်ဦးနှင့်တစ်ဦး
ထိစပ်တွေ့ဆုံစရာ မလိုခြင်းသည် အထီးကျန်ခြင်းကို ဖြစ်စေသည်။ အဓိက ဆဲလ်ဖုန်း နှင့်
Facebook သည် လူနှင့်လူချင်း လူစိတ်ကင်းစေရန် ဖန်တီးသည့် အကြောက်တရားကို ဖြစ်စေသော
တရားခံ များဖြစ်သည်။ အထူးသဖြင့် မျိုးဆက်သစ်တို့ လူတော မတိုးရဲကြခြင်းမှာ
လူချင်းတွေ့ဆုံစရာ မလိုသော၊ တွေ့ဆုံ ခွင့်မပေးသော နည်းပညာကြောင့်သာ ဖြစ်သည်။
နည်းပညာသည်
လူသားချင်း ဆက်သွယ်မှု ကောင်းစေရန် တီထွင်ဖန်တီးထားခြင်းဖြစ်သည်။ မိုင်
ထောင်သောင်းဝေးကွာ နေသော်လည်း ဆက်သွယ် ပြောဆိုနိုင်ခြင်းသည် နည်းပညာ၏
အောင်မြင်မှုဟုလည်း ဆိုနိုင်ပါလိမ့်မည်။ ချစ်သောသူများနှင့် ရုပ်လေး
မတွေ့ရလျှင်တောင်မှ အသံလေးကြားပြီး ဖြေသိမ့်ခွင့် ရနိုင်သည်။ ခေတ်သစ်တွင်
အမေရိကန်ရောက် ဆွေမျိုးများကို အသံသာမက၊ ရုပ်ကိုပါ တွေ့မြင်ပြီး ရုပ်သံကြားပြောဆို
ခွင့်ရသည်။ သို့သော် လူတို့ တစ်ဦးနှင့်တစ်ဦး စိတ်ကို မရကြ။ တစ်ဦးစိတ်ကို
တစ်ဦးပိုင်ဆိုင်ခွင့်၊ သိမ်းပိုက်ခွင့်၊ နွေးထွေးစွာ ထွေးပိုက်ခွင့်များ မရကြပေ။
ယနေ့ခေတ်သည်
မိုးလင်းသည်နှင့် အီးမေးလ် စစ်မည်။ စာတို စာရှည်တွေ ရှာမည်။ အွန်လိုင်းကို
ရှော့ပင်ထွက်မည်။ Facebook ကို အငမ်းမရစွာဖြင့် စားသုံးမည်။ ကိုယ့် Status ကို
Update ဖြစ်အောင် လုပ်မည်။ YouTube ကတစ်ဆင့် ဗီဒီယိုဖိုင်တွေ ရှာကြည့်မည်။
သိချင်တာတွေ အင်တာနက်မှ မွှေနှောက်မည်။ တစ်နေ့လုံး မည်သူ့ကိုမျှ စကားတစ်လုံးပြောစရာ
မလိုဘဲ အခန်းကျဉ်းလေးထဲတွင် အချိန်ကုန်သွား နိုင်သည်။ အဖေ၊ အမေကို
ထွက်တွေ့စရာမလို။ သူငယ်ချင်း များနှင့် ကစားစရာမလို။
စတန်းဖို့ဒ်တက္ကသိုလ်၏
စစ်တမ်းတစ်ခုတွင် အင်တာနက် အသုံးများလေ သူငယ်ချင်းများနှင့် တွေ့ဆုံ
ချိန်နည်းလေဖြစ်ပြီး၊ နောက်ဆုံး လူ့ဘောင်လောကနှင့် ကင်းကွာလေဖြစ်သည်ဟု ဆိုသည်။
သို့သော် အင်တာနက် သုံးသူတွေကလည်း တစ်နေ့တခြား တိုးပွားပြီးရင်း တိုးပွားနေသည်။
ရုံးမှ အိမ်ပြန်လာသော ဖခင်ကလည်း ရုံးအလုပ်တွေကို အိမ်ရောက်သည်အထိ မရပ်မနား
လုပ်နေသည်။ ကွန်ပျူတာနှင့်မျက်နှာ မခွာနိုင်သော လင်ယောက်ျားကို ဇနီးသည်က
ထမင်းစားမခေါ်ဝံ့။ သား သမီးတွေကလည်း ချွဲနွဲ့ခွင့်မရ။ နောက်ဆုံး မိသားစု၏ သာယာသောဘဝလေး
ပျောက်ဆုံးသွားသည်။
မိခင်ဖခင်တို့နှင့်
အိမ်ထောင်ရေးလစ်ဟာချက် များကို သားသမီးတွေက အတုမြင် အတတ်သင်ကြသည်။ မည်သို့
နေနေရသည်ဆိုသည့် လူ့အဖွဲ့အစည်းအတွင်း လူဖြစ်လာကြရသော လူငယ်တို့ကလည်း နောင်
အနာဂတ်တွင် အထီးကျန် တိတ်ဆိတ်သော လူ့ဘောင် တစ်ခုကို မိဘတွေပုံစံအတိုင်း
တည်ဆောက်ကြလိမ့်မည်။ သို့ဖြစ်ရာ အနာဂတ် အိမ်ထောင်သည်ဘဝသည် တွေးဆစရာများ
ဖြစ်လာလိမ့်မည်။
လူတစ်ယောက်တွင်
လူမှုရေးနှင့် ခံစားချက်များကို မျှဝေပိုင်ခွင့်မရှိလျှင် သို့မဟုတ် မျှဝေခံစားမှု
များကို လုပ်ချင်စိတ်မရှိလျှင် အထီးကျန်ခြင်းဝေဒနာကို ခံစားလာရမည်သာ ဖြစ်သည်။
ထိုဝေဒနာသည် စိတ်ဓာတ်ကျခြင်း (Depression) ၏ အခြေခံဖြစ်သည်။ ယနေ့ခေတ် လူနေမှုဘဝတွင်
စိတ်ကျဝေဒနာသည်များ တိုးပွားလာခြင်းသည် အထီးတည်း နေထိုင်၍ ရလာခြင်း၊
အထီးတည်းနေထိုင် ရလာစေရန် နည်းပညာများက ပံ့ပိုး ကူညီနေခြင်းများကြောင့်သာ ဖြစ်သည်။
နည်းပညာ ဖွံ့ဖြိုးတိုးတက်လာခြင်းကြောင့် ရုပ်ဝတ္ထုပိုင်းတွင် ပြောစရာ မလိုသော်လည်း
စိတ်ဓာတ်ရေးရာများ ချွတ်ခြုံကျလာခြင်းမှာ ဆင်ခြင်စဉ်းစားစရာ ဖြစ်သည်။
နည်းပညာကြောင့်
ကျန်းမာရေးကောင်းစေရန် မည်မျှ စွမ်းဆောင်နိုင်သည်ဆိုစေ၊ နည်းပညာကြောင့်
ချွတ်ယွင်းလာသော မကျန်းမာမှုများကလည်း အတိုင်း အဆမရှိဖြစ်လာကြောင်းကို
သတိပြုသင့်သည်။ ဆဲလ် ဖုန်းသုံးခြင်းကြောင့် ဦးနှောက်ကင်ဆာ ဖြစ်ပွားနိုင်သည်
ဆိုသော သတင်းများကို ကြားနေရသော်လည်း အကောင်အထည်ပြနိုင်မှု နည်းသဖြင့်
သုံးစွဲသူများ ပိုပြီး တိုးတက်နေသည်။
လူတိုင်း အီထရွန်နစ်
သံလိုက်စက်ကွင်းများနှင့် ရေဒီယိုဓာတ်ရောင်ခြည် များကို တစ်နည်းမဟုတ် တစ်နည်း
ခံစားရနိုင်သည်။ ထိုဓာတ်သတ္တိများ ထုတ်နိုင်သည့် ပစ္စည်းတွေကိုလည်း နေရာအနှံ့
သုံးစွဲနေကြသည်။ နည်းပညာအရ ဖန်တီးထားသည့် ပစ္စည်းတစ်ခုခုကို လုပ်ငန်းခွင်၊ အိမ်၊
ကျောင်းပတ်ဝန်းကျင် အနှံ့ သုံးစွဲနေကြသည်။ ဥပမာ Wi-Fi ဆက်သွယ်ရေးလှိုင်းများ၊ လျှပ်စစ်ပါဝါ
လိုင်းကြိုးများ၊ ဆဲလ်ဖုန်းတို့က ထုတ်လွှတ်သည့် ဖရီကွင်စီ လှိုင်းများ၊
ဂြိုဟ်တုတီဗီများက ထုတ်လွှတ်သည့် လှိုင်းများ၊ ပေါင်မုန့်ကင်စက်၊ အဝတ်လျှော်စက်၊
ဆံပင်အခြောက်ခံစက်၊ မိုက်ခရိုဝေ့ဗ် မီးဖိုစသည့် ပစ္စည်းများကြားတွင် လူသားတွေက
လှုပ်ရှားကျင်လည်နေ ကြရသည်။ သို့ဖြစ်ရာ ပတ်ဝန်းကျင်ရှိ အန္တရာယ်ဖရီကွင်စီ
လှိုင်းများကြားတွင် လူသားသည် ခံနိုင်ရည်ရှိသလောက် သာ ရှင်သန်ခွင့်ရကြသည်။
နည်းပညာဖရီကွင်စီ
များက လူသား၏ရုပ်ပိုင်းဆိုင်ရာ ကျန်းမာမှုများကို အမှည့်ခြွေသလို ခြွေနေသည်။
သို့သော် နှလုံးရောဂါ၊ ကင်ဆာစသည့် အကောင်အထည် ပြနိုင်သော အမည်သတ်မှတ်လိုက်သည့်
ရောဂါများဖြင့် လူတွေနေ့စဉ် သေနေကြရ သည်ကိုသာ သတိမူကြပြီး အဘယ်ကြောင့်
ထိုဝေဒနာများ ဖြစ်ရသည် ဆိုခြင်းကိုမူ သတိမမူမိကြပေ။
EMF
(Electromagnetic Frenquencies) များသည် သက်ရှိတို့၏ ခန္ဓာကိုယ်မှ ဆဲလ်များကို
ဖျက်ဆီး တတ်ပါသည်။ EMF ဖရီကွင်စီကို အလွန်နိမ့်သောနှုန်း 16Hz ခန့်
ကြက်သားပေါက်များအနီးတွင် ထုတ်လွှင့်ကြည့်ရာ ထိုကြက်ကလေးများ ဦးနှောက်အတွင်း
ကယ်လ်စီယမ် အိုင်ယွန်ဓာတ်များ ကျေပျက်သွားကြောင်း တွေ့ရသည်။ ထိုဓာတ်သည်
သက်ရှိတို့၏ ဦးနှောက်အတွင်းရှိ အမြှေးပါးများ တစ်ခုနှင့်တစ်ခု တွယ်ကပ်နေစေရန်
အားပေးသည့်ဓာတ်များ ဖြစ်သည်။ သို့ဖြစ်ရာ လူသားတို့ ဦးနှောက်ပိုင်းဆိုင်ရာ
ရောဂါများ အဘယ်ကြောင့် ခံစားနေရကြောင်းကိုလည်း ဆန်းစစ်ရန် လိုလာပါသည်။
အခြားလေ့လာမှု
တစ်ခုတွင် ကိုယ်ဝန်ဆောင်စဉ် ဆဲလ်ဖုန်းကို အသုံးပြုသောမိခင်က မွေးဖွားလာသည့်
ကလေးတစ်ဦးနှင့် အသက် ၇ နှစ်သား အရွယ်ခန့်တွင် ဆဲလ်ဖုန်းကို ပေးသုံးသည့်
ကလေးတစ်ယောက် တို့တွင် ဖြစ်ပွားသော စိတ်ခံစားမှုဆိုင်ရာ တုံ့ပြန်ချက်နှင့်
ဦးနှောက်ပိုင်းဆိုင်ရာ ရောဂါလက္ခဏာ များသည် ၈၀ ရာခိုင်နှုန်းခန့် တူညီနေကြောင်း
တွေ့ရသည်။
အခြားသတိမူသင့်သည့်
ရောဂါဝေဒနာ တစ်ခုမှာ လွန်ခဲ့သည့် နှစ်ပေါင်းနှစ်ဆယ် ခန့်လောက်ကတည်းက စတင်ပြီး
အဝလွန်သူများ တိုးပွားလာခြင်း ဖြစ်သည်။ နည်းပညာကို အလွန်အကျွံ စားသုံးလာခြင်းနှင့်
အဝလွန်ခြင်းတို့ ဖြစ်ပွားလာသည့် ခုနှစ်များ ထပ်တူကျနေခြင်းကို တိုက်ဆိုင်မှုဟု
မဆိုနိုင်ပေ။ ၂၀၁၁ ခုနှစ်ထုတ် အမေရိကန် သိပ္ပံမဂ္ဂဇင်းတွင် ၁၉၇၀ ပြည့်နှစ်လောက် ကတည်းက
အဝလွန်သူများ တိုးပွားလာခြင်းကို အင်တာနက်နှင့် နည်းပညာ သုံးစွဲမှုများနှင့်
ဂရပ်မျဉ်းဆွဲကာ နှိုင်းယှဉ် ပြသထားမှုမှာ စိတ်ဝင်စားစရာဖြစ်သည်။ ပညာရှင်တို့
လေ့လာတွေ့ရှိချက်တွင် အထိုင်များခြင်း၊ လေ့ကျင့်ခန်း နည်းခြင်း၊
အသွားအလာနည်းခြင်း၊ လှုပ်ရှားမှုနည်းခြင်း၊ အစားအသောက် အနေအထိုင်ပုံစံများ
ပြောင်းလဲလာခြင်း တို့က အဝလွန်ခြင်းကို ဖြစ်စေသည်။ အဝလွန်ခြင်း၏ နောက်ကွယ်တွင်
ခံစားရမည့် ဝေဒနာတွေက များလှသည်။ ယနေ့ခေတ် လူသားအားလုံး ထိုနောက်ဆက်တွဲဝေဒနာ
များကို တစ်နည်းမဟုတ် တစ်နည်း ခံစားနေကြရသူများ ဖြစ်သည်။
နာမည်ကျော်
အမေရိကန်စာရေးဆရာ၊ ကဗျာ ဆရာ၊ ဒဿနဆရာ၊ သဘာဝဗေဒပညာရှင် ဒေးဗစ် သောရိုး၏
အယူအဆတစ်ခုကို ဖော်ပြလိုပါသည်။ သောရိုးက -
"လူသားတွင် ဇိမ်ခံခြင်းနှင့် သက်သောင့် သက်သာဖြစ်စေရန် ကြံဆောင်ခြင်းတို့သည် မရှိမဖြစ် လိုအပ်ချက်မဟုတ်ပေ။ ယင်းအချက်များသည် လူသား သဘာဝကို ဖျက်လိုဖျက်ဆီး လုပ်မည့် အနှောင့်အယှက် အတားအဆီးများသာ ဖြစ်သည်" ဟု ဆိုခဲ့ပါသည်။
"လူသားတွင် ဇိမ်ခံခြင်းနှင့် သက်သောင့် သက်သာဖြစ်စေရန် ကြံဆောင်ခြင်းတို့သည် မရှိမဖြစ် လိုအပ်ချက်မဟုတ်ပေ။ ယင်းအချက်များသည် လူသား သဘာဝကို ဖျက်လိုဖျက်ဆီး လုပ်မည့် အနှောင့်အယှက် အတားအဆီးများသာ ဖြစ်သည်" ဟု ဆိုခဲ့ပါသည်။
သောရိုးသည်
လူ့သဘာဝ၊ လူ့ပတ်ဝန်းကျင်၏ တီထွင်ဆန်းသစ်ချက်များကို မနှစ်သက်။ ထို့ကြောင့်
တောထဲတွင် တစ်ဦးတည်း သွားနေပြီး သဘာဝတွင် လူသားသည် မည်သည့်ဆန်းသစ်တီထွင်မှုမျှ
မပါဘဲ ရိုးသားစွာ နေထိုင်နိုင်ကြောင်းကို လက်တွေ့ပြသနိုင် ခဲ့သူဖြစ်သည်။
နည်းပညာသည် ဆန့်ကျင်ရန်မဟုတ်ပါ။
နည်းပညာသည် မြတ်နိုးစရာ ကောင်းသော်လည်း အလွန်အကျွံ မှီခိုသုံးစားခြင်းကိုမူ
ရှောင်ရှားသင့်ပါသည်။ နည်းပညာသည် မာယာများလှသည်။ ဆွဲဆောင်အား ကလည်း ကောင်းလှသည်။
နည်းပညာနှင့် လွတ်ကင်းစွာ မည်မျှ နေထိုင်နိုင်သည် ဆိုခြင်းမှာ အနာဂတ်အတွက်
အသက်ရှည်ရာ၊ အနာမဲ့ကြောင်း၊ ဆေးဝါးကောင်းတစ်ခု ဖြစ်လာနိုင်မည် ထင်ပါသည်။
Written by တင်ညွန့်
No comments:
Post a Comment