အစိုးရ၏ e Government စီမံကိန်းသည် မကြာခင်ကာလတွင်
စတင်အကောင်အထည်ဖော် ဆောင်ရွက်တော့မည် ဖြစ်ပြီး အဆိုပါ e Government စီမံကိန်း၌ အိုင်စီတီ
စီးပွားရေးလုပ်ငန်းငယ်များ ပါဝင် လုပ်ကိုင်နိုင်ရန် ယခုအချိန်မှစတင်၍ ကြိုတင်ပြင်ဆင်မှုများ
ပြုလုပ်ထား သင့်ကြောင်း မြန်မာနိုင်ငံ ကွန်ပျူတာအသင်းအချုပ် အထွေထွေအတွင်းရေးမှူး ဦးဇော်မင်းဦးက ပြောသည်။
နိုင်ငံတော်သမ္မတဦးသိန်းစိန်က
အစိုးရဌာနများကို လပေါင်း ၂၀ စီမံကိန်းရေးဆွဲ၍ e Government လုပ်ငန်းစဉ်များ လုပ်ကိုင်ကြရန်
မကြာသေးခင်က တိုက်တွန်း ပြောဆိုခဲ့သည်။ အဆိုပါ e Government စီမံကိန်းအတွက် ဘတ်ဂျက်ရေးဆွဲနေပြီး
သြဂုတ်လအတွင်း ဌာနဆိုင်ရာများ အလိုက် စီမံကိန်းအတွက် အသုံးပြုမည့် ဘတ်ဂျက် ထွက်ရှိလာနိုင်ကြောင်း
သိရသည်။ ဌာနဆိုင်ရာများအတွက် e Government သတ်မှတ်အသုံးစရိတ် ထွက်ရှိလာသည့်နောက်ပိုင်း
လုပ်ငန်းစတင်ရန်အတွက် သတင်းစာများမှ တစ်ဆင့် တင်ဒါခေါ်ယူမှုများ ပြုလုပ်မည်ဟုသိရသည်။
“အခုချိန်ကတည်းက
ပြင်ဆင်ထားဖို့ လိုပါတယ်။ ကိုယ်က တစ်ဦးတစ်ယောက် တည်းနဲ့ လုပ်နိုင်သလား။ မလုပ်နိုင်ခဲ့ရင်
ဘယ်သူနဲ့ပေါင်းမယ် ဆိုတာမျိုး။ ကိုယ်ကဘာလုပ်မယ်ဆိုတာမျိုး၊ လုပ်ငန်းငယ်တွေက ကြိုတင်ပြီး
စဉ်းစားထား သင့်ပါတယ်” ဟု ဦးဇော်မင်းဦးကပြောသည်။
အဆိုပါ e Government စီမံကိန်းကို
အကောင်အထည်ဖော် ဆောင်ရွက် ရန်အတွက် မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်ကို နိုင်ငံတော်သမ္မတက
တာဝန်ပေးအပ်ခဲ့ပြီးဖြစ်သည်။ မြန်မာနိုင်ငံကွန်ပျူတာ အသင်းချုပ်သည် e Government စီမံကိန်းအတွက်
လိုအပ်သော အခြေခံမူများကို ရေးဆွဲပေးရ မည်ဖြစ်ပြီး အဆိုပါမူများအတိုင်း ဌာနဆိုင်ရာများက
လိုက်နာဆောင် ရွက်ရမည်ဖြစ်သည်။ ၁၀ စုနှစ် တစ်ခုကျော်ကာလ အထိ လုပ်ကိုင်ဆောင် ရွက်လာခဲ့သော်လည်း
ယနေ့အချိန်အထိ အောင်မြင်ခဲ့ခြင်း မရှိသေးသည့် e Government စီမံကိန်းအတွက် ယခုအကြိမ်၌
အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်သွားမည်ဟု သိရပြီး အဆိုပါစီမံကိန်းအတွက် ငွေကြေးသုံးစွဲမှု
အခန်းကဏ္ဍကိုလည်း သီခြားသတ်မှတ်ပေးသွားမည်ဟု သိရသည်။
No comments:
Post a Comment