Sunday, August 31, 2014

အင်တာနက် ခေတ်ပြောင်းတော်လှန်ရေး . . .


မြန်မာနိုင်ငံတွင် အင်တာနက်အသုံးပြုခွင့် ရခဲ့ခြင်းမှာ ဆယ်စုနှစ်တစ်ခုကျော် ကြာမြင့်လာသည့်တိုင် သုံးစွဲသူများအနေဖြင့် ဈေးနှုန်းကြီးမြင့်မှု၊ အင်တာနက်လိုင်း နှေးကွေးမှုများနှင့် ရင်ဆိုင်နေရဆဲဖြစ်သည်။ မိုဘိုင်းဖုန်းဆက်သွယ်ရေး ဝန်ဆောင်မှုတွင် ပြည်ပဆက်သွယ်ရေး အော်ပရေတာနှစ်ခုနှင့်အတူ အော်ပရေ တာလေးခုက အပြိုင်အဆိုင် ဝန်ဆောင်မှုပေးခြင်းဖြင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း တစ်ခုတည်း၏ လက်ဝါးကြီးအုပ် ချုပ်ကိုင်မှုများ အဆုံးသတ်ခဲ့ပြီဖြစ်သည်။

ထို့အတူ အင်တာနက် ဝန်ဆောင်မှုတွင်လည်း ခေတ်ပြောင်းတော်လှန်ရေးတစ်ရပ် ပေါ်ပေါက်သင့်ပြီဟု သုံးသပ်မှုများ ရှိလာခဲ့ပါသည်။ ယနေ့ခေတ်တွင် နယ်ပယ်အသီးသီး၊ လုပ်ငန်းအသီးသီးမှာ အင်တာနက်နှင့် ကင်းကွာ၍ မရတော့ဘဲ အင်တာနက်ဆိုသည်မှာ လိုအပ်မှုတစ်ခု ဖြစ်လာခဲ့ပါသည်။ Loading စက်ဝိုင်းဖြင့် သာ နှစ်ပါးသွားနေရသော သုံးစွဲသူများမှာလည်း အပြောင်းအလဲတစ်ရပ်ကို စောင့်ဆိုင်းနေခဲ့သည်မှာ နှစ်ပေါင်းများစွာ ရှိလာခဲ့ပြီဖြစ်သည်။

ပြည်တွင်း၌ ၁၉၉၉ ခုနှစ်၊ အောက်တိုဘာ ၁၃ ရက်မှစတင်၍ အင်တာနက်လိုင်းပေါင်း ၅၇ လိုင်းအား စတင် ချိတ်ဆက်ခဲ့သည်။ ၂ဝဝဝ ပြည့်နှစ်တွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အီးမေးလ်၊ အင်တာနက်စနစ်ကို အသုံးပြုနိုင်ရန် ဖွင့်လှစ်ပေးခဲ့ပြီး အင်တာနက်စနစ်ကို ပုဂ္ဂလိကကုမ္ပဏီ ၁၁ ခုနှင့် အစိုးရဌာနအချို့တွင် တပ်ဆင်အသုံးပြုခွင့် ရရှိခဲ့ကြသည်။

အင်တာနက်ကို အများပြည်သူတို့ အသုံးပြုနိုင်သည့် ဆိုက်ဘာကဖီးများကို ၂ဝဝ၂၊ ဇန်နဝါရီမှစတင်၍ ဖွင့်လှစ်ခဲ့ကြသည်။ ထိုအချိန်က ရန်ကုန်မြို့တွင် ဆိုက်ဘာကဖီး ၁၇ ခုနှင့် မန္တလေးမြို့တွင် ဆိုက်ဘာကဖီး သုံးခုသာ ရှိခဲ့ကြောင်း သိရသည်။

အင်တာနက် တပ်ဆင်ခနှုန်းထားများမှာ ကျပ်သိန်း ၂ဝ ကျော်မှ ကျပ်သိန်း ၅ဝ အထိ ရှိခဲ့သောကြောင့် လူအများစု တပ်ဆင်နိုင်ခြင်း မရှိခဲ့ပါ။ အင်တာနက်ကဖေးများတွင် အင်တာနက်အသုံးပြုခမှာ တစ်နာရီလျှင် ကျပ် ၁၅ဝဝ၊ ကျပ် ၁ဝဝဝ စသဖြင့် ဈေးနှုန်းကြီးမြင့်သောကြောင့် အင်တာနက်ကဖေးများတွင် အင်တာနက် သွားရောက်သုံးစွဲရန် မိမိတို့၏ဝင်ငွေနှင့် ချင့်ချိန်ခဲ့ရသည်။

၂ဝဝ၃ ခုနှစ် နောက်ပိုင်းအချိန်တွင် ပြည်တွင်းအင်တာနက် သုံးစွဲခွင့်အား အများပြည်သူသို့ ပြန်လည် အသုံးပြုခွင့် ပေးရေးအတွက် Internet Service Provider (ISP) ကို အစိုးရပိုင် Bagan Cybertech (နောင်တွင် မြန်မာတယ်လီပို့၊ ရတနာပုံတယ်လီပို့) နှင့် MPT တို့သာ ရရှိခဲ့ကြသည်။ အဆိုပါ ISP နှစ်ခုမှ IP Star အင်တာနက်ဖုန်း၊ Broadband အင်တာနက်လိုင်းနှင့် ADSL အင်တာနက်လိုင်းများကို ဝန်ဆောင်မှု ပေးခဲ့ကြကြောင်း သိရသည်။

၂ဝဝ၈ ခုနှစ်တွင် WiMax အင်တာနက်စနစ်အား ပုဂ္ဂလိက ကုမ္ပဏီဖြစ်သည့် Red Link မှ စတင် မိတ်ဆက်ခဲ့ပြီး ထိုကုမ္ပဏီသည် အများပြည်သူအား အင်တာနက်သုံးစွဲခွင့်ပေးသည့် ပထမဆုံးသော ပုဂ္ဂလိက ISP ဖြစ်လာခဲ့ကြောင်း သိရသည်။

“လက်ရှိမှာ ဝန်ဆောင်မှုပေးနေတဲ့ မြို့တွေက ရန်ကုန်၊ မန္တလေးနဲ့ပုဂံ သုံးခုပေါ့။ နောက်ထပ်နေရာဒေသ အသစ်တွေကို ထပ်ပေးသွားနိုင်ဖို့လည်း စီစဉ်နေပါတယ်။ ကျွန်တော်တို့အနေနဲ့ အင်တာနက်လိုင်းတွေကို မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းကနေလည်း ဝယ်တယ်။ ရတနာပုံ တယ်လီပို့ကနေလည်း ဝယ်ပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံမှာက အင်တာနက်လိုင်းနဲ့ ပတ်သက်ရင် MPT တစ်ခုတည်းပဲ ရှိတာဆိုတော့ သူတို့ဆီက ပဲ ပြန်ဝယ်ရတာပေါ့။ ကျွန်တော်တို့ဝယ်ထားတဲ့ ပမာဏက 1.2 Gb ရှိပါတယ်။ ဒါက ကျွန်တော်တို့ ဆက်သွယ်ရေးဆီကနေ ပြန်ဝယ်ထားတာပါ” ဟု Red Link အင်တာနက်ဝန်ဆောင်မှု ကုမ္ပဏီမှ အထွေထွေမန်နေဂျာ ဦးမျိုးမြင့်ညွန့်က ပြောပြသည်။

၂ဝဝ၉ ခုနှစ်နှင့် ၂ဝ၁ဝ ပြည့်နှစ်များတွင်မူ FTTx အင်တာနက် ဝန်ဆောင်မှုများအတွက် လုပ်ကိုင်ရန် ကြိုးပမ်းလာသူ ပုဂ္ဂလိကကုမ္ပဏီများ ပေါ်ထွက်လာခဲ့ပြီး ၂ဝ၁ဝ ပြည့်နှစ်တွင် Network Provider နှင့် LSP (Local Service Provider) အဖြစ် လုပ်ကိုင်ခွင့်ရသော ပုဂ္ဂလိကကုမ္ပဏီများ ပေါ်ထွက်လာခဲ့သည်။ သို့သော် ယင်းကုမ္ပဏီများလည်း ထူးခြားဆန်းသစ်သော အင်တာနက်ဝန်ဆောင်မှုများကို ပေးနိုင်ခြင်းမရှိဘဲ မြန်မာ့ဆက်သွယ်ရေးနှင့် ရတနာပုံတယ်လီပို့တို့၏ ထိန်းချုပ်မှုအောက်တွင်သာ လက်တွဲလုပ်ကိုင်ရခြင်း သဘောမျိုးရှိခဲ့ကြောင်း သိရသည်။

၂ဝ၁ဝ ပြည့်နှစ်နှောင်းပိုင်းနှင့် ၂ဝ၁၁ ခုနှစ် နှစ်ဆန်းပိုင်းအချိန်တွင် GSM နှင့် CDMA ဖုန်းများတွင် အင်တာနက်သုံးစွဲခွင့်ပေးခဲ့ပြီး Mc Will ဖုန်းနှင့် SkyNet အင်တာနက် ဝန်ဆောင်မှုများလည်း ထပ်မံပေါ်ထွက်ခဲ့ပြန်သည်။

လက်ရှိအနေအထားအရ လူအများစုအတွက် အင်တာနက်ဝန်ဆောင်မှုမှာ မိုဘိုင်းဖုန်းပေါ်တွင်သာ အခြေခံကာ ထပ်မံမြင့်တက်ဖွယ်ရှိနေသော အလားအလာများကို မြင်တွေ့နေရသည်။ အူရီဒူးနှင့် တယ်လီနောတို့မှ ရောင်းချပေးသော ဖုန်းဆင်းမ်ကတ်များတွင် အင်တာနက်တစ်ပါတည်း ပါဝင်လာကြောင်း သိရသည်။ သို့သော် မိုဘိုင်းဖုန်း အင်တာနက်မှာ သိသာစွာ ကောင်းမွန်လာရန် ခက်ခဲနိုင်ပြီး အားကိုးအားထား ပြုနိုင်လောက်သည့် မြန်နှုန်းမျိုး မရရှိနိုင်သေးဟု ကျွမ်းကျင်သူများက သုံးသပ်ကြသည်။ ယင်းမှာ Gateway နှင့် ဖိုင်ဘာဆက်ကြောင်းတို့ အကန့်အသတ် ရှိနေခြင်းကြောင့်ဟု ဆိုသည်။

၂ဝ၁၃ ဇွန်လမှစတင်၍ E1 ဖိုင်ဘာအင်တာနက်လိုင်း၏ ကောက်ခံမှုနှုန်းထားများကို လျှော့ချသတ်မှတ် လိုက်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက သတင်းထုတ်ပြန်ခဲ့သည်။

E1/Fiber လိုင်းကောက်ခံမှုမှာ အစိုးရဌာနများ၊ ပုဂ္ဂလိကများနှင့် ပြည်တွင်းကုမ္ပဏီများအတွက် မြန်မာကျပ်ငွေဖြင့် သတ်မှတ်ပြီး Service Plan ပေါ်မူတည်၍ ကနဦးတပ်ဆင်ခမှာ ကျပ်နှစ်သိန်းမှ ကျပ် ၁ဝ သိန်းထိရှိကြောင်း၊ လစဉ်ကြေးမှာ ကျပ်တစ်သိန်းမှ ကျပ်သိန်း ၇ဝ ထိရှိကြောင်း၊ နှစ်စဉ်ကြေးမှာ ကျပ် ၆ဝဝဝဝ ဖြစ်ကြောင်း သိရသည်။

နိုင်ငံခြားကုမ္ပဏီ၊ အဖွဲ့အစည်းများနှင့် သံရုံးများအတွက် နှုန်းထားကို အမေရိကန်ဒေါ်လာဖြင့် သတ်မှတ်ပြီး ကနဦးတပ်ဆင်ခမှာ ဒေါ်လာ ၂၅ဝ မှ ဒေါ်လာ ၁၁ဝဝ ထိရှိကြောင်း၊ လစဉ်ကြေးမှာ ၁၂၅ ဒေါ်လာမှ ဒေါ်လာ ၇၈ဝဝ ထိရှိကြောင်း၊ နှစ်စဉ်ကြေးမှာ ၇၂ ဒေါ်လာဖြစ်ကြောင်း သိရသည်။

ယင်း E1 လိုင်းမှာ ကုမ္ပဏီနှင့် အဖွဲ့အစည်းများအတွက် မြန်နှုန်းမြင့် အင်တာနက်လိုင်းဖြစ်ပြီး ဈေးနှုန်းမှာလည်း ကြီးမြင့်သောလိုင်း အမျိုးအစားဖြစ်ကြောင်း သိရသည်။

၂ဝဝ၇ ခုနှစ်တွင် မြန်မာတယ်လီပို့သည် Fiber Optic Cable မှ တစ်ဆင့် အင်တာနက်ချိတ်ဆက်ခြင်းကို စတင်ခဲ့ပြီး Metro Ethernet Connection ဟုခေါ်ကြောင်း သိရသည်။ မြန်နှုန်းမြင့်မားပြီး Band-width မှာ 1 Mbps မှ 4 Mbps အထိ ရရှိနိုင်ခဲ့ကြောင်း သိရသည်။

ယခင်က ယင်းလိုင်းအတွက် ကနဦးတပ်ဆင်ခမှာ FEC ၂၅ဝဝ ဖြစ်ပြီး လစဉ်ကြေးမှာ 1 Mbps ကို ၅၅ဝ FEC, 2 Mbps ကို ၈၅ဝ FEC, 4 Mbps ကို ၁၃၅ဝ FEC ပေးဆောင်ခဲ့ရကြောင်း သိရသည်။ နှစ်စဉ်ကြေးမှာမူ FEC ၆ဝ ပေးသွင်းခဲ့ရကြောင်း သိရသည်။

“ကျွန်တော်တို့က ရုံးနှစ်ရုံးရှိတော့ အင်တာနက်လိုင်းကို နှစ်လိုင်းဝယ်ထားပါတယ်။ MPT ကတစ်လိုင်း၊ ရတနာပုံက တစ်လိုင်းပေါ့။ တပ်ဆင်တဲ့အချိန်တုန်းက ဈေးတော်တော်ကြီးပါတယ်။ ရတနာပုံတယ်လီပို့လိုင်းက ကနဦးတင်ဆင်ခကို ကျပ်ငါးသိန်းပေးခဲ့ရတယ်။ ဆက်သွယ်ရေးက လိုင်းကျတော့ တစ်ဆင့်ပြန်ဝယ်တာဖြစ်လို့ ကျပ် ၁၅ သိန်း ပေးခဲ့ရတယ်။ မြန်မာနိုင်ငံမှာ အင်တာနက်လိုင်းတွေ ဝယ်သုံးရင် တပ်ဆင်ခလည်း ပေးရတယ်။ အသုံးပြုခ လစဉ်ကြေးတွေလည်း ပေးရတယ်။ ရတနာပုံတယ်လီပို့က လိုင်းဆိုရင် လစဉ်ကြေး ကျပ်တစ်သိန်းပေးရတယ်။ လိုင်းက လုံးဝမကောင်းဘူး။ သူတို့ကလည်း MPT ကနေတစ်ဆင့် ပြန်ယူရတာဖြစ်လို့ သိပ်မကောင်းဘူးပေါ့။ နောက်ပိုင်းမှာ ISP လိုင်စင်တွေ ချပေးတော့မယ်ကြားတယ်။ နိုင်ငံတကာမှာဆိုရင်လည်း အင်တာနက် ၀န်ဆောင်မှုပေးတဲ့ ကုမ္ပဏီတွေကို သုံးလေးခုလောက် ထားပါတယ်။ MPT ကနေ ပြန်ယူနေရတာမျိုး ဆိုရင်တော့ ကုမ္ပဏီတွေ များလာတာပဲရှိမယ်။ လိုင်းကကောင်းလာမှာ မဟုတ်ဘူး။ သူတို့ပဲ ထိန်းချုပ်ထားတာမျိုးဆိုရင်တော့ အဆင်မပြေနိုင်ဘူး။ တကယ်လုပ်နိုင်တဲ့ ပြည်တွင်းပြည်ပ ကုမ္ပဏီတွေကို လွှဲပြောင်းလုပ်ကိုင်ခွင့် ပေးမယ်ဆိုရင်တော့ အဆင်ပြေလာနိုင်ပါတယ်” ဟု Myanmar Soft-Gate Technology မှ ကိုရန်နောင်စိုးက ပြောကြားသည်။ 

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ADSL အင်တာနက်လိုင်းများ၏ ကနဦးတပ်ဆင်ခများနှင့် လစဉ်ကြေး များအား ၂ဝ၁၂ ခုနှစ် အောက်တိုဘာလလယ်ပိုင်းတွင် စတင်လျှော့ချပေးခဲ့ပြီး ကနဦးတပ်ဆင်ခမှာ ကျပ်ငါးသောင်းဖြစ်လာခဲ့ကြောင်း သိရသည်။ ရတနာပုံတယ်လီပို့၏ ADSL အင်တာနက်လိုင်း ကနဦးတပ်ဆင်ခများကိုမူ ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာလ ၁ ရက်မှစ၍ ကျပ်ငါးသိန်းမှ ကျပ်တစ်သိန်းသို့ လျှော့ချခဲ့ကြောင်း သိရသည်။ WiMax အင်တာနက်လိုင်း၏ ကနဦးတပ်ဆင်ခ နှုန်းထားကို ကျပ် ၆၃ဝဝဝဝ မှ ကျပ် ၄၅ဝဝဝဝ သို့ ၂ဝ၁၂ ဒီဇင်ဘာ ၆ ရက်မှစ၍ လျှော့ချပေးခဲ့သည်။ ဖိုက်ဘာအင်တာနက်လိုင်း (FTTH) ၏ ကနဦးတပ်ဆင်ခကိုမူ ငွေကျပ် ခုနစ်သိန်းခွဲမှ ငွေကျပ်ငါးသိန်းသို့ ၂ဝ၁၃ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ စတင်လျှော့ချပေးခဲ့ခြင်း ဖြစ်သည်။

အင်တာနက်သုံးစွဲမှု အနေဖြင့် ၁၉၉၈ ခုနှစ်တွင် တစ်နိုင်ငံလုံး၌ အင်တာနက်သုံးစွဲသူ အရေအတွက် လေးဦးသာရှိခဲ့ပြီး ၂ဝဝ၈ ခုနှစ် မတ်လတွင် ၇၈ဝ၁ဝ ဦး၊ ၂ဝဝ၉ ခုနှစ် မတ်လတွင် ၉၃၅၈၅ ဦး၊ ၂ဝ၁ဝ ပြည့်နှစ် မတ်လတွင် ၃၅၁၃၉ဝ ဦး၊
၂ဝ၁၁ ခုနှစ် မတ်လတွင် ၃၈ဝဝဝဝ ဦးရှိလာကြောင်း သိရသည်။ မိုဘိုင်းဖုန်း အင်တာနက်ကြောင့် ၂ဝ၁၂ နောက်ပိုင်းနှစ်များတွင် ဖုန်းဖြင့်အင်တာနက်သုံးစွဲသူဦးရေမှာ တစ်ဟုန်ထိုး တိုးပွားလာခဲ့ကြောင်း သိရသည်။

ပြည်တွင်း၌ ADSL အင်တာနက် အသုံးပြုနိုင်သော မြို့ပေါင်း ၉၆ မြို့ရှိကာ လိုင်းပေါင်းတစ်သောင်းကျော် တပ်ဆင်ထားကြောင်း သိရသည်။

ဖိုင်ဘာအင်တာနက်လိုင်း ဝန်ဆောင်မှုကို ရန်ကုန်မြို့တွင် Fortune နှင့် Elite မန္တလေးမြို့တွင် Fortune နှင့် Red Link စသည့်ကုမ္ပဏီများက ဝန်ဆောင်မှုပေးလျက်ရှိကြောင်း သိရသည်။ ယင်း Network Provider ကုမ္ပဏီအောက်တွင် မြို့နယ်အလိုက် ဝန်ဆောင်မှုပေးသော Local Service Provider ကုမ္ပဏီများ ရှိသေးကြောင်း သိရသည်။

Fortune ၏ FTTH ဖိုင်ဘာအင်တာနက်လိုင်းကို အသုံးပြုသူ အရေအတွက်မှာ ရန်ကုန်မြို့တွင် ၂၅ဝဝ ဝန်းကျင်နှင့် မန္တလေးမြို့တွင် ၁၅ဝဝ ဝန်းကျင်ရှိနေကြောင်း သိရသည်။

“ဖိုင်ဘာအင်တာနက်လိုင်းမှာတော့ 1Mb Plan ကို ယူကြတာ များပါတယ်။ လက်ရှိမှာ ဖိုင်ဘာလိုင်းက ရန်ကုန်တစ်မြို့လုံး မရသေးဘဲ မြောက်ဥက္ကလာပ၊ တောင်ဥက္ကလာပ၊ မြောက်ဒဂုံ၊ တောင်ဒဂုံနဲ့ သင်္ဃန်းကျွန်းဘက်တွေမှာ ကျန်နေသေးတယ်။ အင်တာနက်လိုင်း ပျက်တဲ့အခါ ရတနာပုံတယ်လီပို့နဲ့ ဆိုင်တာရှိသလို Network Provider နဲ့ ဆိုင်တဲ့အပိုင်းလည်း ရှိပါတယ်” ဟု Fortune ကုမ္ပဏီမှ မလဲ့လဲ့မိုး က ပြောကြားသည်။ 

ပြည်တွင်းအင်တာနက်လိုင်း အားလုံးအတွက် ရယူထားသော စုစုပေါင်း Backbone Bandwidth ပမာဏမှာ 27 Gb ရှိကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။ သို့သော် ဖြန့်ဝေချိတ်ဆက်နိုင်မှု အပိုင်းတွင် အားနည်းမှုများ ရှိနေသေးပြီး မချိတ်ဆက်နိုင်သေးသော နေရာဒေသ အများအပြား ကျန်ရှိနေသေးကြောင်း သိရသည်။

“အခုလက်ရှိမှာ အင်တာနက် ပမာဏက 27 Gb ရထားတယ်။ နောက်ထပ်တိုးချဲ့မှုတွေလည်း လုပ်နေတယ်။ ထပ်ပြီးတော့ 20 Gb တိုးချဲ့ဖို့အတွက် ပြည်ပကုမ္ပဏီတွေကို တင်ဒါခေါ်ထားတယ်။ လာလျှောက်တဲ့ ကုမ္ပဏီတွေကတော့ များပါတယ်။ အဲဒီမှာ China Telecom လည်း ပါတယ်။ အင်တာနက် မြန်နှုန်းတွေကို တိုးချဲ့နေပေမယ့် ဖုန်းနဲ့သုံးနေတာတွေ၊ အွန်လိုင်းဂိမ်းတွေကြောင့် လိုင်းတွေနှေးကွေး နေတာ ရှိတယ်။ နောက်ထပ် 20 Gb ကို တင်ဒါခေါ်ပြီးရင်တော့ စုစုပေါင်း 47 Gb လောက် ဖြစ်သွားမယ်” ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ Oversea Department မှ ဦးဝင်းအောင်က ပြောကြားသည်။

လက်ရှိတွင် အင်တာနက်ဆက်ကြောင်း သုံးခုရှိကာ အဓိကအသုံးပြုသော ဆက်ကြောင်းမှာ နှစ်ခုဖြစ်သည်။ ထိုင်းဆက်ကြောင်းမှာ အဓိကဖြစ်ပြီး 18 Gbps ခန့်ရှိကာ ပင်လယ်ရေအောက် ဆက်ကြောင်းမှာ 6 Gbps ကျော်ရှိကြောင်း သိရသည်။ တရုတ်ဆက်ကြောင်းမှာမူ 2 Gbps ခန့်သာရှိသည်။ နောက်ထပ် ဆက်ကြောင်းအသစ်များကိုလည်း တိုးချဲ့နေပြီး မန္တလေး-လားရှိုး-မူဆယ်ဘက်တွင် ဖိုင်ဘာဆက်ကြောင်း ဆွဲနေကြောင်း သိရသည်။

တယ်လီနော၏ မိုဘိုင်းဖုန်းအင်တာနက်မှာ 3G ကွန်ရက်တွင် အင်တာနက်မြန်နှုန်းသည် အသုံးပြုသူ များသောအချိန်၌ 700 Kbps မှ 1 Mbps အထိ ရရှိနိုင်ပြီး အသုံးပြုသူ နည်းပါးသောအချိန်တွင် 4 Mbps မှ 6 Mbps အထိ ရရှိနိုင်ကြောင်း သိရသည်။ 2G ကွန်ရက်တွင်မူ အသုံးပြုသူများသော အချိန်တွင် 100 Kbps မှ ၁၅ဝ Kbps အထိ ရရှိနိုင်ကြောင်း ထုတ်ပြန်ချက်များအရ သိရသည်။

FTTH ဟူသော ဖိုင်ဘာအင်တာနက် ပေါ်ပေါက်လာချိန်တွင် ဝန်ဆောင်မှုလုပ်ကိုင်သည့် ကုမ္ပဏီ အများအပြား ထပ်မံပေါ်ထွက်လာခဲ့ပြီး ISP လိုင်စင်ကို စောင့်မျှော်နေသော ကုမ္ပဏီအများအပြား ရှိနေသည်။ ၎င်းတို့မှာ သီးခြား Gateway များ ထူထောင်ကာ လိုအပ်သော Bandwidth ချဲ့ထွင်ခြင်းများ ကိုလည်း စိတ်တိုင်းကျ လုပ်ဆောင်နိုင်ရန် စိတ်အားထက်သန်နေကြသည်။

နည်းဥပဒေများကို မကြာမီ အတည်ပြုထုတ်ပြန်ရန် စီစဉ်နေပြီး သီးခြားဥပဒေများ ထွက်ပေါ်လာပါက ပြည်တွင်း၌ အင်တာနက်ဝန်ဆောင်မှု လုပ်ငန်းများအတွက် ISP (Internet Service Provider) လိုင်စင်များကို ထုတ်ပေးကာ ကုမ္ပဏီများမှ အပြိုင်အဆိုင်လုပ်ကိုင်၍ ဝန်ဆောင်မှုပေးနိုင်ဖွယ်ရှိနေကြောင်း သိရသည်။ သို့သော် မည်သည့်အတိုင်းအတာအထိ ခွင့်ပြုမည်၊ မည်သို့ထိန်းချုပ်မှုများ ရှိဦးမည်ဆိုခြင်းမှာ မသိရသေးပေ။

“MICT Park စတည်ထောင်ကတည်းက မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ဖိုင်ဘာလိုင်းတစ်လိုင်း ပေးထားပါတယ်။ လစဉ်ကြေးပေးရပါတယ်။ နောက်ပိုင်းမှာ ISP (Internet Service Provider) လိုင်စင်ကို ကုမ္ပဏီတွေကို ပေးမှာပါ။ ဒီအပေါ်မှာ ကျွန်တော့်အမြင်ကတော့ ကောင်းတယ်လို့ ပြောချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အင်တာနက် Gateway ကို လျှောက်ထားလာနိုင်မယ်။ ပြီးတော့ လုပ်နိုင်တဲ့ ဘယ်သူ့ကိုမဆို လုပ်ကိုင်ခွင့်ပေးသွားမှာ ဖြစ်တဲ့အတွက် အကောင်းဆုံးလုပ်နိုင်ရင်တော့ ပိုကောင်းတာပေါ့” ဟု မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်ဥက္ကဋ္ဌ ဦးခွန်ဦးက သုံးသပ်ပြောကြားသည်။

ယှဉ်ပြိုင်မှုမရှိခဲ့သော ပြည်တွင်းအင်တာနက် ဝန်ဆောင်မှုများမှာ ဈေးနှုန်းကြီးမြင့်ပြီး အရည်အသွေးမှာလည်း ကောင်းမွန်မှုမရှိသောကြောင့် အသုံးပြုသူများအတွက် စိတ်ပျက်စရာဖြစ်ခဲ့သည်။ ISP လိုင်စင်များ ပေါ်ပေါက်လာချိန်တွင် မိုဘိုင်းဖုန်း အော်ပရေတာများကဲ့သို့ ယှဉ်ပြိုင်မှုရှိသောဈေးကွက်၊ အရည်အသွေးမြင့် ဝန်ဆောင်မှုများကို ရရှိလာရန် သုံးစွဲသူများက မျှောင်လင့်နေကြကြောင်း သိရသည်။

Written by: နေမျိုးထွန်း၊ စောရည်နန္ဒာ

Saturday, August 30, 2014

nagware (annoyware)


Web ပေါ်တွင် annoyware ဟူ၍လည်း ခေါ်ဆိုနိုင်သည့် nagware ဆိုသည်မှာ application တစ်ခုကို ဖွင့်လိုက်သည့်အခါ ဒါမှမဟုတ် ပိတ်လိုက်သည့်အခါ သုံးစွဲသူကို တစ်ခု သို့မဟုတ် တစ်ခုထက် ပိုသည့် pop-up window များ သို့မဟုတ် သတိပေးချက်များကို ဖော်ပြပေးသည့် programming ဖြစ်သည်။ ၎င်း pop-up window များနှင့် သတိပေးချက်များသည် သုံးစွဲသူကို မှတ်ပုံတင်ခိုင်းခြင်း၊ application ကို ဝယ်ယူခိုင်းခြင်း သို့မဟုတ် အခြား လုပ်ဆောင်ချက် ပြုလုပ်ခိုင်းခြင်း တို့ကို စေခိုင်းမည် ဖြစ်သည်။ Nagware ကို shareware program များတွင်လည်း အသုံးပြုလေ့ရှိသည်။

Internet Journal

Microblogging


Microblogging ဆိုသည်မှာ သုံးစွဲသူများက ဝါကျအတိုများ၊ ဓာတ်ပုံများနှင့် ဗီဒီယို link များပါဝင်သည့် message အတိုအထွာများကို ရေးသားပေးပို့နိုင်စေမည့် ဝက်ဘ်ဝန်ဆောင်မှုတစ်ခု ဖြစ်သည်။ အဆိုပါ message အတိုအထွာများကို micropost များဟု ခေါ်ဆိုကြသည်။ Micropost များကို ဝက်ဘ်ဆိုက်တစ်ခုပေါ်တွင် public အဖြစ် ထားရှိနိုင်သလို private group တစ်ခုတွင်လည်း ဖြန့်ဝေနိုင်သည်။ သုံးစွဲသူများသည် microblog post များကို အွန်လိုင်းပေါ်တွင် ဖတ်ရှုနိုင်သလို update များကို desktop ပေါ်တွင် instant message တစ်ခုအနေဖြင့် လည်းကောင်း၊ မိုဘိုင်းထုတ်ကုန်ပေါ်တွင် SMS text message အနေဖြင့်လည်းကောင်း ရယူဖတ်ရှုနိုင်သည်။

Micropost များတွင် စာလုံးရေ ၁၄၀ မှ ၂၀၀ အထိသာ ရေးသားနိုင်သည်။ Microblog အများစုသည် စာသားများဖြင့်သာ ရေးသားဖော်ပြခွင့်ပြုသော်လည်း အချို့သော microblogging ဝန်ဆောင်မှုများကမူ ဗီဒီယိုနှင့် အသံ post များကိုပါ ခွင့်ပြုထားသည်။

Microblogging သုံးစွဲမှုသည် တစ်ဖြည်းဖြည်းချင်း ရေပန်းစားလာသည်။ အမေရိကန်နိုင်ငံတွင် သမ္မတ ဘာရက်အိုဘားမား သည် နာမည်ကျော် microblogging ဝန်ဆောင်မှု တစ်ခုဖြစ်သည့် Twitter ကို အသုံးပြုကာ မဲဆွယ်မှုများ ပြုလုပ်ခဲ့သည်။ The New York Times နှင့် BBC ကဲ့သို့သော မီဒီယာအဖွဲ့အစည်းများကလည်း ၎င်းတို့၏ သတင်းများနှင့် link များကို microblog post များဖြင့် ပေးပို့လျက်ရှိသည်။

Internet Journal

Friday, August 29, 2014

စက္ကူနှင့် ဒစ်ဂျစ်တယ်စာအုပ်တိုက်ပွဲ


စာအုပ်ရောင်းချနေသော သမားရိုးကျစာအုပ်တိုက်များသည် ဒစ်ဂျစ်တယ်နည်းဖြင့်ဖတ်နိုင်သော e-Book များပေါ်လာချိန်မှစ၍ အရောင်းကျခဲ့ပြီးပိတ်သွားခဲ့ရသည့် စာအုပ်တိုက်ကြီးများရှိလာနေသည်။
e-Book ရောင်းချသည့် အမေဇုန်ကုမ္ပဏီကို ၁၉၉၅ခုနှစ်ကမှ အွန်လိုင်းဈေးရောင်းသည့် လုပ်ငန်းငယ်လေးအဖြစ် Jeff Bezos ဆိုသူက စတင်ခဲ့သည်။ ယနေ့အချိန်တွင်မူ အင်တာနက်ကျယ်ပြန့် လာနေသဖြင့် အကြီးဆုံးအွန်လိုင်းဈေးဆိုင်ကြီးဖြစ်လာသည်။ စတင်ချိန်ကအရောင်းစံချိန်မှာ တစ်နှစ်ဒေါ်လာ သန်း ၁၄၀ ကျော်ဖိုးသာရှိခဲ့သော်လည်း ယခုနှုန်းအတိုင်းဆက်လက်ရောင်းချနေမည်ဆိုပါက ရှေ့လာမည့် ၁၂ လအတွင်း အမေဇုန်၏အရောင်းသည် ဒေါ်လာသန်း ၁၀၀,၀၀၀ (၁၀၀ဘီလီယံ)ရှိမည်ဟု တွက်ချက် ထားသည်။
ယင်းသို့ အလျင်အမြန်ကြီးထွားလာနေသည့် အွန်လိုင်းဒစ်ဂျစ်တယ်အရောင်းဆိုင်ကြီးသည် အစာအုပ်များကို e-Book အဖြစ် ဈေးလျှော့ရောင်းချမည်ဖြစ်၍ ကမ္ဘာ့အကြီးဆုံးစာအုပ်ထုတ်လုပ်သူဖြစ်သည့် ဟာ့ချက် ကုမ္ပဏီနှင့် လတ်တလောထိပ်တိုက်ရင်ဆိုင်နေရသည်။ စာရေးသူပေါင်း ၉၀၀ က စုပေါင်းလက်မှတ် ရေးထိုးပြီး အမေဇုန်၏လုပ်ရပ်ကို ကန့်ကွက်ကြသည်။
ဈေးလျှော့ရောင်းချသဖြင့် စာရေးသူ၊ ထုတ်ဝေသူနှင့် အမေဇုန်တို့အကြား ဝေစုခွဲရေးက ပြဿနာဖြစ်လာသည်။ စာရေးသူများအနေဖြင့် ၀င်ငွေများစွာကျဆင်းစွားနိုင်ပြီး စာရေးသည့်အလုပ်အပေါ်မှီခိုနိုင်သူ နည်းပါးသွားမည်ဆိုသည့် ဝေဖန်မှုများလည်းထွက်ပေါ်နေသည်။ စာပေပညာရှင်များ၊ အနုပညာဖန်တီးသူ များက ယင်းလုပ်ငန်းဖြင့်ရပ်တည်နိုင်ခြင်းမရှိပါက စာကောင်းပေမွန်များမထွက်လာနိုင်မည်ကို စိုးရိမ် ကြသည်။
၁၈၂၆ ခုနှစ်မှစ၍ ပြင်သစ်တွင်စတင်ဖွင့်လှစ်လုပ်ကိုင်လာခဲ့သည့် ဟာ့ချက်ကုမ္ပဏီသည် ကမ္ဘာ့အကြီးဆုံး စာအုပ်ထုတ်ဝေသူဖြစ်သည်။

ခင်မေဇော် (၀ါရှင်တန်ဒီစီ)
7 Day Daily (21-08-2014)

Thursday, August 28, 2014

ပီစီတွေကို ပင်စင်ပေးရတော့မလား

အရင် ရာစုနှစ်တွေတုန်းက သတင်းအချက်အလက် နည်းပညာတွေဟာ အခုလောက် မြန်မြန်မတိုးတက်ဘဲ အသုံး နည်း နှေးကွေးခဲ့တာ တွေ့ရတယ်။
ဆက်သွယ်ရေး အပိုင်းမှာ ကြေးနန်း၊ ကြိုးမဲ့ကြေးနန်း၊ ကြိုးသုံးဖုန်း၊ ကြိုးမဲ့ဖုန်း၊ ဖက်စ်လောက်နဲ့တင် ကျေနပ်ခဲ့ ကြရပါ တယ်။
ပထမကမ္ဘာစစ်၊ ဒုတိယကမ္ဘာစစ်တွေ ဖြစ်ခဲ့တဲ့ အချိန်က စစ်ပွဲ သတင်းတွေ၊ ရန်သူတွေရဲ့သတင်းအချက် အလက် တွေကို ရယူနိုင်ဖို့ အတွက် လူကိုယ်တိုင် သွားရောက် ထောက်လှမ်း ခဲ့ရတာတွေ၊ ကောင်းကင် မြေပုံတွေ ရိုက်ဖို့ အဲဒီ နေရာဒေသကို လေယာဉ်တွေ လွှတ်ပြီး ရိုက်ခဲ့ရပါတယ်။
သတင်းအချက် အလက်တွေ ရဖို့ အတွက် အသက်ပေါင်းများစွာ ရင်းခဲ့ရပေမယ့်၊ အခုအချိန်မှာ ဂြိုဟ်တု ကနေ လုပ် ဆောင်ပေးတဲ့ GPS (Global Positioning System) တွေ ရှိနေပါပြီ။
စစ်ကြီး ပြီးသွားပြန်တော့ ဆိုဗီယက်နဲ့ အမေရိကန် အားပြိုင်မှုကြီးမှာ သူ့ထက်ငါ အသာရအောင် နည်းလမ်းပေါင်းစုံ၊ နည်းပညာ ပေါင်းစုံ တီထွင်သုံးစွဲခဲ့ပြီး အရေးပါတဲ့ သတင်းအချက် အလက်တွေကို ရယူဖို့ ကြိုးပမ်းခဲ့ပါတယ်။
ဆိုဗီယက်ယူနီယံကြီး ပြိုကွဲသွားခဲ့တာရဲ့ လက်သည်က ဖက်စ်(Fax) တွေ ဖြစ်ပြီး၊ သတင်းအချက်အလက်တွေ ဖြန့်ဝေ ဖို့ ဖက်စ်တွေကို သုံးခဲ့တာပါ။
ဘရာဇီးက ကမ္ဘာကျော်ဘောလုံးသမား ပီလီတို့ခေတ်က ဘရာဇီးအသင်း ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲမှာ ဗိုလ်စွဲတဲ့ သတင်းကို ဘရာဇီးကသူ့အမေဆီကို ဖုန်းဆက်ပြောဖို့ နောက်တရက် မနက်အထိ စောင့်ခဲ့ရပါတယ်။
မြန်မာ့ဘောလုံး ရွှေခေတ်တုန်းက တောင်ကိုးရီးယားနိုင်ငံမှာ ကျင်းပတဲ့ ပတ်ချုံဟီး ဖလားဗိုလ်လုပွဲသတင်းဟာ နောက် တရက် မြန်မာ သတင်းစာမှာ ပတ်ချုံဟီးဖလား ဘောလုံးဗိုလ်လုပွဲ၊ မြန်မာ-၁၊ တောင်ကိုရီးယား-၁ ဆိုတဲ့သတင်း အကြောင်း နှစ်ကြောင်း လောက်ပဲ ပါပါတယ်။
နောက်တရက် သတင်းစာမှာမှ ဘယ်သူတွေ ဘယ်လို ကန်တယ်၊ ဘယ်နှမိနစ်မှာ ဘယ်သူ ဂိုးသွင်းတယ် ဆိုတဲ့ သတင်း ပါလာပါတော့တယ်။
ဒီနေ့မှာတော့ နိုင်ငံတကာမှာ ကျင်းပ နေတဲ့ အားကစား ပြိင်ပွဲတွေက တကမ္ဘာလုံး အချိန်နဲ့ တပြေးညီ ကြည့်နိုင်နေ ပါပြီ။
အာကာသ လွန်းပျံယာဉ် လွှတ်တင်လိုက်တာ၊ နိုင်ငံတကာ အာကာသစခန်းထဲက လေယာဉ်မှုးတွေ ဘယ်လို စား သောက် နေထိုင်ကြသလဲ ဆိုတာ ရုပ်သံတွေမှာ၊ အင်တာနက်မှာ ကြည့်နိုင်ပါပြီ။
သတင်းအချက်အလက်တွေဟာ သူ့ခေတ် သူ့အခါ အလိုက် အရေးပါနေ ပေမယ့်၊ အချိန်နဲ့ တပြေးညီ သိဖို့ မလိုသလို၊ နည်းပညာတွေ အားနည်းနေတဲ့ အတွက် အချိန်နဲ့ တပြေးညီသိဖို့ မဖြစ်နိုင်ခဲ့ပါဘူး။
သတင်းအချက်အလက်တွေ၊ နည်းပညာတွေရဲ့ အရေးပါမှုတွေကြောင့် ဒီနေ့ ခေတ်ကို သတင်းအချက်အလက် နည်း ပညာ ခေတ်လို့ ခေါ်ထားပြီး၊ အဲဒီလို သတင်းအချက်အလက်တွေ တိုးတက်လာအောင် တွန်းအားပေးခဲ့တဲ့ နည်း ပညာ နှစ်ခုက ကွန်ပျူတာနဲ့ အင်တာနက်ဆက်သွယ်မှု ဖြစ်ပါ တယ်။
အဲဒီ နောက်ပိုင်းမှာ PC (Personal Computer)တွေ ပေါ်လာခဲ့ပြီး၊ လူအများစု အိမ်သုံးကွန်ပျူတာတွေကို အိမ်မှာထား သုံး နိုင်ခဲ့ပါတယ်။
ပီစီမတိုင်ခင် ကတည်းက ကွန်ပျူတာ ဆိုတာပေါ်ခဲ့တာဖြစ်ပေမယ့်၊ ပထမဦးဆုံး ကွန်ပျူတာ ဆိုတာ ဘယ်တုန်းက ပေါ်ပေါက်ခဲ့သလဲ ဆိုတာ ပြောရခက်သလို၊ စက်မှုနည်းပညာသုံး ကွန်ပျူတာတွေ၊ လျှပ်စစ်သုံး၊ အီလက်ထရောနစ် နည်းပညာသုံး ကွန်ပျူတာတွေ ရှိခဲ့ပြီးပါပြီ။
ဒါပေမယ့် အဲဒီကွန်ပျူတာကြီးတွေ အရွယ်အစား ကလည်း အိမ်မှာထား သုံးလို့ မရနိုင်လောက်ဘဲ အိမ်ခန်း တခန်းစာ လောက်ရှိကာ၊ ဈေးနူန်း၊ နည်းပညာ အခက်အခဲတွေ ကြောင့် သာမန် သုံးစွဲသူ အများစုသုံးနိုင်တဲ့ အဆင့်ကို ရောက်မ လာခဲ့ပဲ၊ တက္ကသိုလ်ကြီးတွေ၊ အစိုးရ အေဂျင်စီတွေ၊ ကော်ပိုရေးရှင်း ကြီးတွေမှာပဲ သုံးခဲ့ပါတယ်။
၁၉၈၁ မှာ အိုင်ဘီအမ်ကနေ ပါစင်နယ် ကွန်ပျူတာ ဆိုတာ ထုတ်လုပ်ဖြန့်ချိ ခဲ့ပြီးချိန်က စပြီး၊ အိုင်ဘီအမ် ပီစီ နဲ့  သူ့ရဲ့ ဟာဒ့်ဝဲ(Hard Ware) တွေ အတိုင်း လိုင်စင်ခံ ထုတ်လုပ်ထားတဲ့၊ ကလုန်းပီစီ (Clone PC) တွေ၊  အိုင်ဘီအမ် ပီစီနဲ့ လိုက်ဖက် သဟဇာတဖြစ်တဲ့ မိုက်ခရို ကွန်ပျူ တာတွေဟာ ပီစီဆိုပြီး ဖြစ်လာခဲ့ပါတယ်။
ပီစီတွေဟာ တဆင့်ပြီး တဆင့် စွမ်းဆောင်ရည် တိုးတက်လာ၊ အသုံးများ ရေပန်းစားခဲ့ပေမယ့်၊အခု အချိန် မှာတော့ ပီစီဆိုတာကို လူအများ စိတ်ဝင်စားမှု လျော့လာပြီး ရောင်းအား ကျဆင်း လာပါတယ်။
ပီစီ ထက်စာရင် မိုလ်ဘိုင်း ပစ္စည်းတွေကို ပိုစိတ်ဝင်စား လာပါတဲ့အတွက် သိပ်မကြာခင်ကာလမှာ ပီစီဆိုတာ မသုံးကြ တော့ဘူးလား၊ မိုလ်ဘိုင်းပစ္စည်း (mobile devices) တွေပဲ သုံးကြတော့ မှာလား ဆိုတာ စဉ်းစားစရာ ဖြစ်လာပါတယ်။

အိုင်ဘီအမ် နဲ့ အက်ပဲလ်
နည်းပညာစကားနဲ့ ပြောရရင် မိုက်ခရိုပရိုဆက်ဆာ သုံးထားတဲ့ မိုက်ခရို ကွန်ပျူတာတွေ အားလုံးကို ပီစီတွေလို့ ခေါ်နိုင်ပါတယ်။
အိုင်ဘီအမ်နဲ့ အက်ပဲလ်မှာ အက်ပဲလ်က အရင်ပေါ်ခဲ့ပေမယ့်၊ ပီစီဆိုတဲ့ စကားလုံးကို အိုင်ဘီအမ်နဲ့ အိုင်ဘီအမ် အုပ်စု ၀င် ပုံစံတူ လိုင်စင်ခံ ထုတ်ထားတဲ့ ကလုန်း (Clone) ကွန်ပျူတာတွေကိုပဲ သုံးစွဲခေါ်လေ့ရှိပြီး၊ သူနဲ့အပြိုင် ရှိနေတာက အက်ပဲလ် ရဲ့ မက်စင်းတော့ရှ် (Macintosh) ကွန်ပျူတာတွေ ဖြစ်ပါတယ်။
တီဗွီနဲ့ တွဲသုံးနိုင်တဲ့ အက်ပဲလ် ကွန်ပျူတာကို လူငယ် စွန့်ဦးတီထွင်သူ စတိဗ်ဂျော့ခ် (Steve Job) နဲ့ စတီဗ် ဝေါ့စနီ ယက် (Steve Wozniak) တို့ ၂ ယောက်က Apple 1 ကို ၁၉၇၆ ဧပြီလမှာ တီထွင်ခဲ့တာပါ။
အဲဒီအချိန်မှာ အိုင်ဘီအမ်က ပီစီဆိုပြီး ထုတ်ဖို့ စိတ်မ၀င်စားသေးဘဲ၊ ရုံးလုပ်ငန်းသုံး ပစ္စည်းတွေ၊ ကွန်ပျူတာကြီး တွေ ကို ထုတ်လုပ် နေတဲ့ ကမ္ဘာအကြီးဆုံး ကုမ္ပဏီကြီး တခုဖြစ်ပါတယ်။
၁၉၇၁ မှာ ပထမဦးဆုံး မိုက်ခရို ပရိုဆက်ဆာကို  အင်တဲလ် (Intel) က တီထွင်နိုင်ခဲ့ပြီး၊ ၁၉၈၁ ခုနှစ် သြဂုတ် ၁၂ မှာ ပထမဦးဆုံး ပါစင်နယ် ကွန်ပျူတာကို International Business Machine (IBM) ကုမ္ပဏီကြီးက ဈေးကွက်တင်ခဲ့ ပါ တယ်။
အင်တဲလ်ရဲ့ 8088 ပရိုဆက်ဆာ သုံးထားပြီး အမြန်နှုန်း 4.47MHz ပဲ ရှိခဲ့ပါတယ်။ အဲဒီ ပီစီ မော်ဒယ်နံပတ် 5150 ကို ၁၅၆၅ ဒေါ်လာနဲ့ ရောင်းချခဲ့ ပါတယ်။
သူ့ခေတ်သူအခါက စွမ်းဆောင်ရည်ခြင်း ယှဉ်ကြည့်ခဲ့ရင် အက်ပဲလ်က ဒီဇိုင်း၊ စွမ်းဆောင်ရည်နဲ့ သုံးရလွယ်ကူမှုတွေမှာ အမြဲအသာရခဲပေမယ့်၊ ဈေးနူန်းမြင့်နေတဲ့အတွက် ရောင်းအားမှာတော့ အိုင်ဘီအမ်အုပ်စုဝင် ကွန်ပျူတာတွေကို မယှဉ် နိုင်ခဲ့ပါဘူး။
အခုချိန် အထိလည်း အက်ပဲလ်ရဲ့ MacBook, Mac Book Air, Mac Pro စတဲ့ ကွန်ပျူတာတွေက စွမ်းဆောင်ရည်မှာ အိုင်ဘီ အမ်အုပ်စုဝင် ကွန်ပျူတာတွေထက် သာပါတယ်။
ဒါပေမယ့် အိုင်ဘီအမ်ရဲ့ထူးခြားတဲ့ လုပ်ဆောင်မှု တခုက လိုင်စင်ကြေး ပေးပြီး အိုင်ဘီအမ် ပီစီတွေနဲ့ ပုံစံတူ ထုတ်လုပ် ခွင့် ပြုခဲ့တဲ့လုပ်ဆောင်ချက်တွေကြောင့် ကမ္ဘာပေါ်မှာ သုံးနေတဲ့ ကွန်ပျူတာတွေ အားလုံး နီးပါး၊ ပီစီတွေ ဖြစ်လာခဲ့ပါ တယ်။
တကယ်တမ်းမှာ အက်ပဲလ် ဖြစ်ဖြစ်၊ အိုင်ဘီအမ် ဖြစ်ဖြစ် အဲဒီကွန်ပျူတာ တွေမှာမှ စားပွဲတင် (desktop)၊ ခရီးဆောင် (notebook)၊ လက်ဝါးပေါ်တင် သုံးနိုင်တဲ့အရွယ် အစား (palmtop) စသဖြင့် ထုတ်လုပ် ခဲ့ပါ တယ်။
ပထမဦးဆုံး ခရီးဆောင် ကွန်ပျူတာ ဆိုရင် အပ်ချုပ် စက်ခေါင်းလောက် ရှိပြီး ခရီးဆောင်လက်ဆွဲသေတ္တာ လုံး လောက်လေးပြီး၊ တဖြည်းဖြည်းသေးအောင်၊ ပါးအောင် လုပ်လာတာ ၈လက်မ အရွယ်၊ ၁၀ လက်မ အရွယ် တက်ဘ လက်တွေ၊ ပါဝါစား နှုန်းနိမ့်ပြီး ဘက်ထရီ ကြာကြာခံမယ့် (Notebook) တွေ တီထွင်လာနိုင်ပါတယ်။
Palmtop တွေဆိုရင် အခု သုံးနေကြတဲ့ စမတ်ဖုန်းတွေလောက် စွမ်းဆောင်ရည် မမြင့်ပေမယ့် စမတ်ဖုန်းတွေနဲ့ အရွယ် အစား အတူတူ လောက်ပဲ ရှိပါတယ်။ တိုးတက်ပြောင်းလဲ လာမှုတွေက အံ့မခန်းတိုးတက် လာခဲ့တာပါ။

မိုလ်ဘိုင်းလ်ခေတ်
ဒီနေ့ဒီအချိန်မှာတော့ လူတွေရဲ့ နေထိုင်မှု ဘ၀ပုံစံတွေဟာ ပြီးခဲ့တဲ့ နှစ် ၂၀၊ နှစ် ၃၀ နဲ့ကို မတူတော့ပါဘူး။ အပြေး အလွှား နေထိုင်စားသောက် ရုန်းကန်နေကြရတာ ဖြစ်လို့ အိမ်မှာ ထားတဲ့ ပီစီရှေ့မှာ၊ ဒါမှ မဟုတ်ရုံးမှာ ရှိတဲ့ ကွန်ပျူ တာခုံတိုင်းမှာ အင်တာနက် ချိတ်ဆက်၊ သတင်းဖတ်၊ အင်တာနက်သုံးဖို့ အချိန် မပေးနိုင်တော့ပါဘူး။
အီးမေးလ်လေး တစောင်ပို့ဖို့၊ ဖတ်ဖို့၊ ဓာတ်ပုံလေးတပုံ ဖွင့်ကြည့်ဖို့ ဆိုရှယ်မီဒီယာ သုံးပြီး မိတ်ဆွေ တယောက်နဲ့ စကားပြောဖို့ ရထားစီးရင်း၊ ကားစီးရင်း ကွန်ပျူတာ notebook ကို ဖွင့်သုံးဖို့  အဆင်မပြေပါဘူး၊ အဲဒီမှာ မိုလ်ဘိုင်း ပစ္စည်းတွေက အစားထိုး နေရာယူသွား ပါတယ်။
စမတ်ဖုန်းတွေက ကင်မရာ၊ ကွန်ပျူတာနဲ့၊ တယ်လီဖုန်း၊ ဖျော်ဖြေရေးနဲ့ ပတ်သက်တဲ့ သီချင်း၊ ဗွီဒီယိုတွေ စတဲ့ လုပ် ဆောင်ချက်တွေ အားလုံးကို စုပေါင်း ထားတာ ဖြစ်လို့ laptop ပါခဲ့ရင်တောင်မှ သုံးစရာ မလိုတော့ဘဲ စမတ်ဖုန်းနဲ့တင် အလုပ်ဖြစ်သွားတဲ့ အတွက် စမတ်ဖုန်းတွေ ရေပန်းစားလာတာ မဆန်းပါဘူး။
ကျနော်တို့ ဆီမှာတောင်မှ ဖုန်းသုံးတဲ့သူနဲ့ ကွန်ပျူတာ သုံးတဲ့သူ ဆိုရင် ကွန်ပျူတာ သုံးတဲ့သူ အရေအတွက်က နည်းနေတာ တွေ့ရပါ မယ်။
တကယ်တမ်း အလုပ်လုပ်တဲ့ သူတွေအတွက် ကတော့ ကွန်ပျူတာရော၊ စမတ်ဖုန်းရော လိုအပ်ပါတယ်။
နည်းပညာနှိုင်းယှဉ်ကြည့်ခြင်း
ပီစီတွေ၊ laptop တွေမှာလည်း ရုပ်ရှင်တွေ၊ ဗွီဒီယိုတွေ၊ ဓာတ်ပုံတွေ ကြည့်လို့ရသလို၊ စမတ်ဖုန်းတွေ ကလည်း အဲဒီလို လုပ်လို့ ရတာပဲ၊ စမတ်ဖုန်းတွေ ကျတော့ ဘာလို့ ဘက်ထရီသက်တမ်း ကြာကြာခံတာလဲ၊ ဘာဖြစ်လို့ အရွယ်အစား သေးသေးလေးနဲ့ အလုပ်ဖြစ်နေတာလဲ ဆိုတာမေးစရာ ဖြစ်လာပါတယ်။
ကွန်ပျူတာနည်းပညာတွေရဲ့ အခြေခံ အကျဆုံး အချက်တွေကို သိထားပြီးရင် အဖြေရှိပါတယ်။
ပီစီတွေရဲ့ စီပီယူတွေဟာ X86 လို့ ခေါ်တဲ့ ခိုင်းစေညွှန်ကြားချက် instruction set တွေကို သုံးထားပါတယ်။
တနည်းအားဖြင့် အဲဒီ ခိုင်းစေညွှန်ကြားချက် တွေဟာ CISC လို့ခေါ်တဲ့ (Complex Instruction Set Computing ) ဖြစ်ပြီး မိုလ်ဘိုင်းပစ္စည်းတွေနဲ့ ပရိုဆက်ဆာရော ခိုင်းစေညွှန်ကြားချက်တွေပါ မတူကြပါဘူး။
မိုလ်ဘိုင်း ပစ္စည်း တွေမှာ သုံးတဲ့ ပရိုဆက်ဆာ ARM က RISC (Reduced Instruction Set Computing) ခိုင်းစေညွှန် ကြားချက်တွေကို သုံးထားပါတယ်။
လွယ်လွယ်ပြောရရင်တော့ CISC က ပေါင်း နှုတ်၊မြှောက်၊စားလုပ်ဆောင်ချက် ၄ ခုလုံးကို သုံးထားပြီး၊ CISC ရဲ့ command တွေက အရွယ်အစား မတူကြပါဘူး။
ပရိုဆက်ဆာကနေ လက်ခံ ဆောင်ရွက်ပေးမယ့် micro instruction code တွေ ပြောင်းပေးဖို့လိုတဲ့ အတွက်  decoder တွေလို ပါတယ်။
RISC ကတော့ အမြှောက်ဆိုတာ ထပ်ခါတလဲလဲ ပေါင်းတာ၊ အစားဆိုတာ ထပ်ခါတလဲလဲ နုတ်တာဖြစ်လို့ အမြှောက် အစားနဲ့ သက်ဆိုင်တဲ့ ခိုင်းစေညွှန်ကြားချက်တွေ မလိုပါဘူး။
micro instruction code တွေပြောင်းပေး ဖို့ decoder တွေမလို ပါဘူး။ သူရဲ့နောက်ဆက်တွဲ အနေနဲ့ အပူ ထုတ်လွှတ်မှု နည်းပါတယ်။
ပရိုဆက်ဆာ တည်ဆောက်မှု နည်းပညာတွေရဲ့အခြေခံဥပဒေသ တခုက ပရိုဆက်ဆာတွေရဲ့ စွမ်းဆောင်ရည် အမြန်နူန်းကို တိုးရင်၊ ပါဝါစားနူန်း မြင့်လာပြီး၊  ပါဝါစားနူန်း မြင့်လာရင် အပူထုတ်လွှတ်မှုမြင့်လာပါတယ်။
အဲဒီ  အချက်တွေဟာ တခုနဲ့တခု ပြောင်းပြန် အချိုးကျ နေပါတယ်။ ပီစီ ၊ laptop ၊ netbook တွေက Intel ပရိုဆက်ဆာ တွေ သုံးထားပြီး၊ မိုလ်ဘိုင်းဖုန်း၊ စမတ်ဖုန်း၊ တက်ဘလက် စတာတွေက ARM အခြေခံတဲ့ ပရိုဆက်ဆာတွေကို သုံးထား ပါတယ်။
နောက်ထပ်အားသာချက် တခုက မိုလ်ဘိုင်းလ်ပစ္စည်းတွေ သုံးထားတဲ့ ပရိုဆက်ဆာတွေဟာ ARM တည်ဆောက်မှု နည်းပညာကို အခြေခံ ထုတ်လုပ်ထားပြီး လိုင်စင်ခံ ထုတ်လုပ်ခွင့် ရှိပါတယ်။
တခြား ပီစီအုပ်စုဝင်သုံး ပရိုဆက်ဆာတွေ က Intel နဲ့ AMD (Advanced Micro Device) ကထုတ်လုပ်ထားတဲ့ ပရို ဆက်ဆာတွေဖြစ်နေပြီး လိုင်စင်ခံ ထုတ်လုပ်ခွင့် မရှိပါဘူး။
ပရိုဆက်ဆာတွေရဲ့ တည်ဆောက်မှု နည်းပညာမတူကြ လို့ သူတို့မှာ သုံးတဲ့ Operating System တွေ၊ အသုံးချ ပရိုဂရမ် (Application System) တွေ မတူကြပါဘူး။
ခိုင်းစေညွှန်ကြား ချက်တွေ ကျစ်ကျစ်လစ်လစ်ရှိတဲ့ အတွက် OS တခုရဲ့ပမာဏ၊ ပရိုဂရမ်တွေရဲ့ပမာဏတွေ ကွာခြား စေသလို၊ ပိုနည်းစေ ပါတယ်။
အဲဒီ အတွက် ပီစီတွေမှာ 500GB ၊ 100GB Hard Drive တွေ သုံးနေရတဲ့ အချိန်မှာ မိုလ်ဘိုင်းပစ္စည်းတွေက 8GB, 16GB micro SD card တွေ လောက်နဲ့တင် အလုပ်ဖြစ်စေ ပါတယ်။
စွမ်းဆောင်ရည်မြင့် laptop တလုံးဟာ ဒေါ်လာ ၁၀၀၀-၁၂ ၀၀ လောက် ပေးရတဲ့ အချိန်မှာ အဆင့်မြင့် စမတ်ဖုန်းက ဒေါ် လာ ၄၀၀-၅၀၀ လောက်ပဲ ရှိတာကြောင့်၊ အကြောင်းရင်း အချက် သေးသေးလေး တခုကွာခြားတာဟာ နောက် ဆက်တွဲ ပြဿနာတွေ အားလုံးကို ဖြေရှင်းပြီး ဖြစ်စေပါတယ်။
အပူစွန့် ထုတ်ပေးမယ့် heat sink တွေ၊ ပန်ကာတွေ မလိုတော့ပဲ ဘက်ထရီ သက်တမ်း ပိုကြာကြာခံလာစေပါတယ်။
ပီစီတွေရဲ့နိဂုံးလား
ပီစီလို့ ပြောရင်desktop နဲ့ laptop ကို ခွဲပြောရပါမယ်။ လက်ရှိအချိန်မှာ desktop ပီစီတွေရဲ့ ရောင်းအား ကျဆင်းတာ အမှန်ပါ။ desktop ထက်စာရင် laptop တွေက ပိုအရောင်း သွက်နေပါတယ်။
မိုဘိုင်းလ်ပစ္စည်းတွေက ပိုအရောင်း သွက်နေပြီး၊ ပီစီတွေလိုပဲ မိုဘိုင်းလ်ပစ္စည်းတွေက လုပ်ဆောင် ပေးနေနိုင်တာပဲ၊ ပီစီတွေ laptop တွေကို မိုလ်ဘိုင်း ပစ္စည်းတွေက အစားထိုးသွားမှာလားလို့ မေးခဲ့ရင်တော့ မဖြစ်နိုင် သေးပါဘူး။
မိုဘိုင်းလ်ပစ္စည်းတွေက ဘယ်လောက်ပဲ စွမ်းဆောင်နိုင်တယ် ပြောပြော လုပ်ငန်းသုံးတွေ အတွက် စာစီ၊ စာရိုက်တာ၊ ဒီဇိုင်းလုပ်တာ၊ အင်ဂျင်နီယာ ဒီဇိုင်းရေးဆွဲတာ၊ ဗွီဒီယို အော်ဒီယိုတွေ တည်းဖြတ် ပြင်ဆင်တာ၊ ကာတွန်းသက်ဝင် လှုပ်ရှားမှု animation လုပ်တာမျိုးတွေ အတွက် ပီစီတွေ၊ laptop တွေ လိုနေပါဦးမယ်။
တချို့လုပ်ငန်းတွေ အတွက် ဆိုရင် ပီစီတောင်မှ သာမာန် အဆင့်သုံး ပီစီမျိုးနဲ့ လုံးဝအလုပ်လုပ်လို့ မရတော့တဲ့ အခြေနေ ရှိပြီး တကယ့်ကို စွမ်းဆောင်ရည် မြင့်တဲ့ ၀ပ်စတေရှင် (workstation)  မျိုး လိုအပ်နေပါတယ်။
ပီစီတွေ၊ Laptop တွေကို ပင်စင်ပေး၊ အဲဒီနေရာမှာ မိုဘိုင်းလ်ပစ္စည်းတွေက လုံးဝအစားထိုးနေရာ ယူသွားနိုင်မှာ မဟုတ်တာ သေချာပါတယ်။
အဲဒီ အတွက် ပီစီတွေကို မိုဘိုင်းလ် ပစ္စည်းတွေက အလဲထိုး နေရာယူ သွားမှာထက်၊ ပီစီတွေရော၊ မိုဘိုင်းလ် ပစ္စည်း တွေပါ အချိန် အတိုင်းအတာတခု အထိ ဆက်လက် ယှဉ်တွဲ အသုံးတော်ခံနေမှာ ဖြစ်ပါကြောင်း ရေးသားလိုက် ရပါတယ်။     ။

ဖိုးနိုင်ဝင်း (မာစတာပိစ်)

blue screen of death (BSOD)


Blue screen of death (BSOD) ဆိုသည်မှာ Windows general protection fault (GPF) ပြဿနာကို သုံးစွဲသူများက အမည်ပေး ခေါ်ဆိုထားသည့် အမည်နာမတစ်ခု ဖြစ်သည်။ အဆိုပါ ပြဿနာဖြစ်ပေါ်သည့်အခါ ကွန်ပျူတာ screen တွင် အပြာရောင် နောက်ခံတစ်ခုပေါ်၌ အဖြူရောင် စာသားနှင့် မျက်နှာမဲ့နေသည့် ပုံတို့ကို တွေ့မြင်ရမည် ဖြစ်သည်။ BSOD ပြဿနာသည် error တစ်ခုကြောင့် operating system လုပ်ဆောင်ချက် ရပ်ဆိုင်းသည့်အခါ ဖြစ်ပေါ်သည်။ ထို့နောက် system ကို reboot ပြန်လုပ်ရန် လိုအပ်မည် ဖြစ်သည်။

BSOD သည် မည်သည့်နေရာ မည်သူ့ထံတွင်မဆို ဖြစ်ပေါ်နိုင်သည်။ Microsoft ဥက္ကဋ္ဌ ဘီလ်ဂိတ်စ်ပင်လျှင် Comdex ကုန်စည်ပြပွဲ၌ Windows 98 အကြောင်းကို သရုပ်ပြ ရှင်းလင်းစဉ်အတွင်း blue screen of death ပြဿနာနှင့် တွေ့ကြုံခဲ့ဖူးသူ ဖြစ်သည်။

Internet Journal

Sunday, August 24, 2014

Firefox OS


Firefox OS ဆိုသည်မှာ စမတ်ဖုန်းများ၊ tablet ကွန်ပျူတာများနှင့် စမတ်တီဗီများ အတွက် ရည်ရွယ်ထုတ်လုပ်ထားသည့် Linux kernel အခြေခံ မိုဘိုင်း operating system တစ်ခုဖြစ်သည်။

၎င်း operating system ကို Firefox browser ဖြင့် လူသိများသည့် Mozilla Foundation က ဖန်တီးထားခြင်း ဖြစ်သည်။ ဒီဇိုင်းနှင့် ဖွံ့ဖြိုးတိုးတက်မှုများအတွက် open standard များအပေါ်တွင်သာ အခြေခံထားသည်။

အဆိုပါ browser အခြေခံ operating system ကို HTML5, CSS, JavaScript နှင့် C++ တို့နှင့် ဖန်တီးခဲ့ခြင်း ဖြစ်သည်။ Firefox OS တွင် Gaia ဟုခေါ်သည့် ဝက်ဘ်အခြေခံ user interface နှင့် HTML သို့မဟုတ် JavaScript တို့ကို ဖတ်နိုင်သည့် Gecko ဟုခေါ်သော layout engine တစ်ခု ပါဝင်သည်။ ၎င်းစနစ်ကို HTML5 app များနှင့် အသုံးပြုနိုင်ရန် ရည်ရွယ်ထားခြင်းဖြစ်သည်။

Firefox OS ပထမဦးဆုံး ဗားရှင်းကို ၂၀၁၃ ခုနှစ် နှစ်လယ်တွင် စွမ်းဆောင်ရည်နိမ့် ဖုန်းများအတွက် ဖန်တီးခဲ့သည်။ ထို့နောက်တွင် developer များက feature များ ထည့်သွင်းကာ ဈေးကွက်ရှိ Android, iOS တို့နှင့် ယှဉ်ပြိုင်နိုင်ရန် ပြုလုပ်ခဲ့ကြသည်။ Alcatel, Huawei, LG, Nexus နှင့် ZTE တို့သည် Firefox OS ထုတ်ကုန်များကို ထုတ်လုပ်သည့် ကုမ္ပဏီများ၌ ပါဝင်ခဲ့သည်။

Firefox OS ကို ပရောဂျက်စတင် ပြုလုပ်ခဲ့စဉ်က Boot to Gecko (B2G) ဟု ခေါ်ဆိုခဲ့သည်။

Internet Journal

Hashtag


Hashtag ဆိုသည်မှာ number sign (#) နှင့်အတူ space မခြားထားသည့် စာလုံးတစ်ခု သို့မဟုတ် စကားစုတစ်ရပ်ကို ခေါ်ဆိုသည်။ ၎င်းသည် metadata tag ပုံစံတစ်ခုဖြစ်သည်။ Twitter, Facebook, Google+, VK, Instagram စသည့် microblogging နှင့် လူမှုရေးကွန်ရက် ဝန်ဆောင်မှုများပေါ်ရှိ message များ၏ စကားလုံး အရှေ့တွင် # ကို ထည့်သွင်း အသုံးပြုကြသည်။

Hashtag များကို message များကို စုဖွဲ့ပေးနိုင်သည်။ Hastag ပါဝင်သည့် စကားလုံးတစ်ခုကို ရှာဖွေသည့် အခါတွင် အဆိုပါ စကားလုံးပါဝင်သည့် message အစုအဖွဲ့များကို ရရှိနိုင်သည်။ Hashtag တစ်ခုသည် အတိအကျ သတ်မှတ်ထားသည့် ကြားခံတစ်ခုဖြင့်သာ ချိတ်ဆက်ထားသောကြောင့် ၎င်းတွင် အခြားသော platform များမှ ဓာတ်ပုံများ၊ message များဖြင့် ချိတ်ဆက်နိုင်ခြင်း မရှိပေ။

Hashtag အသုံးပြုမှုသည် လူမှုရေးကွန်ရက် မီဒီယာများတွင် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာခြင်းကြောင့် အဆိုပါ စကားလုံးကို ၂၀၁၄ ခုနှစ် ဇွန်လတွင် အောက်စဖို့ဒ် အင်္ဂလိပ် အဘိဓာန်၌ ထည့်သွင်းခဲ့သည်။

Internet Journal 

Saturday, August 23, 2014

မိုဘိုင်းဖုန်းများရဲ့ရာဇ၀င်

မိုဘိုင်းဖုန်းတွေလို့ပြောရင် လက်ကိုင်ဖုန်းသေးသေးလေးတွေလို့ တွေးမိပါလိမ့်မယ်။ အခုလက်ရှိသုံးနေတဲ့ မိုဘိုင်းဖုန်းတွေကတော့ ဟုတ်ပါတယ်။ မိုဘိုင်းဖုန်းတွေ ပေါ်ကာစက အရွယ်အစားကကြီးမား၊ လေးလံ၊ ပါဝါစားနှုန်းမြင့်တဲ့ ဖုန်းကြီးတွေ၊ သယ်လို့ရတယ်ဆိုရုံအဆင့် ဖုန်းတွေဖြစ်နေပါတယ်။

မိုဘိုင်းဖုန်းတွေ စတင်တီထွင်လာခဲ့တာ ၁၉၄၀ လောက်ကတည်းကဖြစ်ပြီး ၁၉၈၀ လောက်အထိ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်မလာခဲ့ပါဘူး။ ဒါပေမယ့် ၂၀၁၁ ခုနှစ် အင်္ဂလန်နိုင်ငံမှာ မိုဘိုင်းဖုန်းတွေရဲ့ ဖုန်းခေါ်ဆိုမှု အကြိမ်ရေပေါင်းဟာ ကြိုးသုံးဖုန်းတွေခေါ်ဆိုမှုထက် သာခဲ့ပါတယ်။ ဒါဟာ ကြိုးသုံးဖုန်းတွေ အသုံးနည်းသွားပြီး နောက်ပိုင်း လုံးဝမသုံးတော့တဲ့အဆင့် ဖြစ်လာမယ့်လက်္ခဏာ ဖြစ်ပါတယ်။ ကျွန်တော်တို့ဆီမှာလည်း မိုဘိုင်းဖုန်းတွေ ပေါပေါများများသုံးလာတဲ့အတွက် လမ်းဘေးကြိုးဖုန်းငှားတဲ့ သူတွေ ခွင်ပျက်ကုန်ပါတယ်။ ဒါဟာ နည်းပညာတွေ တိုးတက်ပြောင်းလဲမှုရဲ့ သက်သေဖြစ်ပါတယ်။ အဲဒီမိုဘိုင်းဖုန်းတွေ ဘယ်အချိန်ကစပြီး၊ ဘယ်လိုတီထွင်ခဲ့ကြသလဲဆိုတာ စာဖတ်သူတွေ စိတ်ဝင်စားမယ် ထင်လို့ ဒီတပတ်အတွက် မိုဘိုင်းဖုန်း သမိုင်းကြောင်းလေး ရေးထားပါတယ်။

အစောပိုင်းကာလ တီထွင်မှု
+++++++++++++++
လက်ရှိအချိန်မှာ မိုဘိုင်းတွေလို့ ခေါ်လို့ရတဲ့အထိ ရောက်လာအောင် တီထွင်ခဲ့တာတွေကို ပြန်ကြည့်ရင် ၁၉၀၈ ခုကတည်းက စခဲ့တာတွေ့ရပါမယ်။ အဲဒီဖုန်းတွေဟာ ခရီးဆောင် မိုဘိုင်းဖုန်းတွေလို့ ပြောလို့မရသေးတဲ့ ကြိုးမဲ့ဆက်သွယ်ရေးကိရိယာတွေ ဖြစ်ပါတယ်။
၁၉၀၈ ခုနှစ်မှာ ပါမောက္ခ အဲလ်ဘတ်ဂျန့်ခ် (Albert Jahnke)နဲ့ Oakland Transcontinental Aerial Telephone and Power ကုမ္ပဏီတို့ကနေ ကြိုးမဲ့ဆက်သွယ်နိုင်တဲ့ဖုန်းကို တီထွင်ခဲ့ကြပါတယ်။
ဒါပေမယ့် ထုတ်လုပ်ရောင်းချတဲ့အဆင့် ရောက်မလာပါဘူး။၁၉၁၈ မှာ ဂျာမန်မီးရထားစနစ် (German Railroad System) ကနေ စစ်သုံးအတွက် ဂျာမနီနိုင်ငံ ဘာလင်မြို့နဲ့ ဇော့ဆီန်း (Zossen) မြို့၊ ၁၉၂၄ မှာ အများသုံးနိုင်တဲ့ ဘာလင်မြို့နဲ့ ဟမ်းဘတ်မြို့ ဆက်သွယ်မှုတွေအတွက် ကြိုးမဲ့ဖုန်းတွေကို စမ်းသပ်တီထွင် သုံးခဲ့ကြပါတယ်။
၁၉၂၅ မှာ မီးရထားသုံး တယ်လီဖုန်းစနစ်၊ ၁၉၂၆ မှာ တယ်လီဖုန်း ၀န်ဆောင်မှုပေးတဲ့ ရထား စတာတွေ။ အဲဒီနောက်ပိုင်း အမေရိကရဲ့ ၁၉၃၀ စီးပွားပျက်ကပ်နဲ့ ပထမကမ်္ဘာစစ်တွေကြောင့်လို့ ယူဆရပါတယ်။ ခရီးဆောင်ဖုန်းတွေတီထွင်တာသိပ်များများစားစား မတွေ့ခဲ့ရပါဘူး။
၁၉၄၀ မှာတော့ ကြိုးမဲ့ဆက်သွယ်ရေးဖုန်းတွေ စစ်တပ်အတွက်တီထွင်သုံးလာခဲ့ကြတာ တွေ့ရပါတယ်။

AM Radio Telephone (၁၉၂၂)
+++++++++++++++++++
၁၉၂၂မှာ အမေရိကန်နိုင်ငံ ချီကာဂိုမြို့ကရဲတွေ ရေဒီယို တယ်လီဖုန်းကို စမ်းသပ်နေကြပုံဖြစ်ပါတယ်။ သူတို့သုံးခဲ့တဲ့ ဖရီကွင်စီက AMရေဒီယိုဖရီကွင်စီနဲ့ အတူတူပဲဖြစ်ပါတယ်။

American Army (၁၉၄၀)
+++++++++++++++
အမေရိက ကြည်းတပ်ရဲ့ အချက်ပြဆက်သွယ်ရေး တပ်ဖွဲ့ဝင်တွေဒုတိယကမ္ဘာစစ်တုန်းက ၁၉၄၀ မှာ အသုံးပြုခဲ့တဲ့ ကြိုးမဲ့ဆက်သွယ်ရေးပစ္စည်းတွေဖြစ်ပြီး မြင်းရဲ့ကျောပေါ်မှာ တင်ထားရလောက်အောင် ကြီးမားလေးလံနေပါတယ်။
လက်ရှိမိုလ်ဘိုင်းဖုန်းတွေနဲ့ ယှဉ်ကြည့်ရင်တော့ လက်ကိုင်ဖုန်းလို့ဘယ်လိုမှ ပြောမှာမဟုတ်ပါဘူး။ အမေရိကန် ကြည်းတပ်၊ အချက်ပြဆက်သွယ်ရေးတပ်ဖွဲ့တွေမှာသုံးခဲ့တဲ့ မော်ဒယ် SCR-194 နဲ့ 195တွေဖြစ်ပြီး ခရီးဆောင် AM Radio တွေ ဖြစ်ပါတယ်။ အလေးချိန်၂၅ ပေါင်လေးပြီး ၅ မိုင်အကွာအဝေးအထိ ဆက်သွယ်နိုင်ပါတယ်။
ဒုတိယကမ္ဘာစစ်အတွင်း ခြေလျင်တပ်တွေမှာ သုံးခဲ့ပါတယ်။ အခုပြထားတဲ့ SCR-300 ရေဒီယိုဆက်သွယ်မူကိုတော့ အမေရိကန်စစ်တပ်အတွက် မိုတိုရိုလာကနေ တီထွင်ပေးခဲ့တာ ဖြစ်ပါတယ်။ ၃၂ ပေါင်ကနေ ၃၈ ပေါင်လေးပြီး ၃ မိုင် အကွာအဝေးအထိ ဆက်
သွယ်နိုင်ပါတယ်။ SCR-194 နဲ့ 195 တွေကို အစားထိုးသုံးစွဲခဲ့ပါတယ်။ အလုံးရေ ၅ သောင်း ထုတ်လုပ်ခဲ့ပြီး ဒုတိယကမ္ဘာစစ်အတွင်း မဟာမိတ်တပ်တွေ သုံးခဲ့ပါတယ်။ မော်ဒယ် SCR-536 လက်ကိုင် စကားပြောစက်ကို မိုတိုရိုလာက အလုံးရေ တစ်သိန်းသုံးသောင်းလောက်ထုတ်လုပ်ခဲ့ပြီး ဒုတိယကမ်္ဘာစစ်အတွင်း သုံးခဲ့ပါတယ်။ အလေးချိန် ၅ပေါင်ပဲလေးပြီး ကုန်းတွင်းမှာ ၁ မိုင်၊ ရေပြင်မှာ ၃ မိုင် အကွာအဝေးအထိ ပြောနိုင်ပါတယ်။

Mobile Telephone System
++++++++++++++++++
ဘဲလ်စစ်စတမ် (Bell System) ကနေ မိတ်ဆက်ခဲ့တဲ့ ပထမဦးဆုံး စီးပွားဖြစ်လုပ်ကိုင်ခဲ့တဲ့ မိုဘိုင်းတယ်လီဖုန်းဝန်ဆောင်မှုလုပ်ငန်းဖြစ်ပါတယ်။ အဲဒီ ၀န်ဆောင်မှုကို MTS (Mobile Telephone System) လို့ ခေါ်ပါတယ်။ အစောပိုင်းထုတ်လုပ်ခဲ့တဲ့ မူရင်းစက်ဟာပေါင် ၈၀ လေးပြီး AT&T ရဲ့ ကန့်သတ်လိုင်း (Band) တွေကိုပဲ သုံးလို့ရပါတယ်။ လစဉ်ကြေး ဒေါ်လာ ၃၀ (လက်ရှိ ပေါက်ဈေးနဲ့ဆိုရင်ဒေါ်လာ ၃၃၀ လောက် ရှိပါတယ်။) ပေးရပါမယ်။ ပြီးရင် ခေါ်ဆိုမှုတွေအတွက် အကြိမ်အရေအတွက်နဲ့ ထပ်ပေးရပါမယ်။ ကုန်တင်ယာဉ်အုပ်စုတွေ၊ သတင်းထောက်တွေ၊ ၀န်ဆောင်မှုပေးတဲ့သူတချို့ပဲ သုံးနိုင်ခဲ့ပါတယ်။

Ericsson’s Mobile System A
++++++++++++++++++++
အဲရစ်ဆင် (Ericsson) ရဲ့ တစိတ်တပိုင်း အလိုအလျောက် လုပ်ဆောင်ပေးနိုင်တဲ့ မော်တော်ယာဉ်သုံး မိုဘိုင်းစစ်စတမ် ဖြစ်ပါတယ်။ဆွီဒင်နိုင်ငံမှာ ဦးဆုံးသုံးပြီး ၈၈ ပေါင် လေးပါမယ်။ iPhome အလုံး၃၀၀ ရဲ့ အလေးချိန်နဲ့ညီမျှတဲ့ အလေးချိန်ဖြစ်ပါတယ်။

Commercial Mobile Phone (၁၉၅၉)
+++++++++++++++++++++++++
၁၉၅၉ မှာတော့ စီးပွားဖြစ် ထုတ်လုပ်ရောင်းချတဲ့အဆင့် ရောက်လာပါတယ်။ ကားတွေထဲမှာ တပ်ဆင်သုံးနိုင်ပြီး အရွယ်အစား သေးအောင် ပါဝါစားနှုန်းနည်းအောင် မလုပ်နိုင်သေးပါဘူး။

Portable (၁၉၇၂)
++++++++++++
၁၉၇၂ လန်ဒန်မှာကျင်းပခဲ့တဲ့ ဆက်သွယ်ရေးရဲ့ ဒီနေ့၊ မနက်ဖြန်၊
အနာဂတ်ပြပွဲ Communication Today, Tomorrow and the Future) မှာ မော်ဒယ်တယောက် ပြသနေတဲ့ ခရီးဆောင်တယ်လီဖုန်းဖြစ်ပါတယ်။ ပါဝါစားနှုန်း မသေးတဲ့အပြင် ဘက်ထရီတွေရဲ့ နည်းပညာအားနည်းချက် ကြောင့် ဘက်ထရီကိုကြိုးနဲ့ လွယ်ထားတာ တွေ့ရပါမယ်။အရင်က ကင်မရာသမားတွေ ဖလက်ဂန်း (Flesh Gun) ကို ပါဝါပေးဖို့ဘက်ထရီတွဲကြီးကို ကြိုးနဲ့လွယ်ထားတာ သတိရမိပါတယ်။

ခရီးဆောင်လက်ကိုင်ဖုန်းအစ
+++++++++++++++++
၁၉၇၃ မှာ မာတင်ကူးပါး (Martin Cooper) က နမူနာ လက်ကိုင်ဖုန်းတခုကို စတင်တီထွင်ခဲ့ပါတယ်။ အဲဒီဖုန်းဟာ ၁ ဒသမ ၁ကီလိုဂရမ် လေးပြီး အရွယ်အစား အမြင့် ၂၃ စင်တီမီတာ မြင့်ကာ အထူ ၁၃ စင်တီမီတာ၊ အကျယ်၎ ဒသမ ၄၅ စင်တီမီတာ ရှိပါတယ်။အဲဒီဖုန်းဟာ မိနစ် ၃၀ စကားပြောဖို့အတွက် ၁၀ နာရီ အားသွင်းထားဖို့လိုပါတယ်။ မာတင်ကူးပါးဟာ အဲဒီအချိန်က မိုတိုရိုလာရဲ့သုတေသီနဲ့အမှုဆောင် အရာရှိအဖြစ် တာဝန်ယူလုပ်ဆောင်ခဲ့ပါတယ်။ မိုတိုရိုလာရဲ့ခရီးဆောင်ဆက်သွယ်ရေးပစ္စည်း ထုတ်ကုန်ဌာန အကြီးအကဲဖြစ်သူကူးပါးရဲ့ အထက်အရာရှိ ဂျွန်အက်ဖ်မစ်ရှဲလ် (John F Mitchell) တို့ဟာ ခရီးဆောင် လက်ကိုင်ဖုန်းတွေထုတ်လုပ်မှုရဲ့ အဓိကအကျဆုံးလူတွေ ဖြစ်လာခဲ့ပါတယ်။ မိုတိုရိုလာကုမ္ပဏီဟာလည်း လက်ကိုင် ခရီးဆောင်ဖုန်းတွေ ပထမဦးဆုံး ထုတ်လုပ်တဲ့ကုမ်္ပဏီ ဖြစ်လာခဲ့ပါတယ်။
အဲဒီတီထွင်နိုင်ခဲ့မှုဟာ မိုတိုရိုလာကုမ်္ပဏီ (Mortorola) ကို သေးငယ်ပေါ့ပါးပြီး အလွယ်တကူ သယ်ဆောင်သွားနိုင်တဲ့ လက်ကိုင်ဖုန်းတွေတီထွင်ထုတ်လုပ်ဖို့ တွန်းအားပေးခဲ့ပြီး လက်ကိုင်ဖုန်းလောကမှာ မိုတိုရိုလာကုမ်္ပဏီဟာ အထင်ကရ ကုမ်္ပဏီကြီးတခု ဖြစ်လာခဲ့ပါတယ်။

Nokia Mobira Senator (၁၉၈၂)
+++++++++++++++++++
နိုကီယာ မိုဘိုင်းဖုန်းတွေဖြစ်လာဖို့ စတင်ခဲ့တဲ့ဖုန်းက Mobira Senator ဖုန်း ဖြစ်ပါတယ်။ အလေးချိန် ၂၁ ပေါင် လေးပြီး ကားဖုန်းအနေနဲ့ သုံးဖို့ရည်ရွယ်ထားပါတယ်။

Motorola Dyna TAC 8000X (၁၉၈၃)t
+++++++++++++++++++++++++
၁၉၈၃၊ မတ်လ ၆ ရက်နေ့မှာ မိုတိုရိုလာရဲ့ ဒိုင်နာတက် Dyna TAC 8000X မိုဘိုင်းဖုန်းတွေ စတင်ဈေးကွက်တင်ခဲ့ပါတယ်။ အမေရိကန်ရဲ့ ပထမဦးဆုံး 1Gကွန်ရက်ဖြစ်တဲ့ Ameri-tech ကွန်ရက်နဲ့ တွဲသုံးခဲ့ပါတယ်။ ကုန်ကျစရိတ် ဒေါ်လာသန်း ၁၀၀ ကုန်ကျခဲ့ပြီး ဈေးကွက်တင်ဖို့အတွက် ၁၀ စုနှစ်တခုကျော် ကြာပါတယ်။
နမူနာ စမ်းသပ်ခဲ့တဲ့ ဖုန်းတုန်းကလိုပဲ အဲဒီဖုန်းဟာ မိနစ် ၃၀ လောက် စကားပြောဖို့အတွက် ၁၀ နာရီ အားသွင်းထားဖို့ လိုပါတယ်။ဆက်သွယ်ရေး နည်းပညာတွေမှာ ဒုတိယမျိုးဆက်အနေနဲ့ တိုးတက်လာခဲ့မှုက SMS ဒါမှမဟုတ် စာသားတွေ ရိုက်ထည့်ပေးပို့နိုင်တဲ့(Text Messaging) လုပ်ဆောင်ချက် ဖြစ်ပါတယ်။
အစပိုင်းမှာ အဲဒီလုပ်ဆောင်ချက် GSM ကွန်ရက်မှာပဲ အလုပ်လုပ်သုံးခဲ့ပြီး နောက်ပိုင်းဒစ်ဂျစ်တယ် ကွန်ရက်တွေ အားလုံးသုံးခဲ့ပါတယ်။ ဖုန်းကနေပထမဦးဆုံး SMS ပေးပို့မှုကို ယူနိုက်တက်ကင်းဒမ်း (UK) မှာ၁၉၉၂ ဒီဇင်ဘာ ၃ ရက်နေ့မှာ စတင်ခဲ့ပြီး ၁၉၉၃ မှာတော့ ဖင်လန်နိုင်ငံမှာ စတင်ခဲ့ပါတယ်။ မိုဘိုင်းဖုန်းတွေအတွက် အခကြေးငွေပေးပြီး ဒေါင်းလုပ် (Download)လုပ်တဲ့ ၀န်ဆောင်မှုကို ၁၉၉၈ မှာ ဖင်လန်နိုင်ငံရဲ့ Radidinja (အခုElisa) ကနေ ဖုန်းမြည်တဲ့ Ring Tone တွေ အမျိုးမျိုးကို ဒေါင်းလုပ်လုပ် ၀ယ်ယူနိုင်စေခဲ့ပါတယ်။
ပထမဦးဆုံး ကြော်ငြာလုပ်ငန်းအနေနဲ့ သတင်းခေါင်းကြီးပိုင်းတွေကို SMS ပေးပို့နိုင်တဲ့ လုပ်ငန်းလုပ်ခဲ့ပြီး ၂၀၀၀ ပြည့်နှစ် ဖင်လန်နိုင်ငံမှာ ကြော်ငြာရှင်ရဲ့စပွန်ဆာနဲ့ စတင်ခဲ့ပါတယ်။ မိုဘိုင်းငွေချေတဲ့စနစ် (Mobile Payments) ကို ဖင်လန်နိုင်ငံနဲ့ ဆွီဒင်နိုင်ငံမှာ ၁၉၉၈ က စတင်အသုံးပြုခဲ့ပါတယ်။ ကိုကာကိုလာ အရောင်းစက်တွေနဲ့ ကားပါကင်ထိုးတဲ့ အခကြေးငွေတွေကို မိုဘိုင်းဖုန်းသုံးပြီး ပေးချေနိုင်ခဲ့ပါတယ်။ နော်ဝေမှာ ပထမဦးဆုံး စီးပွားရေးလုပ်ငန်းအဆင့် လုပ်ဆောင်မှုကို ၁၉၉၉ မှာ စတင်ခဲ့ပြီး ဖိလစ်ပိုင်နိုင်ငံ မှာတော့ ဘဏ်လုပ်ငန်းနဲ့ ခရက်ဒစ်ကတ်တွေအတွက် ငွေပေးချေမှုတွေကို မိုဘိုင်းအော်ပရေတာ Globe နဲ့ Smart  တို့ကနေ ၁၉၉၉ မှာပဲ စတင်ခဲ့ပါတယ်။

မိုဘိုင်းဖုန်းတွေကနေ အင်တာနက်ကို အပြည့်အ၀ သုံးနိုင်တဲ့ပထမဦးဆုံး ၀န်ဆောင်ပေးတာက ဂျပန်နိုင်ငံက NTT DoCoMoဖြစ်ပြီး ၁၉၉၉ မှာ စတင်ခဲ့ပါတယ်။ ၁၉၉၇ ကနေ ၂၀၀၃ ခုနှစ်လောက် အတွင်း မိုဘိုင်းနဲ့ မိုဒမ်း (Modern) တွေ သုံးနိုင်ခဲ့တဲ့ Personal Handy-phone System ဖုန်းတွေ ရေပန်းစားခဲ့ပါတယ်။၁၉၉၉ ခုနှစ် ဂျပန်နိုင်ငံ NTT DoCoMo ကနေ၀န်ဆောင်မှုအပြည့်အ၀ ၀န်ဆောင်ပေးနိုင်တဲ့ မိုဘိုင်းတွေ တီထွင်နိုင်ခဲ့ပါတယ်။
၂၀၀၁ ခုနှစ် အောက်တိုဘာလ ၁ ရက်မှာတော့ ပထမဦးဆုံ3းG ကွန်ရက်ဝန်ဆောင်မှုကို NTT DoCoMo ကပဲ စတင်သုံးခဲ့ပါတယ်။
၂၀၀၆ မှာ သုံးခဲ့တဲ့ မိုဘိုင်းဖုန်းတွေက တော်ရုံ ကင်မရာလောက်ရိုက်ကူးပေးနိုင်နေပြီး မိုဘိုင်းဖုန်းတွေဟာ ကင်မရာနဲ့ တတွဲတည်း ဖြစ်လာပါတယ။် နောက်ပိုင်းထုတ်တဲ့တချို့ဖုန်းတွေဆိုရင် ရှုခင်းတွေကိုရိုက်ဖို့ ကင်မရာ တခု၊ နှစ်ဖက်စလုံးမှာ ကင်မရာသုံးထားတဲ့ဖုန်းတွေ ရှိလာပါပြီ။
၂၀၀၇ မှာတော့ စာရိုက်ပြီး စကားပြောတဲ့ Text Messagingဟာ မိုဘိုင်းဖုန်းတလုံးမှာ မပါမဖြစ်တဲ့ လုပ်ဆောင်ချက်တခု ဖြစ်လာခဲ့ပါတယ်။


၂၀၀၈ က မိုဘိုင်းဖုန်းလောကအတွက် ထူးခြားတဲ့ နှစ်တနှစ် ဖြစ်ခဲ့ပြီး ကွန်ပျူတာကုမ်္ပဏီကြီးတခုဖြစ်တဲ့ အက်ပဲလ်ကနေ သူ့ရဲ့ စမတ်ဖုန်း iPhone ကို စတင်မိတ်ဆက် ဈေးကွက်တင်ခဲ့ပါတယ်။ အက်ပဲလ်ရဲ့ ထုံးစံအတိုင်းဒီဇိုင်း၊ သုံးရလွယ်ကူမှု၊ စွမ်းဆောင်ရည် မြင့်မားမှုတွေကြောင့် နာမည်ကြီး၊ ရေပန်းအစားဆုံး ဖုန်းတခုဖြစ်ခဲ့ပါတယ်။
အဲဒီနောက်ပိုင်းမှာတော့ အများသိထားကြတဲ့ မိုဘိုင်းဖုန်းတွေနဲ့ စမတ်ဖုန်းတွေကို Sony, HTC, Samsung, LG, Google, Huawei စတဲ့ ကုမ္ပဏီတွေကနေ အပြိုင်အဆိုင်ထုတ်လုပ်ခဲ့ကြတာ ဒီနေ့တွေ့မြင်နေကြရပြီ ဖြစ်ပါတယ်။

ဖိုးနိုင်ဝင်း(မာစတာပိစ်)
 

Friday, August 22, 2014

location-based service (LBS)


တည်နေရာအခြေခံ ဝန်ဆောင်မှု (location-based service) ဆိုသည်မှာ မိုဘိုင်းထုတ်ကုန်တစ်ခု တည်ရှိသည့် တည်နေရာကို ဖော်ပြပေးသည့် software application တစ်ခု ဖြစ်သည်။ တည်နေရာအခြေခံ ဝန်ဆောင်မှုများသည် မေးခွန်းကို အခြေခံကာ သုံးစွဲသူများအတွက် အသုံးတည့်စေမည့် အချက်အလက်များကို ထောက်ပံ့ပေးသည်။ ထို့အပြင် အဆိုပါ ဝန်ဆောင်မှုများသည် ကူပွန်များ လွှဲပြောင်းပေးခြင်းနှင့် သက်ဆိုင်ရာ နယ်ပယ်ဧရိယာတွင် နေထိုင်သူများထံ အခြားသော ဈေးကွက်ရှာဖွေခြင်း အချက်အလက်တို့ကို ထောက်ပံ့ပေးနိုင်သည်။
တည်နေရာအခြေခံ ဝန်ဆောင်မှုများတွင် အခြေခံ အစိတ်အပိုင်း ငါးခု လိုအပ်သည်။ ၎င်းတို့မှာ (၁) service provider ၏ software application (၂) ဝန်ဆောင်မှုအတွက် အချက်အလက်နှင့် တောင်းဆိုချက်များကို ထုတ်လွှင့်ပေးမည့် မိုဘိုင်းကွန်ရက် (၃) ပထဝီဝင် အချက်အလက်နှင့် ပတ်သက်၍ သုံးစွဲသူထံ ထောက်ပံ့ဖြည့်ဆည်းပေးမည့် content provider (၄) တည်နေရာကို ဖော်ပြပေးမည့် အစိတ်အပိုင်း (GPS) (၅) သုံးစွဲသူ၏ မိုဘိုင်း ထုတ်ကုန်တို့ ဖြစ်သည်။ ဥပဒေအရ တည်နေရာအခြေခံ ဝန်ဆောင်မှုများသည် ခွင့်ပြုချက် တောင်းခံသည့် ဝန်ဆောင်မှုများ ဖြစ်သည်။ ထို့ကြောင့် သုံးစွဲသူများ အနေဖြင့် အဆိုပါ ဝန်ဆောင်မှုများကို အသုံးပြုသည့်အခါ ထုတ်ကုန်၏ တည်နေရာကို သိရှိနိုင်ရန်အတွက် တည်နေရာအခြေခံ ဝန်ဆောင်မှု application ကို ထည့်သွင်းပြီး တောင်းဆိုချက်တစ်ခုကို လက်ခံရမည် ဖြစ်သည်။
တည်နေရာအခြေခံ ဝန်ဆောင်မှုများကို ၂၀၀၀ ခုနှစ် ကတည်းက အသုံးပြုခဲ့ကြသည်။ ထိုစဉ်ကတည်းက ၎င်းတို့ကို ကုန်သွယ်မှုနှင့် လစဉ်ကြေးအခြေခံ စီးပွားရေးလုပ်ငန်းများအတွက် အသုံးပြုခဲ့ကြသည်။ Apple ၏ 3G iPhone နှင့် Google ၏ တည်နေရာအခြေခံ ဝန်ဆောင်မှု အသုံးပြုနိုင်သော Android operating system ထွက်ပေါ်လာချိန်တွင် developer များက သန်းပေါင်းများစွာသော သုံးစွဲသူများကို အဆိုပါ ဝန်ဆောင်မှုအား မိတ်ဆက်ပေးခဲ့သည်။
Neilsen Mobile ၏ ၂၀၀၈ ခုနှစ် စတုတ္ထသုံးလပတ် အစီရင်ခံစာအရ မြောက်အမေရိက၏ မိုဘိုင်းဖုန်းများအတွက် application download ပြုလုပ်ခြင်းမှ စုစုပေါင်းဝင်ငွေ အနက် ၅၈ ရာခိုင်နှုန်းသည် တည်နေရာအခြေခံ ဝန်ဆောင်မှုများမှ ဖြစ်ကြောင်း ဖော်ပြခဲ့သည်။

Internet Journal

Thursday, August 21, 2014

ဘယ် Data Plan ကို ရွေးချယ်မလဲ


ယခုဖော်ပြမည့် အကြောင်းအရာသည် စမတ်ဖုန်းကို data plan ဖြင့် အသုံးပြုသည့်အခါ တစ်လလျှင် မိမိသုံးစွဲသည့် data ပမာဏ မည်မျှ ကုန်ကျမည်ကို ခန့်မှန်းသိရှိနိုင်စေရန် အထောက်အကူ ဖြစ်စေနိုင်မည်ဖြစ်သည်။ Data plan ပမာဏ မည်မျှ ကုန်ကျမည်ကို မတွက်ချက်ဘဲ data plan တစ်ခုကို မှားယွင်း ရွေးချယ်မိသည့်အခါ ငွေကြေး အလဟဿ ကုန်ကျမှုများ ဖြစ်ပေါ်နိုင်သည်။ ထို့ကြောင့် သုံးစွဲသည့် data ပမာဏနှင့် ကိုက်ညီမည့် data plan ကို ရွေးချယ်နိုင်စေရန် ဖော်ပြလိုက်ပါသည်။
Email
Email သည် စမတ်ဖုန်းများပေါ်တွင် အသုံးပြုမှုအများဆုံး feature တစ်ခုဖြစ်သည်။ သို့သော်လည်း ၎င်း၏ data သုံးစွဲမှုမှာ နည်းပါးသည်။ ဓာတ်ပုံ၊ ဗီဒီယိုနှင့် အခြား attachment များ မပါသည့် email မြောက်များစွာကို data သုံးစွဲမှု အနည်းငယ်ဖြင့် ပေးပို့နိုင်သည်။ ဥပမာ အနေဖြင့် တစ်လလျှင် email အစောင်ရေ ၅,၀၀၀ ပေးပို့သည့်အခါ data 100MB သာ ကုန်ကျမည်ဖြစ်သည်။ သို့သော်လည်း attachment ပါသည့် email နှင့် attachment မပါသည့် email တို့၏ data သုံးစွဲမှု ပမာဏ အလွန်ကွာခြားသည်။ တစ်လလျှင် ဓာတ်ပုံတစ်ပုံ ပါဝင်သည့် email အစောင်ရေ ၅,၀၀၀ ကို ပေးပို့သည့်အခါ data သုံးစွဲမှု 2GB ကျသင့်မည် ဖြစ်သည်။
Web browsing
Email ပေးပို့ခြင်း ကဲ့သို့ပင် အင်တာနက် အသုံးပြုခြင်းသည်လည်း စမတ်ဖုန်းတိုင်းတွင် လိုအပ်သည့် feature တစ်ခု ဖြစ်သည်။ သုံးစွဲသူ အနေဖြင့် လည်ပတ် ကြည့်ရှုသည့် ဝက်ဘ်စာမျက်နှာ (webpage) များအပေါ်မူတည်ပြီး data သုံးစွဲမှု ကွာခြားမည် ဖြစ်သည်။ ထို့အပြင် ဝက်ဘ်ဆိုက် (website) တစ်ခုနှင့် တစ်ခုက မတူညီသောကြောင့် multimedia feature အများအပြား ပါဝင်သော page များကို လည်ပတ် အသုံးပြုသည့်အခါ data ပိုမို ကုန်ကျမည် ဖြစ်သည်။ Multimedia feature အနည်းငယ်သာ ပါဝင်သည့် ဝက်ဘ်ဆိုက်များကို အသုံးပြုသည့်အခါ တစ်လလျှင် 100MB သာ ကုန်ကျနိုင်သည်။ Data-heavy ဆိုက်များကို အသုံးပြုသည့်အခါ 1GB အထိ ကုန်ကျနိုင်သည်။
Social Media
Twitter နှင့် Facebook ကဲ့သို့သော လူမှုရေး မီဒီယာများသည်လည်း data သုံးစွဲမှုမြင့်မားစေသည်။ အဆိုပါ လူမှုရေး ကွန်ရက်များပေါ်တွင် ဓာတ်ပုံ အများအပြားကို မတင်ဘဲ အသုံးပြုပါက တစ်လလျှင် data သုံးစွဲမှု 100MB သာရှိနိုင်သည်။ Facebook တွင် တစ်နေ့ကို ဓာတ်ပုံ ၁၀ ပုံတင်ပါက တစ်လလျှင် data သုံးစွဲမှု 400MB ခန့်ရှိနိုင်သည်။
Downloading Apps/Games/Songs
Download ပြုလုပ်ခြင်းသည်လည်း data သုံးစွဲမှု မြင့်မားစေသည့် အချက်ဖြစ်သည်။ သီချင်း တစ်ပုဒ်ကို နေ့စဉ် download ပြုလုပ်သူသည် data သုံးစွဲမှု တစ်လလျှင် 100MB အထိ ရှိနိုင်သည်။ App များကို download ပြုလုပ်ခြင်းနှင့် app များကို update ပြုလုပ်ခြင်းသည် data သုံးစွဲမှုနှုန်းကို များပြားစေသည်။ ထို့ကြောင့် app download ပြုလုပ်ခြင်းနှင့် update ပြုလုပ်ခြင်းတို့ကို Wi-Fi ပေါ်တွင်သာ ပြုလုပ်သင့်သည်။
Viber
Viber ဖြင့် ဖုန်းခေါ်ဆိုမှုသည် တစ်မိနစ်လျှင် 240KB ဝန်းကျင်သာရှိသည်။ တစ်နာရီ ခေါ်ဆိုရာတွင် 14MB ဝန်းကျင်သာရှိသည်။ Viber ဖြင့် message ပေးပို့ရာတွင် အင်္ဂလိပ်အက္ခရာစာလုံး ၅၀၀ လျှင် 828bytes ရှိသည်။ 1KB သည် meesage အတို ၅ စောင် ပေးပို့ခြင်းနှင့် ညီမျှသည်။ Viber app ကို background တွင် ဖွင့်ထားသည့်အခါ data သုံးစွဲမှု အနည်းငယ်သာရှိသည်။
Streaming Audio
သီချင်းများကို အင်တာနက်ပေါ်တွင် နားဆင်ခြင်းသည်လည်း data သုံးစွဲမှု ပမာဏကို မြင့်မားစေသည်။ ရုံးချိန်အတွင်း အင်တာနက်ပေါ်မှ သီချင်းနားထောင်ခြင်းကို နေ့စဉ်ပြုလုပ်ပါက တစ်လလျှင် data 6GB ကျော်အထိ ကုန်ကျနိုင်သည်။ တစ်နေ့ကို ပျှမ်းမျှ တစ်နာရီ နားထောင်ပါက တစ်လလျှင် 1GB နီးပါး ကျသင့်မည် ဖြစ်သည်။ ထို့ကြောင့် အွန်လိုင်းပေါ်မှ သီချင်းနားထောင်ခြင်းကို Wi-Fi ဖြင့်သာ ပြုလုပ်သင့်သည်။
Streaming Video
အင်တာနက်ပေါ်တွင် ဗီဒီယို ကြည့်ရှုခြင်းသည်လည်း data သုံးစွဲမှု မြင့်မားစေသည်။ Netflix တွင် မိနစ် ၃၀ စာ တီဗီအစီအစဉ်ကို နေ့စဉ် ကြည့်ရှုပါက တစ်လလျှင် data 2GB နီးပါး ကုန်ကျနိုင်သည်။ နေ့စဉ် ရုပ်ရှင်ဇာတ်ကား တစ်ကားစီ ကြည့်ရှုပါက တစ်လလျှင် 5GB အထိ ကုန်ကျနိုင်သည်။ ထို့ကြောင့် ပမာဏများပြားသည့် data plan ကို မဝယ်ယူထားပါက အွန်လိုင်းပေါ်မှ ဗီဒီယိုကြည့်ရှုခြင်းကိုလည်း အွန်လိုင်းပေါ်မှ သီချင်းနားထောင်ခြင်းကဲ့သို့ပင် Wi-Fi ဖြင့်သာ ပြုလုပ်သင့်သည်။

Ref: DigitalTrends
Internet Journal