Thursday, July 24, 2014

Social Networking (လူမှုကွန်ရက်)

ယနေ့ခေတ်မှာ ပေါ်ပြူလာအဖြစ်ဆုံး “Social Media” ဆိုတဲ့ စကားလုံး၊ လူမှုကွန်ရက်တွေကနေ PR လှုပ်ရှားမှုများစွာကို လုပ်ဆောင်နိုင်တာကြောင့် ဒါသည်လည်း PR ရဲ့ အရေးကြီး အခန်းကဏ္ဍတစ်ခုပါ။

ကမ္ဘာပေါ်မှာ လက်ရှိ ဖေ့စ်ဘွတ်ခ် ကို ပုံမှန်အသုံးပြုသူ တစ်ဘီလျံအထက်ရှိပြီး ကမ္ဘာ့လူဦးရေက ၇ ဘီလျံခန့်သာ ရှိတာကြောင့် လူ ၇ ဦးလျှင် ၁ ဦးက သေချာပေါက် ဖေ့စ်ဘွတ်ခ် သုံးကြောင်း ယူဆစရာပါ။ မြန်မာနိုင်ငံမှာလည်း facebook ပုံမှန်အသုံးပြုသူ ၂ သန်းကျော်ခန့် ရှိနေပါပြီ။ တောရောမြို့ပါမကျန် စမတ်ဖုန်းရှိတဲ့သူတိုင်း အသုံးပြုနေကြပြီ မဟုတ်ပါလား။

မြန်မာနိုင်ငံရှိ ဖေ့စ်ဘွတ်ခ် သုံးစွဲသူတွေရဲ့ ၆၅% ဟာ mobile ကနေ သုံးနေကြတာ ဖြစ်ပါတယ်။ သင်ရော ဖေ့စ်ဘွတ်ခ်မှာ အချိန်ဘယ်လောက် ကုန်နေခဲ့ပြီလဲ? လက်ရှိမှာတော့ မြန်မာနိုင်ငံရဲ့ မိုဘိုင်းဖုန်း သိပ်သည်းဆ (ဖုန်းကိုင်နိုင်သူ လူဦးရေ) အတော်ကို နည်းနေပါတယ်။ 2%, 3% ခန့်သာ ရှိပါတယ်။ Very Interactive ဖြစ်ခြင်း၊ Function စုံလင်ခြင်း၊ ရိုးရှင်းလွယ်ကူခြင်း၊ လူသုံးများပြီးသား ဖြစ်ခြင်း စတဲ့အချက်တွေကြောင့် ဖေ့စ်ဘွတ်ခ်ဟာ အအောင်မြင်ဆုံး လူမှုကွန်ရက်အဖြစ် ရပ်တည်နေခြင်းပါ။

ဖေ့စ်ဘွတ်ခ် ပြီးနောက် ဒုတိယလူသုံးအများဆုံး လူမှုကွန်ရက်ကတော့ Google+ ပါ။ Google ဟာ “Account တစ်ခုတည်းနဲ့ ၀န်ဆောင်မှုများစွာ ပေးစွမ်းနိုင်ကြောင်း” အားသာချက်ကြောင့် လက်ရှိကမ္ဘာ့အကြီးဆုံး Search Engine အဖြစ် ရပ်တည်နေခြင်းလည်း ဖြစ်ပါတယ်။ အခုဆိုရင် ‘Google’ ဆိုတဲ့ စကားလုံးဟာ ‘အင်တာနက်တွင် ရှာဖွေခြင်း’ လို့ အဓိပ္ပါယ်ရတဲ့အထိ ဖြစ်နေပါပြီ။ Google ရဲ့ နာမည်ကြီး အသုံးဝင် ၀န်ဆောင်မှုတွေကတော့ အန်းဒရွိုက် OS Apps တွေ၊ Games တွေ အတွက် Google Play, Email ၀န်ဆောင်မှုအတွက် Gmail, အချက်အလက်တွေ ထားသိုဖို့ Google Drive, လူမှုကွန်ရက် Google+, တေးသီချင်းများအတွက် Google Play Music, မြေပုံဝန်ဆောင်မှု Google Maps, ဘာသာပြန် Google Translate, သတင်းဝန်ဆောင်မှု Google News Alert စသဖြင့်ပါ။

ဖေ့စ်ဘွတ်ခ်, Google+ တို့အပြင် Twitter, LinkedIn, Tumblr, Pinterest စတဲ့ လူမှုကွန်ရက်တွေလည်း ရှိပါသေးတယ်။ Twitter ဆိုရင် အနောက်နိုင်ငံတွေ၊ နိုင်ငံတကာ အနုပညာရှင်တွေ၊ နိုင်ငံတကာ ထင်ရှားကျော်ကြားသူတွေ အသုံးများကြပါတယ်။ နာမည်ကြီး လူမှုကွန်ရက်တွေထဲမှာ ဒီဇိုင်းပုံစံအလှပဆုံး ဖြစ်ပြီး စွဲမက်ဖွယ်အကောင်းဆုံးပါ။ အမေရိကန်နိုင်ငံမှာတော့ လူသုံးအများဆုံး လူမှုကွန်ရက်ဖြစ်ပါတယ်။ ဒါပေမယ့် Post တစ်ခုကို အများဆုံး စာလုံးရေ ၁၄၀ ပဲရှိရမယ်လို့ ကန့်သတ်ထားတာက စိတ်ပျက်စရာပါ။

ကမ္ဘာ့လူသုံးအများဆုံး Search Engine ဖြစ်တဲ့ Google မှ တီထွင်ဖန်တီးထားတဲ့ Google+ လူမှုကွန်ရက်မှာ ပုံမှန်သုံးစွဲသူ သန်း ၅၄၀ ကျော် ရှိနေပါပြီ။ အသက် ၂၅ နှစ်မှ ၃၅ အတွင်း ပုဂ္ဂိုလ်တွေ အများဆုံး သုံးစွဲကြတာပါ။ ဒီ လူမှုကွန်ရက်ရဲ့ အဓိကအားသာချက်ကတော့ ကိုယ့်မိတ်ဆွေတိုးပွားအောင် အဆက်အသွယ်များများ ချဲ့ထွင်နိုင်တဲ့အပြင် Account တစ်ခုရှိရုံနဲ့ Google ရဲ့ အသုံးဝင်တဲ့ များစွာသော ၀န်ဆောင်မှုတွေကို အခမဲ့ရယူနိုင်တာပါ။

LinkedIn ကိုတော့ “ကမ္ဘာ့ပရော်ဖက်ရှင်နယ်များ ဆုံစည်းရာ” လို့ပဲ တင်စားလိုက်ချင်ပါတယ်။ တကယ်ကို နယ်ပယ်အသီးသီးက ထိပ်တန်းပုဂ္ဂိုလ်တွေ၊ ထူးချွန်ထက်မြက်သူတွေကို တစ်နေရာတည်းမှာ တွေ့ရတာ စိတ်ဝင်စားဖို့ ကောင်းလှပါတယ်။

အလုပ်အကိုင်အခွင့်အလမ်းများ၊ ဗဟုသုတများ၊ အတွေ့အကြုံများ ဖလှယ်ခြင်း စတာတွေကို စိတ်ဝင်စားရင်တော့ LinkedIn လူမှုကွန်ရက်ကွအသင့်တော်ဆုံး ဖြစ်မှာပါပဲ။ သင့်ရဲ့ Profile ကို ကောင်းကောင်းမွန်မွန် ပြည့်ပြည့်စုံစုံနဲ့ Education တွေ၊ အတွေ့အကြုံတွေ၊ Skills တွေ Interest တွေ ဖော်ပြထားရင် နာမည်ကြီးကုမ္ပဏီတွေက သင့်ထံသို့ တိုက်ရိုက်အလုပ်ခေါ်စာတွေ၊ ကမ်းလှမ်းမှုတွေ ရောက်လာလေ့ ရှိပါတယ်။ ၎င်းဝက်ဘ်ဆိုဒ်မှာ “သုံးစွဲသူဦးရေ သန်း ၃၀၀ ခန့်ရှိ ကမ္ဘာ့အကြီးမားဆုံး ပရော်ဖက်ရှင်နယ် လူမှုကွန်ရက်” ဟု ဂုဏ်ယူဝင့်ကြွားစွာ ဖော်ပြထားတာကို တွေ့ရမှာပါ။

Tumblr လူမှုကွန်ရက်ကိုတော့ Yahoo ကုမ္ပဏီမှ ၀ယ်ယူထားပါတယ်။ တည်ထောင်သူကလည်း အသက် ၂၀ ၀န်းကျင်သာ ရှိသေးတဲ့ လူငယ်တစ်ယောက်ပါပဲ။ ဒီ လူမှုကွန်ရက်မှာက Blog တွေ ဖန်တီးနိုင်တဲ့အပြင် မိမိစိတ်ပါဝင်စားတဲ့ အကြောင်းအရာအလိုက် Category တွေခွဲပြီး လေ့လာပြောဆို ဆွေးနွေးနိုင်ပါတယ်။ အချက်အလက် ရှာဖွေစုဆောင်းသူတွေအတွက်တော့ အသုံးဝင်ပါလိမ့်မယ်။ အနောက်နိုင်ငံတွေမှာ ရေပန်းစားတဲ့ လူမှုကွန်ရက်တစ်ခုပါ။ ၎င်းတို့ရဲ့ ဖော်ပြချက်အရ လက်ရှိအချိန် Tumblr မှာ Blog ပေါင်း သန်း ၂၀၀ နီးပါးရှိနေပြီး Post (အကြောင်းအရာ) တွေကလည်း ဘီလျံ ၉၀ နီးပါးခန့် ရှိနေကြောင်း သိရပါတယ်။

Pinterest ကိုလည်း လေ့လာသင့်တဲ့ နိုင်ငံတကာ လူမှုကွန်ရက်တစ်ခုအဖြစ် ဖော်ပြပေးထားပါတယ်။ အာခီတက်၊ အစားအသောက်၊ အနုပညာ၊ သမိုင်း၊ ပထ၀ီ၊ မော်တော်ကားအကြောင်း၊ ဖက်ရှင်နဲ့ အလှပရေးရာ၊ နည်းပညာ၊ စာပေ၊ အားကစား စသဖြင့် သင်နှစ်သက်ရာ ခေါင်းစဉ်ကဏ္ဍအလိုက် ဓာတ်ပုံတွေ ဝေေ၀ဆာဆာနဲ့ လေ့လာကြည့်ရှုနိုင်ပါတယ်။ ဒါဟာ Pinterest ရဲ့ အဓိက အားသာချက်ပါပဲ။ Facebook အကောင့်ရှိရင်လည်း အဆိုပါ Facebook အကောင့်နဲ့ ချိတ်ဆက်သုံးစွဲနိုင်တာကြောင့် သင့်ရဲ့ Profile ကို တကူးတက ထပ်မံဖြည့်စွက် ပြင်ဆင်မွမ်းမံဖို့ မလိုအပ်တော့ဘူးပေါ့။ လက်ရှိအချိန်မှာ Pinterest ကို ပုံမှန်သုံးစွဲသူ သန်း၂၀ ကျော်ရှိပြီး ၈၃% ဟာ အမျိုးသမီးတွေဖြစ်ကာ ၁၇% ကတော့ အမျိုးသားတွေ ဖြစ်ပါသတဲ့။

Instagram ဆိုတဲ့ လူမှုကွန်ရက်ကိုလည်း သိကြမယ်ထင်ပါတယ်။ သင့်ရဲ့ Facebook သူငယ်ချင်း အချို့တောင် သုံးနေကြပြီလေ။ ဒီ Instagram မှာက အဓိကအားဖြင့် ဓာတ်ပုံတွေသာ တင်ရတာဖြစ်ပြီး အခုနောက်ပိုင်းမှာတော့ ၁၅ စက္ကန့်စာ ဗီဒီယိုဖိုင်လေးတွေပါ တင်နိုင်ပါပြီ။ ထူးခြားချက်က Hastags (#) တွေကို ဝေေ၀ဆာဆာ သုံးကြခြင်းပါပဲ။ ဒီလူမှုကွန်ရက်ကို ပုံမှန်အသုံးပြုသူ သန်း ၂၀၀ ခန့်ရှိပြီး အအောင်မြင်ဆုံး Brand ကတော့ ‘National Geographic’ ဖြစ်ပါတယ်။ သင့်ရဲ့ အလှဓာတ်ပုံတွေကို သီးသန့်အမှတ်တရ အနေနဲ့ သိမ်းထားချင်တာပဲဖြစ်ဖြစ်၊ သင့်ရဲ့ လက်ရာ ရှုခင်းပုံတွေကို သူငယ်ချင်းတွေနဲ့ ဝေမျှချင်တာပဲ ဖြစ်ဖြစ် ဒီ Instagram ဟာ သင့်အတွက် ‘ဓာတ်ပုံလူမှုကွန်ရက်’ တစ်ခုပါ။

No comments:

Post a Comment