သာမာန်အားဖြင့်
အမျိုးသားများကြီးစိုးထားသော ကွန်ပျူတာပရိုဂရမ်ရေးသည့် လုပ်ငန်းနယ်ပယ်သို့ နည်းပညာကျောင်းမှကျောင်းသူလေးများ
စတင်ဝင်ရောက်လာနေပြီဖြစ်သည်။ သို့သော်လည်း မလုံလောက်သေးပါ။ အမေရိကန်နိုင်ငံကဲ့သို့
ယင်းနည်းပညာဖွံ့ဖြိုးမှုမြန်သည့် နေရာမျိုးတွင် ကျောင်းသူများ၏ တစ်ရာခိုင်နှုန်းကသာ ကွန်ပျူတာနည်းပညာကို
သူတို့၏အနာဂတ်အလုပ်အကိုင်အဖြစ် ထည့်သွင်းစဉ်းစားကြသည်။ ရှေ့အလားအလာကောင်းလှသည့် ကွန်ပျူတာဆော့ဖ်ဝဲလ်ရေးသားသော
လုပ်ငန်းများနှင့် ကွန်ပျူတာနည်းပညာတို့ဖြင့် လုပ်ကိုင်နိုင်သည့် အလုပ်အကိုင်များသည်
လာမည့် ၂၀၂၀တွင် ၄ ဒဿမ ၂ သန်း ရှိလာမည်ဟု ပြည်ထောင်စုအလုပ်သမားရုံးကိန်းဂဏန်းများက
ခန့်မှန်းတွက်ချက်ထားသည်။
အဘယ်ကြောင့်
အမျိုးသမီးအရေအတွက်က ကွန်ပျူတာနည်းပညာလုပ်ငန်းခွင်တွင် နည်းပါးနေရပါသနည်း။ သုံးသပ်မှုအမျိုးမျိုးရှိနေပြီး
အချို့ကလည်း အမျိုးသမီးများ၏ သဘာဝအရ စက်ပိုင်း၊ နည်းပညာပိုင်းကို စိတ်ဝင်စားမှုနည်းပါ၍ဖြစ်သည်ဟု
ဆိုကြသည်။
လက်ရှိကွန်ပျူတာနည်းပညာအတန်းတွင်
တက်ရောက်ကြသည့် အမျိုးသမီါ်ဦးရေက ၂၀ ရာခိုင်နှုန်းသာရှိနေသည်။ ဂူးဂဲလ်၏အစောပိုင်းကျသည့်
ဝန်ထမ်းတစ်ဦးဖြစ်သူ Youtube ဥက္ကဋ္ဌ ဆူဇန်ဝေါသီကီက ဦးဆောင်မှုအပိုင်းတွင်လည်း အမျိုးသမီးများနည်းပါးနေသေးကြောင်း
ပြောဆိုလိုက်သည်။
Yahoo
ကလည်း ၎င်းတို့၏ ၀န်ထမ်း ၆၂ ရာခိုင်နှုန်းက အမျိုးသာများဖြစ်ကြောင်း ထုတ်ပြန်လိုက်သည်။
ဂူးဂဲလ်တွင် ၇၀ ရာခိုင်နှုန်းက အမျိုးသားဝန်ထမ်းများဖြစ်သည်။ ယင်းသို့ ကျား/မဦးရေမညီမျှမှုကို
အေပီသတင်းဌာနက လေ့လာစစ်တမ်းကောက်ယူကြည့်ရာ အမျိုးသမီးများမှာ ကွန်ပျူတာနည်းပညာနှင့်
ထိတွေ့မှုနည်းပါးမှုကြောင့်ဖြစ်ကြောင်း တွေ့ရှိခဲ့သည်။ ၎င်းတို့ကိုယ်တိုင် စိတ်ဝင်စားမှုနည်းပါးခြင်းကြောင့်
မဟုတ်ဟုဆိုသည်။ မိဘများ၊ သူငယ်ချင်းများ၊ ဆရာများက အားပေးကူညီလိုက်လျှင် အိုင်တီ တီထွင်ဖန်တီးသူများတွင်
အမျိုးသမီးဦးရေတိုးလာနိုင်သည်။
အမျိုးသမီးများ၏
အနာဂတ်အလုပ်အကိုင် အခွင့်အလမ်းအတွက် ကွန်ပျူတာနည်းပညာက ပံ့ပိုးဖန်တီးပေးမည်ဆိုသည့်အပေါ်
ယုံကြည်ဖို့လိုအပ်ကြောင်း ကလင်တန်ဖောင်ဒေးရှင်းတွင် ပြုလုပ်သည့် ဆွေးနွေးပွဲတစ်ခု၌
သမ္မတဟောင်း ကလင်တန်၏သမီး ချယ်စီယာကလင်တန်က ဆွေးနွေးပြောဆိုလိုက်သည်။
အများအားဖြင့်
ထိတွေ့မှုနည်း၍ ခက်ခဲမည်ဟုယူဆပြီး သင်ယူရန်နောက်တွန့်နေတတ်ကြသည်က ပြဿနာဖြစ်ကြောင်း၊
ကွန်ပျူတာနည်းပညာဖြင့် ပရိုဂရမ်များကို တီထွင်မှုများက အနာဂတ်ကိုဖန်တီးနိုင်သည် ဆိုသည်ကိုသိရှိလာလျှင်
အိုင်တီနယ်ပယ်သို့ ၀င်ရောက်လာကြမည့် အမျိုးသမီးဦးရေ များလာနိုင်ကြောင်း အမျိုးသမီးနှင့်
အိုင်တီဆိုင်ရာ အမျိုးသားသိပ္ပံ ဥက္ကဋ္ဌ လူစီစင်ဒါကပြောသည်။
Girls
Who Code (ကုတ်ရေးသူ မိန်းကလေးများ) အမည်ရှိ ပရဟိတအဖွဲ့တစ်ဖွဲ့က အိုင်တီပရိုဂရမ်ရေးဆွဲရေး
ကျောင်းများတွင် မိန်းကလေးများကို ပိုမိုဆွဲဆောင်နိုင်ရန် အစီအစဉ်ချမှတ်ဆောင်ရွက်နေသည်။
ဂူးဂဲလ်က
ဒေါ်လာသန်း ၅၀ အကုန်အကျခံပြီး Girls Who Code နှင့် ပူးပေါင်းကာ မိန်းကလေးများအတွက်
ဆော့ဖ်ဝဲလ်ပရိုဂရမ်သင်တန်းကျောင်းများ ဖွင့်လှစ်သင်ကြားရန် စီစဉ်ထားကြောင်းသိရသည်။
ကမ္ဘာ့လူဦးရေ၏ထက်ဝက်ဖြစ်သည့်
အမျိုးသမီးများပါဝင်ခြင်းမရှိလျှင် နာဂတ်အိုင်တီဖွံ့ဖြိုးနှုန်း နှေးကွေးကျဆင်းနိုင်သည်ဟု
နည်းပညာကျွမ်းကျင်သူများက ဆိုသည်။ မိန်းကလေးနှင့် နည်းပညာတို့မအပ်စပ်၊ မိန်းကလေးများက
သိပ်မထူးချွန်၊ ယောကျာ်းလေးများနှင့် ယှဉ်ပြိုင်၍မရနိုင်စသဖြင့် အရိုးစွဲနေသည့် မှားယွင်းသည့်အယူအဆများကို
ဖယ်ရှားနိုင်မည်ဆိုလျှင် အိုင်တီနယ်ပယ်မှဖန်တီးရှင်များအဖြစ် အမျိုးသမီးအများအပြားကို
မြင်တွေ့ရတော့မည့်အချိန်သည် မဝေးတော့ပါ။
ခင်မေဇော်
(၀ါရှင်တန်ဒီစီ)
Printed by 7 Day Daily
Printed by 7 Day Daily
No comments:
Post a Comment