Thursday, July 24, 2014

ဓားတစ်စင်းကို ဘယ်လိုသုံးမလဲ

လူ့အသုံးအဆောင်ဖြစ်သည့်ဓားကို လူတို့စတင်တီထွင်လာချိန်တွင် အခြားသတ္တ၀ါများထက် လုပ်ငန်းတွင်ကျယ်လာသည်။ အပင်ကိုခုတ်၍ရသလို သားကောင်ကိုလိုက်၍ရသည်။ ချက်ပြုတ်ရာတွင် လှီးဖြတ်၍ရသည်။ အခြားအသုံးအဆောင်များကို ယင်းဓားကိုအသုံးပြုပြီး တီထွင်ဖန်တီးလာနိုင်သည်။ အသုံးဝင်မှုများက အလျှံပယ်ပင်။ အသုံးအဆောင်များတီထွင်ဖန်တီးနိုင်ခြင်းက လူကိုကျန်သတ္တ၀ါများမှ လမ်းခွဲလိုက်ခြင်းလည်းဖြစ်သည်။
ယခုလို အင်တာနက်ပေါ်လာချိန်၊ လူမှုကွန်ရက်များပေါ်လာချိန်တွင် ယင်းတို့ကိုအကြောင်းပြုပြီး ဖြစ်ပေါ်လာသည့်အကျိုးများစွာရှိသည်။
လူတစ်ဦးချင်းစီ၏ကမ္ဘာက ပို၍ကျယ်ပြန့်လာသည်။ အချိန်တို့ပို၍ အသုံးကျလာသည်။ အချိန်တိုအတွင်း အလုပ်များစွာလုပ်လာနိုင်သည်။ သတင်းအချက်အလက်များကို အင်တာနက်တွင် ရှာဖွေသိရှိ အသုံးချလာနိုင်သည်။ ဓားတစ်ချောင်းကို အသုံးပြုတတ်သူက ကျန်အသုံးအဆောင်ပစ္စည်းများကို ဖန်တီးအသုံးပြုလာနိုင်သည်။ အင်တာနက်သည် ဓားတစ်စင်းပင်ဖြစ်သည်။ ဖေ့စ်ဘွတ်သည် အငါတာနက်မည်သော ဓားတစ်စင်းကို အသုံးပြုပြီး တီထွင်ဖန်တီးထားသော ပန်းကန်တစ်ချပ်၊ ဇွန်းတစ်ချောင်း၊ တံမြက်စည်းတစ်ချောင်း၊ အိမ်တစ်လုံး၊ လှေတစ်စီး၊ လှည်းတစ်စီး၊ အော်လံတစ်ခုတို့နှင့်တူသည့် ကွန်ရက်တစ်ခုသာဖြစ်သည်။
လူမှုကွန်ရက်ကြောင့် ဆူပူမှုများဖြစ်ပေါ်သည်။ ဖေ့စ်ဘွတ်ကိုအသုံးချ၍ မုန်းတီးရေးလှုံ့ဆော်သည်ဟူသော သတင်းများကို နိုင်ငံတကာမီဒီယာများတွင်တွေ့ရသည်။ မြန်မာနှင့်ပတ်သက်၍လည်း မကြာသေးမီက ဖြစ်ပွားခဲ့သည့် မန္တလေးအကြမ်းဖက်မှုနောက်ပိုင်း ယခုလိုရေးသားမှုများ ထွက်ပေါ်လာခြင်းဖြစ်သည်။
သို့သော် ယင်းဖြစ်ရပ်သည် လူမှုကွန်ရက်ကြောင့်မဟုတ်သကဲ့သို့ ကျယ်ပြန့်လာသော ဆက်သွယ်ရေးနည်းပညာကြောင့်လည်း မဟုတ်ပါ။ ထိုနည်းတူ မကြာသေးမီကမှရရှလာသည့် လွတ်လပ်မှုတစ်ခုကြောင့်လည်းမဟုတ်ပါ။ အသုံးချသူများကြောင့်သာဖြစ်ပါသည်။
လူအများလျှောက်ရန်ခင်းထားသည့်လမ်းပေါ်တွင် လူများလျှောက်ကြမည်သာဖြစ်ပါသည်။ ယင်းလမ်းပေါ်တက်လာသူများထဲမှ တစ်ဦးစ၊ နှစ်ဦးစ မူးရူးရမ်းကားပြီး တခြားသွားလာသူများကို စော်ကားနှောင့်ယှက်ခြင်းက လမ်းကြောင့်မဟုတ်ပါ။ မဆင်မခြင်မောင်းနှင်မှုကြောင့်ဖြစ်သော ယာဉ်တိုက်မှုများသည်လည်း ယာဉ်ကြောင့်မဟုတ်ပါ။ အဆိုပါယာဉ်ကို စည်းကမ်းမဲ့စွာမောင်းနှင်သူကြောင့်သာ ဖြစ်ပါသည်။
လူအများအေးချမ်းစွာသွားလာနေသော လမ်းမကြီးပေါ်တွင် မူးရူးအော်ဟစ်နေလျှင် ငြိမ်းချမ်းစွာသွားလာနေသူ ရာပေါင်းများစွာအစား ယင်းဖောက်ပြန်သူတစ်ဦးကိုသာ အာရုံပြုသတိထားမိလေ့ရှိသည်ကလည်း ဓမ္မတာပင်ဖြစ်သည်။ သို့သော် အသေအချာပြန်ကြည့်လျှင် ကျန်လူအုပ်ကြီးက မူမပျက်ခဲ့ပါ။
ယင်းလူမှုကွန်ရက်များကို မငြိမ်မသက်ဖြစ်အောင်နည်းပါးလှသော လူတစ်စုတစ်ဖွဲ့က လုပ်ဆောင်အသုံးချနေနိုင်သည်။ လမ်းပေါ်အော်ဟစ်ဆဲဆိုသူများသည် လူနည်းစုသာဖြစ်ကြောင်း တွေ့ရပေမည်။
ဖေ့စ်ဘွတ်မုန်းတီးရေးလှုံ့ဆော်မှုကို လေ့လာနေသူမိတ်ဆွေတစ်ဦးက ယင်းသို့ မငြိမ်မသက်ဖြစ်အောင် ၀င်ရောက်ရေးသားလှုံ့ဆော်သူများ၏အကောင့်ကို စာရင်းကောက်ပြုစုနေရာ ယင်းအမည်များက သိပ်မများလှဘဲ လူမှုကွန်ရက်သတင်းများတွင် တစ်ဦးနှင့်တစ်ဦး အတိုင်အဖောက်လုပ်ပြီး ကွန်မန့်များအောင် ၀င်ရောက်ရေးနေသည်ကို တွေ့ရကြောင်းနှင့် ထိုအကောင့်ပိုင်ရှင်များအားလုံး မိမိပုံကိုမသုံးဘဲ အကောင့်အတုများဖွင့်လှစ်ထားခြင်း၊ ၎င်းတို့အချင်းချင်းချိန်ဆက်ပြီး like လုပ်ထားခြင်းသာရှိကြောင်း ပြောဆိုသည်။ တစ်ဦးတည်း (သို့မဟုတ်) လူတစ်စုက အကောင့်တုများစွာဖြင့် နေရာတကာဝင်ရောက်ပြီး ကြမ်းတမ်းစွာဆဲရေးခြင်း၊ ဘာသာရေး၊ လူမျိုးရေးမုန်းတီးမှုမှတ်ချက်များပေးခြင်းတို့ကို လုပ်နေခြင်းဖြစ်နိုင်သည်ဟုဆိုသည်။
ဘာသာရေး၊ လူမျိုးရေးအစွန်းရောက်သူအချို့ကို ယင်းလုပ်ရပ်တို့နှင့်ဆွဲဆောင်ပြီး လူအုပ်စုကြီးသယောင် ယင်းလုပ်ရပ်တို့နှင့်ဆွဲဆောင်ပြီး လူအုပ်စုကြီးသယောင်လုပ်သည်ဟု အဆိုပါလေ့လာသူကပြောဆိုသည်။
ယင်းလုပ်ရပ်မျိုးကို နိုင်ငံတကာက အကြမ်းဖက်သူများ အစဉ်အဆက်အသုံးပြုခဲ့ကြသည်။ ဗဟုသုတနှင့် ဉာဏ်အမြော်အမြင်နည်းပါးသူတို့ကို အခွင့်အရေးအချို့ဖြင့်စည်းရုံပြီး ဆူပူမှုများ၊ အကြမ်းဖက်မှုများ လုပ်ခဲ့သည့်သာဓကများစွာ ရှိနေဆဲဖြစ်သည်။ ဒုတိယကမ္ဘာစစ်ကိုမီးမွှေးခဲ့သူ နာဇီခေါင်းဆောင် ဟစ်တလာနှင့်အတူ အီတလီနှင့် ဂျပန်တို့မှ စစ်ခေါင်းဆောင်များက ၎င်းတို့၏ကြောက်ခမန်းလိလိ ကျူးလွန်ခဲ့သော စစ်ရာဇ၀တ်မှုများကို ယင်းနည်းများနှင့်ပင် ကျူးလွန်ခဲ့သည်။ သာမန်အချိန်တွင် မတွေးဝံ့စရာဖြစ်သော လူသားအချင်းချင်းအကြောင်းမဲ့ ညှဉ်းဆဲသတ်ဖြတ်မှုများကို သာမန်လူများကျူးလွန်ခဲ့ကြသည်။ လူများသန်းနှင့်ချီပြီး သေဆုံးခဲ့ကြရသည်။ လူအချင်းချင်းမုန်းတီးရေးကို လှုံ့ဆော်အားပေးသည့်နည်းဖြင့် စတင်ခဲ့သည့်စစ်ပွဲများသည် ဆင်ခြင်တုံတရားကင်းမဲ့အောင် စည်းရုံးသိမ်းသွင်းနိုင်မှသာဖြစ်ပေါ်နိုင်သည်။
အင်တာနက်ခေတ်ရောက်လာချိန်တွင် လူမှုကွန်ရက်များကိုအသုံးချပြီး အာရပ်နိုင်ငံများတွင် တန်ပြန်မှုများစွာတွေ့လာရသည်။ မနေ့တစ်နေ့ကမှ မြန်မာတို့စတင်သုံးစွဲလာသည့် လူမှုကွန်ရက်သည် အင်တာနက်အသုံးပြုမှု၏တစ်စိတ်တစ်ပိုင်းမျှသာဖြစ်သည်။ သတင်းငတ်နေခဲ့ကြသူများ၊ ကမ္ဘာနှင့်အဆက်အသွယ်ပြတ်တောက်နေသူများအတွက် ပွင့်လာသောတံခါးတစ်ချပ်ဖြစ်သည်။
လွတ်လပ်စွာပြောဆိုရေးသားမှုကို စတင်စမ်းသပ်ကျင့်သုံးနေသည့် နေရာတစ်ခုလည်းဖြစ်သည်။ ကောင်းသောဆွေးနွေးဖလှယ်မှုများစွာကို ယင်းလူမှုကွန်ရက်များတွင် တွေ့နေရသည်။ ကောင်းမွန်သောလှုံ့ဆော်မှုများ၊ လူမှုရေးလှုပ်ရှားမှုများ၊ ကူညီမှုများစွာကို ယင်းလူမှုကွန်ရက်ကတစ်ဆင့် ချိတ်ဆက်လုပ်ဆောင်နေကြသည်ကို တွေ့ရသည်။ အားရကျေနပ်ဖွယ်ကောင်းလှပေသည်။
အသိပညာဗဟုသုတရှာဖွေသူများ၊ ပေးသူများက တစ်ခွန်း၊ တစ်ကြောင်း၊ တစ်ပုဒ်ပေးဝေယူနေကြသည်။ မင်္ဂလာတရားတစ်ခုပင်ဖြစ်သည်။ သို့သော် ဆိုခဲ့သလိုပင် လမ်းပေါ်ထွက်၍ ဆဲရေးသူများ၊ လမ်းသွားလမ်းလာများကို နှောင့်ယှက်ရမ်းကားသူများကလည်း ၀င်ရောက်အသုံးချနေပါသည်။
ဆင်ခြင်စရာပင်ဖြစ်သည်။ အင်တာနက်အသုံးပြုပြီး ကောင်းကျိုးရှာသူများ၊ အင်တာနက်ကိုအသုံးချ၍ ကိုယ်ကျိုးရှာသူများ ရှိနေခြင်းကို အသုံးပြုသူများက ခွဲခြားသိနေပါသည်။ မသဲမကွဲဖြစ်နေသူများကလည်း ဆင်ဆင်ခြင်ခြင်လေ့လာလျှင် သဲသဲကွဲကွဲသိမြင်လာနိုင်ပါသည်။
အင်တာနက်က အမုန်းစကားမဆိုပါ။ အင်တာနက်က ပြဿနာများကို မဖန်တီးပါ။ ဓားတစ်စင်းကို အသုံးပြုသူများ၏ စေတနာအပေါ်မှာသာမူတည်နေပါသည်။
ခင်မေဇော် (၀ါရှင်တန်ဒီစီ)
7 Day Daily (24-7-2014)

No comments:

Post a Comment