Friday, July 25, 2014

အိုင်တီကဖန်တီးပေးမည့် ကျားမတန်းတူ ခေတ်တစ်ခေတ်


ယခင်ကယောကျာ်းကငွေရှာပြီး မိန်းမကအိမ်ထောင်ထိန်းသိမ်းရသည့် ခေတ်တစ်ခေတ်ရှိခဲ့ပါသည်။ ယင်းကာလတွင် အင်တာနက်မရှိခဲ့သည်ကတော့ အသေအချာပင်ဖြစ်သည်။ အမျိုးသမီးများအတွက် အလုပ်ရှားပါးပြီး ရှိသောအလုပ်များကလည်း အကူ၊ သန့်ရှင်းရေး၊ ကလေးထိန်း၊ ချက်ပြုတ်သူ၊ လူနာစောင့်စသည့် အလုပ်များသာရှိခဲ့သည်။ ကျန်အလုပ်များက ကာယအင်အားကိုအသုံးချရသည့် အလုပ်ကြမ်းများ (သို့မဟုတ်) ယောကျာ်းဟိတ်ဟန်ပြပြီး လုပ်ရသည့် အလုပ်များဖြစ်ခဲ့သည်။
ပညာသငါယူရာတွင်လည်း အမျိုးသမီးများအတွက် အခွင့်အလမ်းနည်းပါးခဲ့သည်။ ယင်းခေတ်အခါက ရိုးရာထုံးစံလိုဖြစ်နေသည့် ဓလေ့များကို ယနေ့အချိန်အထိလက်ခံကျင့်သုံးနေသည်များ ရှိနေသေးသည်ကို တွေ့ရသည်။
အထူးသဖြင့် တိုးတက်မှု နည်းပါးသောနေရာဒေသများတွင် ယင်းကဲ့သို့ ရှေးရိုးဓလေ့ကို ဆက်လက် လက်ခံကျင့်သုံးနေကြသည်ဟု လူမှုရေးပညာရှင်များက ထောက်ပြသည်။ တိုးတက်သောနိုင်ငံတွင် အပြောင်းအလဲများစွာရှိလာသည်။ ယင်းသို့ပြောင်းလဲလာသည့် ဖြစ်စဉ်သည်လည်း အင်တာနက်ခေတ်မတိုင်မီက အတော်ကြာအောင်အချိန်ယူခဲ့သော်လည်း အိုင်တီခေတ်တွင်တော့ မြန်ဆန်လာသည်။
အဓိကအကြောင်းအရာတစ်ခုမှာ အိုင်တီကို ကျား၊ မ မရွေးသင်ယူလေ့လာနိုင်ပြီး အသုံးပြုနိုင်သောကြောင့် အခွင့်အရေးတန်းတူရရှိလာကြခြင်းပင်ဖြစ်သည်။ မည်သည့်ခေတ်နှင့်မျှမတူဘဲ ကျား၊ မ မရွေး မည်သူမဆို လုပ်ကိုင်နိုင်သည့် အလုပ်မျိုးကို အိုင်တီကဖန်တီးပေးသည်။ ယခင်က အလေးအပင်များ မသည့်အလုပ်မျိုး၊ ကိုယ်ကာယအင်အားသုံးမှသာ အလုပ်တွင်သည့်အလုပ်ရုံ၊ စက်ရုံမျိုးတွင်သာ အလုပ်များရှိခဲ့ရာက ကွန်ပျူတာတစ်လုံး၊ ဖုန်းတစ်လုံးဖြင့်သာ လုပ်ကိုင်နိုင်သည့်အလုပ်များ၊ ကာယစိုက်ထုတ်ရန်မလိုသော စက်မောင်းနှင်သည့်အလုပ်များ စသည်တို့ကနေရာဝင်ယူလာကြသည်။
အဆင့်မြင့်ပညာသင်ယူရေးတွင် ကျား၊ မ အရေအတွက်တန်းတူဖြစ်လာသလို ယခင်က ယောကျာ်းများသာလုပ်ကိုင်ခဲ့သည့် ကုန်ကားကြီးများမောင်းနှင်ခြင်း၊ အငှားကားမောင်းနှင်ခြင်းစသည့် စက်ပိုင်းဆိုင်ရာလုပ်ငန်းများတွင်လည်း ၀င်ရောက်လုပ်ကိုင်သော အမျိုးသမီးအရေအတွက်တိုးလာနေသည်။
သို့ရာတွင် ယင်းပြောင်းလဲမှုအများစုမှာ တိုးတက်သောနိုင်ငံများတွင်ဖြစ်သည်။ တိုးတက်သည်ဆိုရာတွင်လည်း စက်မှုပိုင်းတိုးတက်သည်သာမက လူတို့၏အသိအမြင်နှင့် လူမှုဝန်းကျင်၏ အတွေးအခေါ်အပါအ၀င် အထွေထွေတိုးတက်မှုကို ဆိုလိုသည်။
ချမ်းသာကြွယ်ဝပြီး စက်မှုနိုင်ငံပင်ဖြစ်ငြားသော်လည်း အထွေထွေတိုးတက်မှု နည်းပါးသည့်နိုင်ငံမျိုးတွင် တန်းတူလုပ်ကိုင်နိုင်ခွင့်မရနိုင်သေးပါ။ ရှေးရိုးစနစ်ကိုဆုပ်ကိုင်ထားဆဲနိုင်ငံများတွင် အမျိုးသမီးများကို တန်းတူအခွင့်အရေးမပေးခြင်းကြောင့် ယင်းနိုင်ငံ၏အထွေထွေတိုးတက်မှုမှာ ရပ်တန့်နေသည်။ သို့သော် ယင်းရှေးရိုးဓလေ့သည် ယခုအခါ အိုင်တီ၏စိန်ခေါ်မှုကို ရင်ဆိုင်ရတော့မည်ဖြစ်သည်။
ယနေ့အချိန်တွင် ကွန်ပျူတာ၊ ကား၊ ဖုန်းတို့ဖြင့်သာ လုပ်ကိုင်ရသည့်အလုပ်များ၊ ပညာကိုအခြေခံ၇သည့် အလုပ်အကိုင်များပေါများလာသဖြင့် ကျား၊ မ ခွဲခြားလုပ်ကိုင်ရသည့်အလုပ်လည်း နည်းပါးလာသည်။ စစ်သင်္ဘောများ၊ စက်ရုံကြီးများ၊ သုတေသနစခန်းများတွင်လည်း နည်းပညာကျွမ်းကျင်သူကိုသာခန့်ထားသဖြင့် အမျိုးသမီးများနေရာရစပြုနေပြီဖြစ်သည်။
နေသားမကျသေးသဖြင့် ကျား၊ မ တန်းတးလုပ်ကိုင်သည့်လုပ်ငန်းခွင်ကို လက်မခံလိုသူအမျိုးသမီးများ ရှိနေသေးသော်လည်း ခေတ်ပြောင်းလဲမှုရေစီးကို မပိတ်ဆို့ထားနိုင်ပေ။ လာမည့် ၂၀၁၆ ခုနှစ်တွင် အမျိုးသမီးလုပ်သားဦးရေသည် အလုပ်အားလုံး၏ ၄၆ ဒဿမ ၅ ရာခိုင်နှုန်းအထိ ရှိလာမည်ဟု အမေရိကန်အလုပ်သမား ၀န်ကြီးဌာနက ခန့်မှန်းတွက်ချက်ထားသည်။ အမြန်ဆုံးနှင့် အများဆုံးတိုးများလာသည့် အလုပ်အကိုင်စာရင်းတွင်လည်း ကွန်ပျူတာဆော့ဖ်ဝဲလ်ကျွမ်းကျင်သူများက ထိပ်ဆုံးမှပါဝင်နေပြီး ၀င်ငွေတွင်လည်း ယင်းအလုပ်က အများဆုံးဖြစ်မည်ဟုဆိုသည်။ ယင်းကဏ္ဍတွင် ကျား၊ မ ခွဲခြားမှုမရှိသဖြင့် ကျွမ်းကျင်သူအမျိုးသမီးများက တန်းတူနေရာရလာမည်ဖြစ်ရာ လာမည့်နှစ်များတွင် ထိပ်ပိုင်းအဆင့်နှင့် အလယ်အလတ်အဆင့်ရှိ အလုပ်အကိုင်များတွင် အမျိုးသမီးဦးရေပိုများလာဖွယ်ရှိသည်။
ခေတ်အဆက်ဆက်ဖိနှိပ်ခံလာရသော အမျိုးသမီးထုအတွက် အိုင်တီကတန်းတူအခွင့်အရေး ဖန်တီးပေးနေပြီဖြစ်သည်။
ခင်မေဇော် (၀ါရှင်တန်ဒီစီ)
Printed by 7 Day Daily

No comments:

Post a Comment