လူငယ်
၁၀ ဦး ၎င်းတို့၏ ကွန်ပျူတာ မျက်နှာပြင်များပေါ်သို့ အာရုံစူးစိုက်နေကြသည်။
မျက်လုံးများ အငြိမ်မနေသလို လက်ချောင်းများသည်လည်း ကွန်ပျူတာ ကီးဘုတ်များပေါ်တွင်
ပြေးလွားနေသည်။ အသွင်အပြင်များကား တိုက်ပွဲတစ်ခုတွင် ရန်သူအား အမြစ်ပြတ်
ချေမှုန်းတော့မည့် စစ်သည်များသဏ္ဌာန်။ တည်နေရာကား စမ်းချောင်းရပ်ကွက် အတွင်းရှိ
ကွန်ပျူတာ ဂိမ်းဆိုင်လေး တစ်ခုအတွင်းတွင် ဖြစ်သည်။ ဆိုင်အတွင်း မောက်စ်သံ
တစ်ချက်ချက်၊ ကီးဘုတ်သံ တတောက်တောက်မှအပ တိတ်ဆိတ်နေသည်။ မကြာမီတွင် သူတို့၏
ငါးယောက်တစ်ဖက် စစ်ပွဲပြီးဆုံးသွားပုံရသည်။ အနိုင်ရသွားဟန်တူသော အဖွဲ့မှ အသက် ၁၈
နှစ်အရွယ် ကောင်လေးတစ်ယောက်က ရှုံးနိမ့်သွားသော အသင်းမှ လောင်းကြေးငွေ
သုံးသောင်းကို ထယူလိုက်သည်။
“မင်းတို့ဆိုင်မှာမို့ပါကွာ... ကီးဘုတ်တွေ၊ မောက်စ်တွေ ငါတို့
မကိုင်တတ်ဘူး။ နောက်တစ်ခေါက် ငါတို့ဆိုင်မှာ ဆော့မယ်။ ဂိမ်းဖိုးရှင်းကြေး၊
သုံးသောင်းကြေးပေါ့” ဟုပြောကာ
ရှုံးနိမ့်သွားသော လူငယ်များ ထွက်သွားသည်။
“ခုချိန်ထိ ဒီကောင်တွေ ကိုယ့် Skill ကို မသိသေးဘူး နောက်တစ်ခါ
ထပ်ရိုက်ခံချင်လို့”
အနိုင်ရသောအသင်းမှ
ခေါင်းဆောင်ဖြစ်ဟန်တူသော လူငယ်က ရယ်မောပြောဆိုသည်။ သို့သော် သူ၏ အပျော်များမှာ
မကြာလိုက်။
“ဟဲ့ လင်းသိန်း၊ နင် ဒီ Game ကိုပဲ တစ်သက်လုံး ဆော့နေမှာလား။ နင့်ဘဝ
တက်လမ်း ဘာရှိလို့လဲ။ နင့်အသက်က မငယ်တော့ဘူး။ ထမင်းလည်း ပြန်မစား၊ အိမ်ကိုလည်း
လှည့်မကြည့်နဲ့ နင့်ဘဝ ဒီလိုနဲ့ ပြီးတော့မှာလား” သူ၏မိခင် ဖြစ်ဟန်တူသော အသက် ၃၀ ကျော်အရွယ် အမျိုးသမီးက သူတို့၏
အောင်ပွဲခံ အခမ်းအနားအတွင်းသို့ ဝင်လာသည်။
“အမေတို့လူကြီးတွေ သိပ်ခက်တယ်ဗျာ။ ဒါအပျော်တမ်းဂိမ်း မဟုတ်ဘူး ...။
အမေတို့ကို ရှင်းပြလည်း နားမလည်ပါဘူး” ဟုဆိုကာ ခေါင်းဆောင်ဖြစ်ဟန်တူသူ လူငယ်က စိတ်ပျက်သည့် ပုံစံဖြင့်
မိခင်နောက်သို့ လိုက်ပါသွားသည်။
မြန်မာနိုင်ငံတွင်
လွန်ခဲ့သော ငါးနှစ်ခန့်က စတင်ကာ Defense of the Ancients အများရင်းနှီးတဲ့
အသုံးအနှုန်း ဒိုတာ (Dota) ဂိမ်းကစားနည်းတစ်မျိုး လူငယ်များအကြား
ရေပန်းစားလာခဲ့ပြီးနောက် နည်းပညာ ဗဟုသုတ အားနည်းသော မိဘများနှင့် အဆိုပါဂိမ်းကို
ပရော်ဖက်ရှင်နယ် အဆင့်ထိ ကစားရန် ကြိုးပမ်းနေသော လူငယ်များအကြား ပြဿနာအချို့
ရှိလာသည်။
အဆိုပါ
Dota ဂိမ်းကို ဥရောပနှင့် အိမ်နီးချင်းနိုင်ငံများတွင် အားကစားနည်း တစ်ခုကဲ့သို့
ဆော့ကစားနေကြပြီး အဆိုပါဂိမ်းတွင် လက်ရည်ကောင်းမွန်သူများကို နည်းပညာကုမ္ပဏီများက
ပံ့ပိုးမှုပေးခြင်း၊ လူငယ်များကြား အောင်မြင်ကျော်ကြားသော အားကစားသမား
တစ်ဦးကဲ့သို့ အလေးထား ဆက်ဆံခြင်းတို့ကို ကြည့်ကာ မြန်မာနိုင်ငံရှိ လူငယ်အများစု
ထိုဂိမ်းကို ပညာရပ်တစ်ခုကဲ့သို့ အလေးထား ဆော့ကစားလာကြသည်။
“ပြည်တွင်း
ပွဲတွေမှာတောင် နိုင်ရင် သိန်းဂဏန်းလောက်ကို ရတယ်။ နိုင်ငံတကာမှာဆိုရင် Gamer
တွေကို နာမည်ကြီး ဘောလုံးသမားတွေလိုမျိုး ဆက်ဆံကြတာ။ ကျွန်တော်တို့က အဲ့လိုဖြစ်ချင်တာ”
ဟု လှိုင်မြို့နယ်နေ အသက် ၁၈ နှစ်အရွယ် GTC ကျောင်းသား ဂိမ်းဝါသနာရှင်တစ်ဦးက
ဆိုသည်။
မြန်မာနိုင်ငံရှိ
မိဘများအနေနှင့်လည်း မိမိတို့၏ မျိုးဆက်များကို မိရိုးဖလာ
စီးပွားရေးလုပ်ငန်းများကို လုပ်ကိုင်စေလိုပြီး ဘွဲ့မရခင်အထိ တက္ကသိုလ်ပညာရေးကို
ကြိုးစားသင်ယူစေလိုသော အစဉ်အလာများနှင့် မြန်မာနိုင်ငံ အခြေအနေအရ မသေချာသော
လမ်းကြောင်းတစ်ခုကို တိုးဝင်ခြင်းထက် အောင်မြင်ပြီးသူတို့၏ နောက်သို့ လိုက်ရန်သာ
ညွှန်ကြားတတ်ကြသည်။
“သူတို့ပြောနေတဲ့
ဂိမ်းအားကစားကို ဦးတို့အနေနဲ့ အဆင်ပြေမယ် မထင်ဘူး။ ဦးတို့မိဘတွေက
ဆယ်တန်းအမှတ်နဲ့ ကိုက်တဲ့ ဘွဲ့တစ်ခုကိုယူ၊ နောက်အလုပ်အကိုင် အခွင့်အလမ်းပေါတဲ့
လုပ်ငန်းခွင်ဝင်၊ အဲလောက်ပဲ ဖြစ်စေချင်တာ။ ဒါပေမဲ့ သူတို့က လမ်းသစ်တစ်ခုကို
ဖောက်ဖို့အတွက် အားသန်နေကြတယ်။ နေ့ည ဂိမ်းဆိုင်မှာချည်းပဲ။ လတ်တလော အိမ်က သားကတော့
အချင်းချင်း ပိုက်ဆံကြေး ဆော့နေကြတာပဲ။ ပြိုင်ပွဲတွေ ဘာတွေ ဆော့တာတော့
မတွေ့ဖူးသေးဘူး” ဟု ဂိမ်းဝါသနာရှင် သားတစ်ဦး၏ ဖခင်ဖြစ်သူ ဦးအေးကိုက ပြောကြားသည်။
ဥရောပနိုင်ငံများနှင့်
အာရှတိုက်အချို့ နိုင်ငံများတွင် e-Sports ပြိုင်ပွဲပေါင်း များစွာကို လစဉ်
ကျင်းပနေပြီး ဆုကြေးများမှာလည်း မက်လောက်စရာပင် ဖြစ်သည်။ ဥပမာအားဖြင့်
ဂျာမနီနိုင်ငံ ဖရန့်ဖတ်မြို့တွင် လာမည့် ဇူလိုင်လ ၂၈ ရက်၊ ၂၉ ရက်နေ့များတွင်
ကျင်းပမည့် ESL One Dota 2 ပြိုင်ပွဲကို ဥရောပတိုက်မှ အင်အားကြီး ဂိမ်းကလပ်
သုံးခု၊ အမေရိကတိုက်မှ တစ်သင်း၊ အာရှမှ တစ်သင်းနှင့် တရုတ်နိုင်ငံမှ
အသင်းတစ်သင်းတို့အပြင် ဖိတ်ကြားခံ အသင်းနှစ်သင်းတို့ ယှဉ်ပြိုင်ကြမည် ဖြစ်ပြီး
အနိုင်ရရှိသော အသင်းမှာ အမေရိကန်ဒေါ်လာ ရှစ်သောင်းကျော်ခန့် အနည်းဆုံး ရရှိမည်
ဖြစ်သည့်အပြင် ကျန်အသင်းများလည်း အမေရိကန်ဒေါ်လာ လေးသောင်း၊ နှစ်သောင်း၊
တစ်သောင်းကျော် ဆုကြေးများကို ရရှိမည် ဖြစ်သည်။
နိုင်ငံတကာ
e-Sports လောကကို မျှော်ကြည့်နေသော လူငယ်များအတွက် မျှော်လင့်ချက် များစွာ
ရှိနိုင်သလို တစ်လလျှင် ပြိုင်ပွဲတစ်ပွဲမျှ မကျင်းပသော မြန်မာ e-Sports လောကကို
မှီခိုမည့် လူငယ်များအတွက် မိဘများ ရင်လေးကျသည်မှာလည်း မိဘများအလွန် မဟုတ်ချေ။
မြန်မာနိုင်ငံတွင် အာရှအဆင့်အထိ အောင်မြင်သော G-Seven ကဲ့သို့ အသင်းကြီးများ
ရှိသော်လည်း လက်ချိုးရေတွက်လျှင် ဆယ်ချောင်းပြည့်မည် မဟုတ်ပေ။
“ကျွန်တော်တို့
စဆော့တုန်းက ပြည်တွင်းပွဲလေးတွေပဲ ဆော့ရတာ။ နောက်မှ Online ကနေ SEA ပွဲလေးတွေ
ဆော့တယ်။ အဲဒီကမှတစ်ဆင့် ဖိတ်တဲ့ပြိုင်ပွဲတွေကို ဆော့တယ်။ နိုင်ငံခြားမှာ ဆော့ဖို့ဆိုတာက
စပွန်ဆာ လိုတယ်။ ပြည်တွင်းမှာ e-Sports နဲ့ ပတ်သက်ပြီး လှုပ်ရှားတဲ့ အဖွဲ့အစည်း
နည်းသေးတယ်။ နောက်ပြိုင်ပွဲတွေ အရမ်းနည်းပါတယ်” ဟု G-Seven အသင်းခေါင်းဆောင် Kenji
က ဆိုသည်။
ယခင်က
ဘောလုံးအားကစားသမားများကို ဝင်ငွေပုံမှန် ရရှိနေသော အခြားသူများကဲ့သို့ လေးစားခဲ့ခြင်း
မရှိခဲ့ဘဲ မြန်မာနိုင်ငံ ဘောလုံးလောကကို ပရော်ဖက်ရှင်နယ် အဆင့်သို့ ၂၀၀၉ ခုနှစ်မှ
စတင်ကာ တိုးမြှင့်ခဲ့ပြီးနောက်တွင်မူ ပုံမှန်ဝင်ငွေ ရှိလာခဲ့ခြင်း၊ ပြိုင်ပွဲများ
ဆက်တိုက်ဆိုသလို ရှိနေခြင်းကြောင့် မိဘများအနေနှင့် မိမိတို့၏ သားသမီးများ
ဘောလုံးအားကစားနည်းကို အသက်မွေးဝမ်းကျောင်း ပညာရပ်တစ်ခုအဖြစ် လေ့လာနေခြင်းကို
လက်ခံလာကြသည်။ “e-Sports က အားကစားပါပဲ။ ဘောလုံးကောင်းကောင်း ကစားနိုင်ရင်
လစာကောင်းကောင်း ရနိုင်သလို ဂိမ်းကောင်းကောင်း ဆော့နိုင်ရင်လည်း လခ ကောင်းကောင်း
ရနိုင်ပါတယ်။ ဒါပေမဲ့ e-Sports မဖွံ့ဖြိုးသေးတဲ့ နိုင်ငံတွေ အတွက်တော့ ဂိမ်းကို
တစ်သမတ်တည်း လိုက်ဖို့ဆိုတာက တော်တော်ခက်ခဲမယ်။ မိဘတွေ နားလည်လာဖို့အတွက်
ကျွန်တော်တို့ ကြိုးစားမှာပါ။ အားကစားပွဲတိုင်းမှာတော့ ထောက်ပံ့တဲ့ စပွန်ဆာလိုတယ်
သူတို့ကလည်း e-Sports ဖွံ့ဖြိုးရေးအတွက် အရေးကြီးတဲ့အပိုင်းမှာ ပါပါတယ်” ဟု Kenji
က ဆိုသည်။
e-Sports
ဖွံ့ဖြိုးပြီးဖြစ်သော နိုင်ငံများတွင် ပညာရှင်များက e-Sports ၏ လူငယ်များအပေါ်
လွှမ်းမိုးမှုကို လေ့လာမှုများ ပြုခဲ့ကြပြီး ဘေးထွက်ဆိုးကျိုးများကို
စာတမ်းပြုစုခဲ့ကြသည်။ ဂိမ်းကစားချင်းကို စွဲမက်သွားသော လူငယ်များအနေနှင့်
လူမူရေးဆက်ဆံမှုဆိုင်ရာ ကိစ္စရပ်များတွင် များစွာ ကျဆင်းသွားခြင်း၊ မိမိနေထိုင်ရာ
ပတ်ဝန်းကျင်နှင့် အံမဝင်ခြင်းများအပြင် ကျောင်းစာများကို စိတ်ပါဝင်စားမှု
အားနည်းလာခြင်း၊ စိတ်ဖိစီးမှု များပြားခြင်းများ ဖြစ်ပွားတတ်ပြီး ကောင်းကျိုးများ
အနေနှင့် အရက်သေစာ၊ မူးယစ်ဆေးများ၊ မိန်းမကိစ္စ အရှုပ်အရှင်းများကို
စိတ်ပါဝင်စားခြင်း မရှိတတ်ကြောင်း စာတမ်းတွင် ဖော်ပြထားသည်။
“အိမ်ကသား
ဂိမ်းဆော့လို့ စာမေးပွဲကျတာ ၂ နှစ် ဖြစ်သွားပြီ။ သူတို့ နေ့ရော ညပါ
ဂိမ်းဆော့နေတတ်ကြတယ်။ ကောင်းတာတစ်ခုဆိုလို့ ခိုက်ရန်ဖြစ်ပွားတာ၊ အရက်သောက်တာ၊
မူးယစ်ဆေးသုံးတာ၊ နောက်ဆုံး ရည်းစားကအစ သူမထားဘူး။ အဲဒီဂိမ်းကိုပဲ စွဲလမ်းနေတယ်
ထင်ရတယ်” ဟု GTC ပထမနှစ် ကျောင်းသားတစ်ဦး၏ မိခင်ဖြစ်သူ ဒေါ်ရည်မွန်သန့်က ဆိုသည်။
၂၀၁၄
ခုနှစ် ဇူလိုင်လ ၁၈ ရက်နေ့မှ ၂၁ ရက်နေ့အထိ အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီတွင်
Dota 2 Championship The International 2014 ကျင်းပမည်ဖြစ်ပြီး ဆုကြေးအဖြစ်
အမေရိကန်ဒေါ်လာ ၂ သန်းကျော်ကို ချီးမြှင့်မည် ဖြစ်ကာ အဆိုပါပြိုင်ပွဲ
တိုက်ရိုက်ကြည့်ရှုခွင့် လက်မှတ်ကို အမေရိကန်ဒေါ်လာ ၉၉၊ ၁၉၉ နှင့် ၄၉၉ ဒေါ်လာအထိ
သတ်မှတ်ထားပြီး ထိုင်ခုံအလုံး တစ်သောင်းစာ လက်မှတ် အားလုံး ၁ နာရီအတွင်း
ရောင်းကုန်သွားကြောင်း သိရှိရသည်။
အသက်မွေးဝမ်းကျောင်း
အားကစားတစ်ခုအဖြစ် ရပ်တည်နိုင်သော e-Sports အပေါ် လုံးဝလက်မခံနိုင်သော
လူကြီးများနှင့် အခွင့်အလမ်း နည်းပါးနေသေးသော e-Sports လမ်းကြောင်းကို ပညာရေး
အထိခိုက်ခံကာ တစ်ဖက်တည်း မျက်စိမှိတ် တိုးဝင်နေသော လူငယ်အချို့ကြား
ညှိနှိုင်းပြင်ဆင်ရန် လိုအပ်ချက်များ ရှိနေသည်။
အောင်သော်ဖြိုး
No comments:
Post a Comment