Thursday, July 24, 2014

Goodnight IT

ယခင်ကကျန်းမာရေးအတွက် သတိပေးချက်များတွင် အိပ်ရာမ၀င်ခင် ရုပ်မြင်သံကြားမကြည့်ရန်၊ အထူးသဖြင့် ပစ်ခတ်ခန်းများပါသည့် ချောက်ချားဖွယ်ဇာတ်လမ်းများမကြည့်ရန် အကြံပြုထားသည်။ တီဗွီဖန်သားပြင်မှထွက်သည့် လှိုင်းများနှင့် ဦးနှောက်ကိုလှုံ့ဆော်သဖြင့် အိပ်စက်အနားယူရာတွင် အနှောင့်အယှက်ဖြစ်သည်ဟုဆိုသည်။
သေးငယ်လှသော စမတ်ဖုန်း၊ အီလက်ထရွန်နစ်စာအုပ် (E-book)၊ ဂိမ်း၊ လက်ပ်တော့၊ ကွန်ပျူတာတို့ကို အိပ်ရာထဲသို့ယူဆောင်လာချိန်ကစပြီး လူအများ၏အိပ်စက်နားနေမှုများ ထိခိုက်လာသည်။ ဆက်သွယ်မှုနည်းပညာများက အွန်လိုင်းမှဖျော်ဖြေမှုအမျိုးမျိုး၊ သတင်းအမျိုးမျိုးကို အဆက်မပြတ်တင်ပေးနေသဖြင့် လူအများမှာ အချိန်ကိုသတိမမူမိတော့ဘဲ အွန်လိုင်းတွင်သာ တမေ့တမောဖြစ်နေချိန် ပိုများလာနေသည်။
အမေရိကန်နိုင်ငံရှိ လူအများအိပ်စက်နားနေမှုကို National Sleep Foundation က လေ့လာစစ်တမ်းကောက်ယူရာတွင် အမေရိကန် ၉၅ ရာခိုင်နှုန်းက မအိပ်ခင်တစ်နာရီတွင် လျှပ်စစ်ပစ္စည်းတစ်မျိုးမျိုးကို အသုံးပြုနေကြကြောင်း တွေ့ရသည်။ အရွယ်ရောက်သူ ၈၉ ရာခိုင်နှုန်းနှင့် ကလေး ၇၅ ရာခိုင်နှုန်းင လျှပ်စစ်သုံးပစ္စည်းအနည်းဆုံးတစ်ခုကို အိပ်ခန်းထဲတွင်ထားရှိသည်ဟု ဆိုသည်။
ယင်းစက်ပစ္စည်းများ အနားတွင်ရှိနေခြင်းက လူတို့၏အိပ်စက်ခြင်းကို အမျိုးမျိုး အနှောင့်အယှက်ဖြစ်စေသည်ဟုဆိုသည်။ အကြီးဆုံးပြဿနာမှာ ယင်းစက်ပစ္စည်းများကို ညဘက်တွင် မပိတ်ဘဲထားခြင်းဖြစ်ပြီး စက်ပစ္စည်းမှအလင်းရောင်နှင့် အသံတို့က အိပ်စက်ခြင်းကို အနှောင့်အယှက်ဖြစ်စေသည့်အပြင် ခန္ဓာကိုယ်တွင်းဟော်မုန်းများကို ပြောင်းလဲစေသည်။ စက်ပစ္စည်းမှထွက်နေသည့် အလင်းရောင်ဖျဖျကြောင့် လူ့ခန္ဓာကိုနေ့အချိန်ဟုယူဆစေပြီး မယ်လ်လတိုနင် (Melatonin)ခေါ် ဟော်မုန်းထုတ်လုပ်မှုကို ရပ်တန့်လိုက်သည်။ ယင်းဟော်မုန်းက နှစ်နှစ်ခြိုက်ခြိုက်အိပ်စက်နိုင်ရန် ထိန်းပေးသည့်ဓာတ်ဖြစ်သည်။
သတင်းများနှင့် ဂိမ်းများကလည်း စိတ်ကိုလှုပ်ရှားစေသဖြင့် အကြောဖြေလျှော့ပြီး အပ်ပျော်သွားရန် ခက်ခဲစေသည်။ ကွန်ပျူတာနှင့် မိုဘိုင်းဖုန်းကို အိပ်ရာမ၀င်မီအသုံးပြုသူများတွင် အိပ်မပျော်သောရောဂါ ဖြစ်ပေါ်စေကြောင်း လေ့လာသုံးသပ်ချက်ကို ၂၀၁၃ခုနှစ်က ထုတ်ပြန်သည့် အိပ်စက်ခြင်းအမူအကျင့်ဆိုင်ရာ ဆေးပညာစာစောင်တွင်ဖော်ပြထားသည်။
အကယ်၍ မိုဘိုင်းဖုန်းကိုဖွင့်ထားလျှင် အနီးဆုံးတွင်ရှိသည့် ဆက်သွယ်ရေးတာဝါ (Cell Tower)နှင့် အမြဲချိတ်ဆက်နေပြီး အဆင့်နိမ့်သော ရေဒီယိုသတ္တိကြွလှိုင်းကို ထုတ်လွှတ်နေသည်။ ယင်းလှိုင်း၏ လူ့ကျန်းမာရေးအပေါ် ရိုက်ခတ်မှုကို အသေအချာမသိရသေးသော်လည်း အိပ်ချိန်မတိုင်မီ သုံးနာရီကြာသည်အထိ ယင်းလှိုင်းနှင့်ထိတွေ့သူများသည် အခြားသူများထက် အိပ်ပျော်ရန်ခက်ခဲပြီး နှစ်နှစ်ခြိုက်ခြိုက်ဆက်တိုက်အိပ်စက်ရန် ခက်ခဲကြောင်းလေ့လာမှုတစ်ခုကဆိုသည်။ နှိုးစက်အသုံးပြုရာတွင်လည်း ရိုးရိုးနှိုးစက်ကိုသာသုံးသင့်ပြီး မိုဘိုင်းဖုန်းနှိုးစက်ကို ရှောင်သင့်သည်ဟုဆိုသည်။
စက်များအားလုံးသည် ဘက်ထရီအားဖြည့်ရန်လိုအပ်သလို မိမိကိုယ်တိုင်လည်း နောက်တစ်နေ့အတွက် အားဖြည့်နိုင်ရေး နှစ်နှစ်ခြိုက်ခြိုက်အိပ်ချိန်လိုအပ်သဖြင့် အိပ်ရာမ၀င်မီချစ်လှစွာသော ခေတ်မီနည်းပညာဖျော်ဖြေရေးကိရိယာများကို Goodnight လုပ်ပြီး မိမိအိပ်ခန်းအပြင်ကို ထုတ်ပစ်လိုက်ပါဟု ကျန်းမာရေးပညာရှင်များက အကြံပြုထားပါသည်။
ခင်မေဇော် (၀ါရှင်တန်ဒီစီ)
Printed by 7 Day Daily

No comments:

Post a Comment