၂၁
ရာစုနှောင်းပိုင်းမှာ လူတွေကြားထဲ ရေပန်းစားလာခဲ့တဲ့ စကားလုံးတစ်လုံးရှိပါတယ်။
အဲဒါကတော့ တခြားမဟုတ်ပါဘူး။ အင်တာနက်လိုင်း မကောင်းဘူးပဲဖြစ်ပါတယ်။ အခုချိန်မှာ
အင်တာနက်ရဲ့ အရေးပါမှုကလည်း တဖြည်းဖြည်း တွင်ကျယ်လာတဲ့အခါမှာ အင်တာနက်ကို
အားကိုးရတဲ့ ပမာဏကလည်း များပြားလာပါတယ်။ အင်တာနက်ဆိုတာကလည်း မိမိတို့ သိလို၊
တတ်လိုတဲ့ အသိပညာ အတတ်ပညာမှန်သမျှကို စိတ်ရှိလက်ရှိ မွှေနှောက်နိုင်တဲ့
ဗိမာန်ကြီးတစ်ခုလိုဖြစ်နေတော့ ဒီလိုမျိုး အင်တာနက်ကို အလွန်တရာ အားကိုးလာတာကို
အပြစ်လို့ မဆိုသာတော့ပါဘူး။
လူငယ်တွေအနေနဲ့
အင်တာနက်ပေါ်မှာ အချိန်ဖြုန်းတာများလာသလို လူကြီးတွေအနေနဲ့ကလည်း အင်တာနက်ကတစ်ဆင့်
ဆက်သွယ်ကြ၊ စာဖတ်ကြနဲ့ ခေတ်သစ်လူနေမှုဘ၀မှာ အင်တာနက်က
ရာခိုင်နှုန်းတော်တော်များများကို ချုပ်ကိုင်လာနိုင်ပါတယ်။ ဒါဆိုရင်
ဒီလိုအလွန်တရာအားကိုးနေရတဲ့ အင်တာနက်ကြီး ရုတ်တရက်ပြတ်တောက်သွားမယ်၊ အင်တာနက်ကို
လုံးဝလုံးဝ အသုံးပြုလို့ မရတော့ဘူးဆိုရင် ဘယ်လိုဖြစ်ကြမလဲ။ ဒီကိစ္စကို PC Pro
မဂ္ဂဇင်း အယ်ဒီတာ နီကိုးလ်ကိုဘီက ဆောင်းပါးတစ်ပုဒ်ရေးသားထားပါတယ်။
အင်တာနက်ဆိုတာ
ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ အရှိန်အဟုန်ကောင်းကောင်းနဲ့ တိုးတက်လာနေတဲ့
နည်းပညာတစ်ရပ် ဖြစ်ပေမယ့် ဖွံ့ဖြိုးတိုးတက်ပြီး နိုင်ငံတွေမှာတော့
အားကောင်းနေပြီးသားဖြစ်တဲ့ နည်းပညာပါပဲ။ ဒီလိုမျိုး နိုင်ငံကြီးတွေမှာလည်း
အင်တာနက်ကို အားကိုးအားထားရမှုက တခြားဖွံ့ဖြိုးဆဲနိုင်ငံတွေထက် ပိုပါတယ်။
ဆိုရမယ်ဆိုရင် ဗြိတိန်လို၊ အမေရိကန်လို နိုင်ငံမျိုးမှာ အင်တာနက်ပြတ်တောက်ဖို့ဆိုတာ
အခုချိန်မှာ လုံးဝမဖြစ်နိုင်တဲ့ ကိစ္စတစ်ရပ်ပါပဲ။ ကျွမ်းကျင်ပညာရှင်များကတောင်
ဒီကိစ္စက မဖြစ်နိုင်ဘူးလို့ အခိုင်အမာ ပြောကြားထားပါတယ်။
ဒါပေမဲ့လည်း
Cambridge တက္ကသိုလ် ကွန်ပျူတာဌာန နက်ဝက်ခ်စနစ်များရဲ့ ပါမောက္ခ
ဂျွန်ခရောင်းဖို့ကတော့ သူ့ရဲ့ သုတေသနတွေအရ အင်တာနက် ပြတ်တောက်မှုဆိုတာက
လျှပ်စစ်ပြတ်တောက်မှု၊ ရေပြတ်တောက်မှု၊ ဖြစ်နိုင်ခြေအနေအထားမှာ ရှိတယ်လို့
ဆိုထားပါတယ်။
တကယ်တော့
အင်တာနက်ပြတ်တောက်ဖို့ဆိုတာ နည်းလမ်းအမျိုးမျိုးနဲ့ ဖြစ်ပေါ်နိုင်ပါတယ်။ အစိုးရက
ရည်ရွယ်ချက်ရှိရှိ ဖြတ်တောက်၍ ဖြစ်စေ၊ လျှပ်စစ်လိုင်း ပြတ်တောက်လို့ဖြစ်စေ၊
အကြမ်းဖက်အဖွဲ့များက တိုက်ခိုက်လို့ဖြစ်စေ၊ ဟက်ကာများက တိုက်ခိုက်လို့ဖြစ်စေ
နည်းလမ်းအမျိုးမျိုးးနဲ့ ပြတ်တောက်သွားနိုင်ပါတယ်။
ပါမောက္ခ
ခရောင်းဖို့ရဲ့ အဆိုကို ထောက်ခံတဲ့အချက်တွေကလည်း ၂၀၁၄ ခုနှစ်မှာ အဆက်မပြတ်ကို
ဖြစ်ပေါ်လာနေပါတယ်။ ဒီနှစ်ထဲမှာပဲ အကြမ်းဖက်မှုတွေကြောင့် အီဂျစ်နဲ့
ဆီးရီးယားနိုင်ငံတွေမှာ အင်တာနက်ကို အစိုးရက ခေတ္တပိတ်ထားခဲ့ရပါတယ်။
“အီဂျစ်နဲ့
ဆီးရီးယား၊ ဆူဒန်တို့လို နိုင်ငံတွေမှာ အင်တာနက်ပြတ်တောက်သွားတာက ထင်ရှားတဲ့
ဥပမာတွေပဲ၊ နိုင်ငံတွေမှာ အင်တာနက်ပြတ်တောက်သွားပြီဆိုရင် ကမ္ဘာကြီးနဲ့ဆက်သွယ်ဖို့ဆိုတာ
အလွန်တရာမှ ခက်ခဲသွားပါပြီ”ဟု ခရောင်းဖို့က ဆိုခဲ့ပါတယ်။
နိုင်ငံတစ်နိုင်ငံမှာ
အင်တာနက်ပြတ်တောက်သွားမယ်ဆိုရင် ပထမဆုံးကြုံတွေ့နိုင်ရတဲ့ အခက်အခဲက ဆက်သွယ်ရေးပဲ
ဖြစ်ပါတယ်။ သာမန်ပြည်သူတွေ အချင်းချင်းဆက်သွယ်ရ ခက်ခဲသွားနိုင်သလို အစိုးရဌာန
အချင်းချင်းလည်း သတင်းထုတ်ပြန်မှု၊ သတင်းပေးပို့မှုတွေက တစ်မုဟုတ်ချင်း
ပြတ်တောက်သွားနိုင်တဲ့ ဒုက္ခနဲ့ ရင်ဆိုင်သွားရနိုင်ပါတယ်။
ဒါ့အပြင်
နိုင်ငံအချင်းချင်း ဆက်သွယ်မှုတွေက ခက်ခဲနှေးကွေးသွားနိုင်ပြီး အင်တာနက်မရှိတဲ့
နိုင်ငံအတွင်း ဖြစ်ပေါ်နေတဲ့ အချင်းအရာတွေကိုလည်း အခြားနိုင်ငံများက မသိနိုင်တော့တဲ့အတွက်
နိုင်ငံအတွင်း အကြမ်းဖက်မှုတွေ ဖြစ်ပွားနေရင်တောင် အခြားနိုင်ငံတွေက သိဖို့
အခွင့်အရေး နည်းပါးသွားနိုင်လိမ့်မယ်လို့ အီဂျစ်၊ ဆီးရီးယား
အင်တာနက်ပြတ်တောက်မှုကို ကနဦးသိရှိခဲ့တဲ့ Renesys နက်ဝက်ခ် ကုမ္ပဏီရဲ့
နည်းပညာအကြီးအကဲ ဂျင်ကိုဝီက ပြောကြားခဲ့ပါတယ်။
“မြောက်ကိုရီးယားလို
နိုင်ငံမျိုးမှာ အင်တာနက်ပြတ်တောက်သွားမယ်၊ အကြမ်းဖက်မှုတွေ ဖြစ်ပွားနေတဲ့
ဆီးရီးယားလို နိုင်ငံမျိုးနဲ့ အာဖဂန်လိုနိုင်ငံမျိုးတွေမှာ
အင်တာနက်ပြတ်တောက်သွားမယ်ဆို အဲဒီက သတင်းတွေ ရယူနေတဲ့ သတင်းသမားတွေသာမက၊
အစိုးရအတွက် နိုင်ငံတကာကို သတင်းထုတ်ပြန်ဖို့ ခက်ခဲသွားလိမ့်မယ်”လို့ ကိုဝီက
မှတ်ချက်ပေးထားပါတယ်။
ဒီလိုမျိုးကိစ္စတွေအပြင်
အထက်က ဆိုခဲ့သလို အင်တာနက်ကို ရည်ရွယ်ချက်ရှိရှိ ဖြတ်တောက်ခဲ့တဲ့ ဖြစ်ရပ်တွေလည်း
ရှိခဲ့ပါတယ်။ ရုန်းရင်းဆန်ခတ်မှုတွေ ဖြစ်ခဲ့အတွက် အီဂျစ်အစိုးရက
အင်တာနက်လိုင်းတချို့ကို ဖြတ်တောက်ခဲ့သလို ဆီးရီးယားဆိုရင်လည်း တစ်နိုင်ငံလုံး
အင်တာနက်ကို ဖြတ်တောက်ခဲ့တယ်။ ဒီလိုမျိုး ရည်ရွယ်ချက်က သူတို့ရဲ့နိုင်ငံကို
တခြားနိုင်ငံတွေက စုံစမ်းထောက်လှမ်းမှု မပြုလုပ်နိုင်အောင်
သတင်းအမှောင်ချထားချင်လို့ ဖြစ်တယ်လို့ ပါမောက္ခခရောင်းဖို့က ပြောကြားခဲ့ပါတယ်။
“အင်တာနက်က
နိုင်ငံတွေရဲ့ တစ်နိုင်ငံအပေါ် တစ်နိုင်ငံ စုံစမ်းမှုတွေ၊ သူလျှိုလုပ်ငန်းတွေအတွက်
အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ရပ်မှာ ပါဝင်ပါတယ်၊ ဒါကြောင့် တချို့နိုင်ငံတွေက
ဆိုးရွားတဲ့ ပဋိပက္ခမျိုးဖြစ်လာပြီဆို အခြားနိုင်ငံတွေက ၀င်ရောက်ဆက်သွယ်ဖို့
ခက်ခဲအောင် ရည်ရွယ်ချက်ရှိရှိ အင်တာနက်ကို ဖြတ်တောက်လိုက်ကြတယ်”လို့ ခရောင်းဖို့က
ဆိုပါတယ်။
အင်တာနက်ပြတ်တောက်မှုက
နိုင်ငံရေးနဲ့ လူမှုရေးအတွက် အကျိုးသက်ရောက်တဲ့အပြင် စီးပွားရေးနဲ့ ပညာရေးအတွက်လည်း
များစွာ ထိခိုက်နစ်နာစေပါတယ်။ နိုင်ငံကြီးတွေရဲ့ စီးပွားရေးလုပ်ငန်းများအားလုံးက
အင်တာနက်ပေါ်က လွယ်လွယ်ကူကူလုပ်ဆောင်နိုင်ဖို့ ပြုလုပ်ထားတဲ့အတွက် အင်တာနက်သာ
ပြတ်တောက်သွားမယ်ဆိုရင် electronic banking လို၊ mobile banking ၊ mobile payment
လို ငွေကြေးစနစ်တွေ ပြတ်တောက်သွားနိုင်ပါတယ်။ ဒါအပြင် အင်တာနက်ပေါ် အားကိုးပြီး
လုပ်ကိုင်နေရတဲ့ ကြော်ငြာလုပ်ငန်းတွေ၊ ၀က်ဘ်ဆိုက်ကုမ္ပဏီတွေလည်း ဆုံးရှုံးမှုများစွာ
ဖြစ်ပေါ်လာနိုင်တယ်လို့ ခရောင်းဖို့က ဆိုပါ တယ်။
၂၀၀၇
ခုနှစ်က ကုန်ထုတ်လုပ်မှုများ အားလုံးရဲ့ တင်သွင်းမှုများထဲမှာ e-commerce ရဲ့
ပါဝင်မှုနှုန်းက ၃၅ ရာခိုင်းနှုန်းရှိတယ်လို့ အမေရိကန်အချက်အလက် ကောက်ခံရေးဗျူရိုက
ဆိုပါတယ်။ ၃၅ ရာခိုင်နှုန်းဆိုတာကို ငွေကြေးနဲ့ ပြန်လည်တွက်ရမယ်ဆိုရင်တော့ ၁ ဒသမ ၈
ထရီလီယံ ရှိနေပါတယ်။ ဒါကြောင့် အခုလို အချိန်မှာ အင်တာနက်သာ ပြတ်တောက်ခဲ့မယ်ဆိုရင်
နိုင်ငံတစ်နိုင်ငံရဲ့ စီးပွားရေးအားလုံးက ချွတ်ခြုံကျသွားနိုင်ခြေရှိပါတယ်။
စီးပွားရေးအင်အားကြီးနိုင်ငံတွေမှာ
အင်တာနက်ပြတ်တောက်မှုအတွက် စီးပွားရေးထိခိုက်မှု အကြီးအကျယ် ဖြစ်ပေါ်လာနိုင်ပြီး
ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာလည်း အကြီးအကျယ်မဟုတ်ရင်တောင် အင်အားကြီးနိုင်ငံတွေရဲ့
ရိုက်ခတ်မှုတွေရှိလာနိုင်တယ်လို့ Renesys ရဲ့ နည်းပညာအကြီးအကဲ ကိုဝီက ဆိုပါတယ်။
“နိုင်ငံငယ်လေးတွေမှာ
သိပ်မထိခိုက်နိုင်ဘူးဆိုပေမယ့် စီးပွားရေးအင်အားကြီး နိုင်ငံတွေနဲ့
ချိတ်ဆက်ကုန်ကူးရမယ့် အခက်အခဲကတော့ ရှိနေဦးမှာပဲလေ”ဟု ကိုဝီက
မှတ်ချက်ပြုထားပါတယ်။ ပညာရေးအပိုင်းကို ကြည့်မယ်ဆိုရင်လည်း အင်တာနက်ကတစ်ဆင့်
သင်ယူနေရတာတွေ၊ အင်တာနက်ကတစ်ဆင့် သင်တန်း ပို့ချရတာတွေမှာ အခက်အခဲတွေ့လာနိုင်တယ်။
ဒါ့အပြင် အင်တာနက်ကို အားကိုးထားရတဲ့ အင်တာနက် အစီအစဉ်တွေကလည်း
ချက်ချင်းလက်ငင်းဆိုသလို ရပ်တန့်သွားပါလိမ့်မယ်။
“ကျွန်တော်တို့
တက္ကသိုလ်မှာတင် အင်တာနက်ကတစ်ဆင့် သင်တန်းပို့ချရတာ၊ အင်တာနက်ကတစ်ဆင့် project
တင်ရတာ၊ စာမေးပွဲဖြေရတာမျိုးတွေ ရှိတယ်၊ အင်တာနက်သာ ပြတ်တောက်သွားမယ်ဆိုရင်တော့
ဒီကိစ္စတွေက ဖြစ်လာနိုင်စရာအကြောင်းလည်း မရှိတော့ပါဘူး”ဟု ခရောင်းဖို့က
ပြောကြားခဲ့ပါတယ်။
ဒါကြောင့်
၂၁ ရာစုနှောင်းပိုင်းလို အင်တာနက်ခေတ်ကြီးထဲ အင်တာနက်သာ မရှိတော့ဘူးဆိုရင်
ကျွန်တော်တို့ နေတတ်ကြပါဦးမလား၊ အင်တာနက်စနစ်အပေါ် မှီခိုထားရတဲ့ စီးပွားရေး၊
လူမှုရေး၊ ပညာရေး၊ နိုင်ငံရေးစနစ်တွေကတော့ ဆက်လက်ရပ်တည်နိုင်ဦးမလား ဆိုတာကတော့
သံသယဖြစ်စရာပါ။ နိုင်ငံတွေရဲ့ အင်တာနက်အပေါ် မှီခိုတည်ဆောက်ထားတဲ့စနစ်တွေကကော
ဆက်လက်ရပ်တည်နိုင်မလာဘူး ဆိုတာကတော့ မတွေးရဲစရာ အခြေအနေမှာသာ ရှိနေပါတော့တယ်။
Ref:
How Stuff Works: What would happen if the Internet collapsed ကို
ဘာသာပြန်ထားခြင်း ဖြစ်ပါသည်။
No comments:
Post a Comment