မိမိတို့ငယ်စဉ်က
ရေခဲမုန့်ရောင်းသည့်ကားများ သီချင်းတကြော်ကြော်ဖြင့် ဖြတ်သွားသည့်မြင်ကွင်းကို မှတ်မိကြပါလိမ့်မည်။
ယင်းကားနောက်မှ ကလေးများတရုန်းရုန်းလိုက်ကြသည်ကိုလည်း သတိရမိသည်။ သီချင်းသံက ရေခဲမုန့်ကားအတွက်
ကြော်ငြာဖြစ်ပါသည်။ ယနေ့တိုင် ယင်းရေခဲမုန့်ကားများ အလုပ်ဖြစ် သေးသလို အခြားအစားအသောက်ကားများလည်း
လမ်းမပေါ်တွင် နေရာယူလာနေသည်။ သို့သော် ကျယ်လောင်လှသည့် လော်စပီကာအသံများနှင့်တော့မဟုတ်တော့ပါ။
အသံမထွက်သော်လည်း ခရီးတာ သွားလှသည့် အင်တာနက်ကွန်ရက်များမှဖြစ်သည်။
ရုံးသမား၊
အလုပ်သမားများပြားသော လူစည်ကားရာနေရာများတွင် ဆိုင်ခန်းများက ဈေးကြီးသည်။ ယင်းအတွက်
အစားအသောက်ကလည်း ဈေးကြီးလာသည်။ လမ်းဘေးဈေးသည်များကို ယာဉ်ကြော၊ လမ်းကြောပိတ်၍ ရောင်းဝယ်ခွင့်မပြု။
ထိုအခါ အမေရိကန်နိုင်ငံမြို့ကြီးများတွင် ယင်းလမ်းဘေးဈေးသည် လိုအပ်ချက်ကို Food
Truck ဟုခေါ်သည့် ထရပ်ကားများဖြင့် လှည့်လည်ရောင်းချသည့် နေ့လယ်စာထရပ်ကားလုပ်ငန်းများက
အစားထိုးဝင်ရောက်လာသည်။ ကားတွင်းတော့ဝင်ထိုင်၍မရပါ။ ယင်းတို့ကို မိုဘိုင်းစားသောက်ဆိုင်
(ရွှေ့ပြောင်းစားသောက်ဆိုင်)ဟုလည်း လူသိများသည်။ နေ့လည်ထမင်းစားချိန်နီးလျှင် မြို့တွင်းတွင်
ယင်းအစားအသောက်ကားများ ခေတ္တရပ်နားခွင့်ရသည့် နေရာတွင် နိုင်ငံတကာမှအစားအစာများကို ကားပေါ်၌ရောင်းချနေသည့်မြင်ကွင်းကို
နေရာတကာတွေ့လာ ရသည်။ အစားအစာအဖြစ်မှတ်ပုံတင်ရပြီး ကားပေါ်တွင်ပါသည့် မီးဖို၊ ရေခဲသေတ္တာ၊
သန့်ရှင်းရေး၊ လုံခြုံရေးတို့ကို ပုံမှန်စစ်ဆေးခံရသည်။ ယနေ့ဆိုလျှင် ယင်းကားစားသောက်ဆိုင်လုပ်ငန်းသည်
အတော်ပင်ကြီးမားလာနေသည်။
ဈေးချင်းတူလျှင်ပင်
ကားဖြင့်လာရောင်းသော အစားအသောက်ကို စိတ်ဝင်တစားစောင့်ပြီး တန်းစီဝယ်သူကမနည်းလှပါ။ တရုတ်၊
ကိုရီးယား၊ အိန္ဒိယ၊ စပိန်၊ မက္ကဆီကို၊ အမေရိကန်၊ ဗီယက်နမ်နှင့် နိုင်ငံပေါင်းစုံမှ အစားအသောက်များကို
ကိုယ်သန်ရာချက်ပြုတ်ရောင်းချကြသည်။
လောစ်အိန်ဂျလိစ်အခြေစိုက်
လမ်းဘေးအစားအစာလုပ်ငန်း ကုမ္ပဏီကြီးတစ်ခု၏ ထုတ်ပြန်ချက်အရ ယင်းလုပ်ငန်းတွင် ဒေါ်လာသန်းတစ်ထောင့်လေးရာကျော်
လည်ပတ်နေသည်ဟုဆိုသည်။ ပြီးခဲ့သည့်ငါးနှစ် အတွင်း မိုဘိုင်းစားသောက်ဆိုင်လုပ်ငန်း ၁၅
ရာခိုင်နှုန်းတိုးလာသည်ဟုဆိုသည်။ မိုဘိုင်းကားစားသောက် ဆိုင် အရေအတွက်အစစ်အမှန်ကို သိရန်တော့မလွယ်ပါ။
အများအားဖြင့်
ဈေးချိုပြီးအမျိုးစုံလှသည့် မနက်စာ၊ နေ့လယ်စာများကို ၀ယ်ယးစားသောက်နိုင်ခြင်းကြောင့်
ရုံးသမားများအသုံးများလာသည်။ လုပ်ငန်းကို မိသားစု (သို့မဟုတ်) မိတ်ဆွေနှစ်ဦး၊ သုံးဦးဖြင့်
စတင်နိုင်သလို ကားတစ်စီးရင်းပြီးလျှင် လုပ်ငန်းစ၍ရနေပြီဖြစ်သောကြောင့် လုပ်ကိုင်လာသူကလည်း
များပြားလာသည်။
ဆိုင်ခန်းငှားရမ်းပြီး
ဆိုင်ဖွင့်ရာတွင် အရင်းအနှီးကြီးလှသည့်အပြင် အရောင်းထိုင်းလျှင် ပတ်ဝန်းကျင်ကအလုပ်မဖြစ်လျှင်
အရှုံးပေါါ်တတ်သည့် ဆိုင်ရှင်များ၏ဒုက္ခကို မိုဘိုင်းစားသောက်ဆိုင်များက ရှောင်လွှဲနိုင်ကြသည်။
ထိုမိုဘိုင်းစားသောက်ဆိုင်များတွင်ဝက်ဘ်ဆိုက်များရှိပြီး
စားသုံးသူများက ထိုဝက်ဘ်ဆိုက်နှင့် Add လုပ်ထားလျှင် ကားဘယ်ရောက်နေပြီဆိုသည်ကို
Message ပို့ပေးသည်။ ထိုမိုဘိုင်းတွင် မည်သည့်အစားအသောက်များပါသည်၊ မည်သည့်လမ်းထောင့်ကို
မည်သည့်အချိန်တွင်ရောက်မည်ကို အချိန်နဲ့တပြေးညီပို့ပေးနေနိုင်သောကြောင့် ၀ယ်စားမည့်သူများလည်း
လာစောင့်နေနိုင်သည်။ ၀ယ်သူများလည်း အဆင်ပြေ၊ ရောင်းသူများလည်း အရောင်းသွက်သည့်နေရာကို
အချိန်မရွေးပြောင်းရွှေ့နိုင်သည်။
ယင်းလုပ်ငန်းစတင်လာခဲ့သည်မှာ
အချိန်အတိုင်းအတာတစ်ခု ရှိခဲ့ပြီဖြစ်သော်လည်း စမတ်ဖုန်းကိုအသုံးများလာသည့် ယခုအချိန်ကဲ့သို့
ဖေ့စ်ဘွတ်၊ တွစ်တာတို့မှတစ်ဆင့် စားသုံးသူနှင့် တိုက်ရိုက်ဆက်သွယ်ကြော်ငြာလာနိုင်ချိန်တွင်
အောင်မြင်မှုသရဖူဆောင်းတော့သည်။ ဖေ့စ်ဘွတ်မှ အခကြေးငွေမကုန်ဘဲ ကြော်ငြာနိုင်၊ ချိတ်ဆက်နိုင်ခြင်းက
ကားစားသောက်ဆိုင်လုပ်ငန်းလို ကိုယ်ပိုင်လုပ်ငန်းငယ်လေးများကို အတောင်တပ်ပေးလိုက်ခြင်းပင်ဖြစ်သည်။
လုပ်ငန်းအကြီးအငယ်ကိုလိုက်၍ ဒေါ်လာ ၂၅၀၀၀ တန်မှ တစ်သိန်းကျော်တန်ကားစားသောက်ဆိုင်များရှိပြီး
မိမိပရိသတ်နှင့် မိမိပင်ဖြစ်သည်။
ကားစားသောက်ဆိုင်များတွင်
တစ်နေ့တစ်မျိုးပြောင်းစားသူများလည်းရှိသည်။ ကိုယ်ကြိုက်သည့်ကားကို စောင့်စားသည့်သူလည်းရှိသည်။
စားသောက်ကားများရပ်နားထားသည့် အနီးအနားတွင် ပန်းခြံများလည်းရှိသောကြောင့် နေ့လည်စာဘူးကို
ပန်းခြံအတွင်း လွတ်လွတ်လပ်လပ် ထိုင်စားရခြင်းကလည်း အပန်းဖြေနည်းတစ်မျိုးပင်ဖြစ်သည်။
အားကစားပွဲများ၊ ပျော်ပွဲရွှင်ပွဲများတွင်လည်း ယင်းကားများက သယ်ဆောင်လာသည့် အစားအသောက်များကြောင့်
ပွဲဈေးတန်းလွယ်လွယ်ကူကူဖြစ်သွားသလို စနေ၊ တနင်္ဂနွေလို အားလပ်ရက်မျိုးတွင် မိသားစုအပန်းဖြေပွဲရှာသူများကို
ကာစားသောက်ဆိုင် (သို့မဟုတ်) မိုဘိုင်းစားသောက်ဆိုင်များက မိုဘိုင်းဖုန်းပေါ်မှတစ်ဆင့်
အစားမျိုးစုံဖြင့် ဖိတ်ခေါ်နေတော့သည်။ အင်တာနက်အထောက်အကူဖြင့် အောင်မြင်သည့် မိုဘိုင်းလုပ်ငန်းများထဲမှတစ်ခုပင်
ဖြစ်ပါသည်။
ခင်မေဇော်
(၀ါရှင်တန်ဒီစီ)
7 Day Daily (31-07-2014)