ယခင်က
နိုင်ငံခြားအက်ရှင်ဇာတ်ကားများတွင် တွေ့ရလေ့ရှိသော သွေးထွက်သံယို အထိတ်တလန့် မြင်ကွင်းများ
မြန်မာ့လူမှုကွန်ရက်စာမျက်နှာများတွင် ဖောဖောသီသီ တွေ့မြင်လာရခြင်းကို သင် သတိထား နေမိပါသလား။
ကျန်းမာရေးမကောင်းသူများအဖို့
မြင်ရုံနှင့် သွေးပျက်သွားစေနိုင်သည့် ယာဉ်တိုက်မှု၊ ဓာတ်လိုက်မှုကဲ့သို့
မတော်တဆထိခိုက်မှုများ၊ ရန်ပွဲများမှ လူပုဂ္ဂိုလ်အချို့၏ သွေးသံရဲရဲဖြင့် သေဆုံးမှုများကို
ယနေ့ လူမှုကွန်ရက် စာမျက်နှာများပေါ်တွင် မကြာခဏမြင်တွေ့နေရပါသည်။
မိုဘိုင်းဖုန်း
၁၂ သန်းကျော် ဖြန့်ဝေထားပြီး အင်တာနက်သုံးစွဲသူ ငါးသန်းကျော်ဖြင့်
ဆက်သွယ်ရေးကွန်ရက် တစ်စတစ်စကျယ်ပြန့်လာသည့် မြန်မာနိုင်ငံတွင်
အခင်းဖြစ်ပြီးပြီးချင်း (သို့မဟုတ်) ဖြစ်နေဆဲ မြင်ကွင်းများကို နေ့မကူးဘဲ
လက်ကိုင်ဖုန်းများမှတစ်ဆင့် ချက်ချင်းဗီဒီယိုဖိုင်များ၊ ဓာတ်ပုံများဖြင့်
ဖေ့စ်ဘွတ်ခ်သုံးစွဲသူအချို့က အထိန်းအချုပ်မရှိ မျှဝေတင်ဆက်လာကြခြင်းဖြစ်သည်။
သေဆုံးသူနှင့်
ကာယကံရှင်တို့၏ခံစားချက်ကို လူမှုရေးရှုထောင့်အရရော လူသားဂုဏ်သိက္ခာအရပါ ထည့်မတွက်ဘဲ
ဖြန့်ဝေမှုများကြောင့် ကိုယ်ချင်းစာတရားကြီးမားပြီး လူမှုရေးရာကျေညက်သည့်
မြန်မာလူမျိုး တို့၏ ဓလေ့စရိုက်အပေါ် မေးခွန်းထုတ်စရာဖြစ်လာနေပြီဖြစ်သည်။
မှုခင်းကျူးလွန်သူတရားခံများပင်လျှင်
လူသားဂုဏ်သိက္ခာအရ မျက်နှာကို ထင်ထင်ရှားရှား မဖော်ပြစေဘဲ လူ့အခွင့်အရေးအကာအကွယ်ရနေချိန်တွင်
ရုတ်တရက်ထိခိုက်မှု၊ မတော်တဆမှုများကြောင့် သေဆုံးရရှာသူတို့ အဘယ်ကြောင့် ထိုသို့သော
အကာအကွယ်ပေးမှု ဆုံးရှုံးနေရပါသလဲ။
‘‘မြန်မာပြည်မှာ
ကျင့်ဝတ်တွေ၊ နီတိတွေကို လက်ဆင့်ကမ်းသယ်ဆောင်ခဲ့တာမျိုး ရာစုနှစ်ဝက်လောက် ပျက်ကွက်ခဲ့တော့
တစ်ဦးချင်းအနေနဲ့ ကိုယ်ချင်းစာတရားတွေ နည်းလာတယ်။ ကိုယ့်လုပ်ရပ်တစ်ခုက
တစ်ပါးသူအတွက် ဘယ်လောက်ထိခိုက်မလဲ မစဉ်းစားဘူး။ like and share ရလိုဇောနဲ့
လုပ်နေတာ။ ဒါမျိုးပုံ ကိုယ့်ဆီရောက်လာရင် ထပ်မရှဲဖို့နဲ့ အားလုံးက
ဝိုင်းဆန့်ကျင်ဖို့လိုတယ်။ ဂျာနယ်လစ်တွေအတွက် ထုတ်ပြန်ထားတဲ့ ကျင့်ဝတ်တွေထဲမှာ
ဒါတွေမလုပ်ရတာပါပြီးသား။ ဒီအချက်တွေကို ဂျာနယ်လစ်တွေတင် မဟုတ်ဘူး ဘယ်သူမဆို
လိုက်နာသင့်တာ’’ဟု မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ) အတွင်းရေးမှူး
ဦးကျော်မင်းဆွေက ပြောသည်။
ဖေ့စ်ဘွတ်ခ်သုံးစွဲသူ
လေးသန်းကျော်သော မြန်မာ User များအတွက် လူ့ဂုဏ်သိက္ခာ ညှိုးနွမ်းစေသော၊
ကာယကံရှင်များကို စိတ်နှလုံးမချမ်းမြေ့စေသော ယင်းဖြစ်ရပ်များ မပြုလုပ်နိုင်ရန်
ဥပဒေဖြင့် တိတိကျကျတားမြစ်ထားခြင်း ယနေ့အထိမရှိသေးပါ။ အီးမေးလ်တစ်စောင်ကို
ထောင်ဒဏ်(၆၅)နှစ်ချနိုင်ခဲ့သော
ယခင်အီလက်ထရွန်နစ်ဆက်သွယ်ဆောင်ရွက်ရေးဥပဒေတွင်ပင်လျှင် ယင်းအတွက် ထိရောက်ဟန့်တားသည့်
ပြစ်ဒဏ် မပါဝင်ထားပေ။
အနိဋ္ဌာရုံမြင်ကွင်းများ
လူမှုကွန်ရက်တွင် နေရာမယူစေရန် ဥပေဒဖြင့် ထိန်းကျောင်းရန်ခက်ခဲပြီး
တစ်ခုတည်းသောထွက်ပေါက်မှာ ဖေ့စ်ဘွတ်ခ်သုံးစွဲပါက ရှောင်ရန်၊ ဆောင်ရန်အချက်များကို
ပညာပေးခြင်း ဖြင့်သာ လူ့အဖွဲ့အစည်းကို ထိန်းကျောင်းရမည်ဖြစ်ကြောင်း ယခုဆောင်းပါးအတွက်
အလွှာစုံမှ ပညာရှင်များနှင့် ပြည်တွင်းပြည်ပ ဖေ့စ်ဘွတ်ခ်သုံးစွဲသူများက
အကြံပြုပြောကြားသည်။
‘‘ဖေ့စ်ဘွတ်ခ်အကောင့်တွေကို
အမည်မသိသုံးလို့ရတယ်။ အကောင့်တွေကို လိုက်ဖော်ဖို့ အခြေခံအဆောက်အအုံက အားနည်းတယ်။
ဒီလိုအနိဋ္ဌာရုံတွေတင်တဲ့ issue အတွက် လူသားချင်းကိုယ်ချင်းစာ တရားနဲ့ awareness
ဖြစ်ဖို့ အစိုးရရော အရပ်ဘက်အဖွဲ့အစည်းတွေပါ ဆွေးနွေးလှုံ့ဆော်မှုတွေ ပြုလုပ် သင့်တယ်’’ဟု
မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှ ရဲမှူးချုပ်စိုးမြိုင်ကပြောသည်။
ရခိုင်ပဋိပက္ခကို
အစပြုစေခဲ့သော မသီတာထွေး၏ဓာတ်ပုံများမှစ၍ ယနေ့ရန်ကင်းမြို့နယ်တွင်းက
ကလေးသုံးဦးဖခင်တစ်ဦးကို လူတစ်ဦးက ရက်ရက်စက်စက်
ခေါင်းဖြတ်သတ်ဖြတ်ထားသည့်ပုံများ၊ လှိုင်သာယာလက်ဖက်ရည်ဆိုင်တွင် ဖြစ်ပွားခဲ့သော
ရန်ပွဲဗီဒီယိုဖိုင်၊ လှိုင်သာယာဈေးအတွင်း ဓာတ်ကြိုးပြတ်ကျ ၍ သေဆုံးခဲ့သည့်
အိမ်ရှင်မသုံးဦး၏ မမြင်ရက်စရာပုံရိပ်များ၊ ဖြူးမြို့လမ်းပိုင်းတစ်နေရာတွင်
ဦးခေါင်းမပါတော့ သည့် အမျိုးသမီးတစ်ဦး၏အလောင်းပုံ၊
ဆေးကြောင်သူတစ်ဦးခုတ်သတ်၍ ဒဏ်ရာအနှံ့ဖြင့် သေဆုံးနေသော (၆)နှစ်ခွဲအရွယ်
ကလေးတစ်ဦး၏ပုံရိပ်များ။
ထို့ပြင်
ပြီးခဲ့သည့်ရက်ပိုင်းက ရန်ကုန်မြို့လယ်တွင် ယာဉ်တိုက်မှုကြောင့် အမျိုးသမီးတစ်ဦး
ခန္ဓာကိုယ် အစိတ်အပိုင်းများထွက်၍ အကာအကွယ်မဲ့သေဆုံးနေသည့်ပုံများ မူရင်းအတိုင်း
ဖြန့်ဝေခဲ့ခြင်းအပေါ် ကန့်ကွက်ရှုတ်ချမှုများ ထွက်ပေါ်ခဲ့သည်။ ကားတိုက်မှုတစ်ခုအတွက်
ဆေးရုံအချိန်မီတင်ပေးရန် ကူညီစဉ်းစား မှုမျိုးမလုပ်ပေးဘဲ
ပုံတင်သည်မျိုးမလုပ်သင့်ကြောင်း ဖေ့စ်ဘွတ်ခ်သုံးစွဲသူ မဖြူလေးနိုင်ကပြောသည်။
‘‘တစ်ခုခုဆို
အမှုပတ်မှာစိုးလို့ စိုးရိမ်ပြီးကြည့်နေတာများတယ်။ ဆေးရုံအချိန်မီတင်ပေးဖို့၊
လမ်းကူးရင် သတိထားဖို့ ကူညီဖြေရှင်းနိုင်မှာလေးတွေ ဝိုင်းမစဉ်းစားဘဲ
ဦးနှောက်ပွင့်သွားတာ၊ ခြေကားရားကြီး ဖြစ်နေတာတွေကို တင်တာဟာ သေတဲ့သူအတွက်လည်း
ဒီလိုပုံတွေဖြစ်စေချင်မလား ကိုယ်ချင်းစာ သင့်တယ်’’ဟု ၎င်းကပြောသည်။
သေဆုံးသူများ၏ပုံများကို
တင်ဆက်ခြင်း၏ နောက်ဆက်တွဲအကျိုးဆက်က ကျန်ရစ်သူကာယကံရှင်များ ဖြေမဆည်နိုင်
ဝမ်းနည်းကြေကွဲခြင်း၊ ဒေါသထွက်ခြင်းများသာ ကျန်ရစ်ရသည်။ ထို့ပြင် ကြည့်ရှုမိသူများ
နှလုံးထိခိုက်နိုင်ခြင်းသာဖြစ်သည်။ ထို့ပြင် ကံမကောင်းအကြောင်းမလှဘဲ သေဆုံးခဲ့ရသူ၏
ဂုဏ်သိက္ခာထိခိုက် နိုင်မှုသာ ဖြစ်သည်။ လွန်ခဲ့သည့်တစ်နှစ်က
ပြည်တွင်းဂျာနယ်တစ်စောင်တွင် ယာဉ်တိုက်မှုကြောင့် ဦးခေါင်းပြား ချပ်သေဆုံးသွားသည့်
အမျိုးသမီးတစ်ဦးပုံထည့်သွင်းခဲ့ရာ မိသားစုကကန့်ကွက်၍ တောင်းပန်ခဲ့ရဖူးသည်။
‘‘သွေးသံရဲရဲ
ရုပ်ပျက်ဆင်းပျက်ပုံတွေကို ပုံတင်တဲ့သူက ဘာရည်ရွယ်ချက်နဲ့တင်လဲ မသိပေမယ့်
နှလုံးမကောင်းတဲ့သူဆို ဖေ့စ်ဘွတ်ခ်မှာ ရုတ်တရက်မြင်ပြီး အရမ်းလန့်သွားတာရှိတယ်။
ညီမကိုယ်တိုင်လည်း လုံးဝမကြည့်ရဲဘူး။ အရမ်းကြောက်တယ်’’ဟု မန္တလေးမြို့မှ မခိုင်မြသဇင်ကြွယ်ကပြောသည်။
‘‘စင်ကာပူမှာတုန်းက
ကျွန်မဓာတ်ပုံကို ဘလော့တစ်ခုမှာတင်လို့ ရဲသွားတိုင်ဖူးတယ်။ ရဲက ဥပဒေမရှိတော့
ဘာမှလုပ်ပေးလို့မရဘူးတဲ့။ ဘလော့ကိုသွားဖြုတ်ခိုင်းဖို့ပဲပြောတယ်။
သိပ်လွန်လာရင်တော့ စင်ကာပူဥပဒေ တစ်ခုခုနဲ့ငြိလာရင် အရေးယူလို့ရတယ်တဲ့။ အဓိကကတော့
ဒါတွေမလုပ်အောင် လူတွေကိုအသိပညာ ပေးမှရမှာ။ သူများပုံကို ခွင့်ပြုချက်မရှိဘဲ
ချပြလို့မရဘူး။ ဒါဟာ ယဉ်ကျေးမှုဆိုတာတော့ နားလည်သင့်တယ်’’ဟု
စင်ကာပူနိုင်ငံအခွန်ရုံးတွင် လုပ်ကိုင်နေသည့် မတင်ဇာစိုးမင်းကပြောသည်။
ဥပဒေအကြောင်းအရတော့
နစ်နာသူက ကျူးလွန်သူကို လက်ဆုပ်လက်ကိုင်ဖြင့် သက်သေပြနိုင်မှသာ တရားစွဲ နိုင်ပြီး
ဖေ့စ်ဘွတ်ခ်အကောင့်များကို အရေးယူရန် ခက်ခဲကြောင်း တရားလွှတ်တော်ရှေ့နေ ဦးရောဘတ် စန်းအောင်က
ပြောသည်။
‘‘လူမှုကွန်ရက်တွေမှာ
အခုဖြစ်နေတာက ပညာရေးစနစ်နဲ့ ယဉ်ကျေးမှုရေချိန်နဲ့ဆိုင်တယ်။ ဖေ့စ်ဘွတ်ခ် ကိုသွားပြီး
ပြတ်ပြတ်သားသား ပိတ်ပင်လို့မရဘူး။ အစိုးရတို့၊ လွှတ်တော်တို့က ဥပဒေလိုတယ်ဆိုရင်
ပြဋ္ဌာန်း လိုက်မှာပဲ။ ဒီပြဿနာက လူ့အဖွဲ့အစည်းက ဖေ့စ်ဘွတ်ခ်သုံးစွဲတဲ့သူတွေ
စုပေါင်းပြီး ဆွေးနွေးတိုင်ပင် သင့်တယ်။ အဓိကက ပညာရေချိန်နိမ့်တဲ့ကိစ္စပဲ။
အဖြစ်အပျက်တစ်ခုကို ဟုတ်၊ မဟုတ် စိစစ်နိုင်စွမ်းအားတောင် ဒီမှာသိပ်မရှိရှာဘူး’’ဟု
မျက်မှောက်ရေးရာဆောင်းပါးရှင် စည်သူအောင်မြင့်ကပြောကြားသည်။
လူ့ဂုဏ်သိက္ခာနှင့်
လူသားပုံရိပ်ညှိုးနွမ်းစေသော ပုံတစ်ပုံ၊ စာတစ်ကြောင်းကို
လူမှုကွန်ရက်စာမျက်နှာပေါ်တွင် မျှဝေခြင်း၊ ရေးသားခြင်း၊ တင်ဆက်ခြင်းတို့အတွက်
ဥပဒေကြောင်းအရ တားမြစ်ထားခြင်းမရှိသည့်အပေါ် အခွင့်ကောင်းယူ၍ လူ့ကျင့်ဝတ်ကို
မချိုးဖောက်သင့်ကြောင်း အထက်ပါပုဂ္ဂိုလ်များက ပြောသည်။ ယင်းအကောင့်ပိုင်ရှင်များကို
ပညာပေးခြင်း၊ ရှင်းပြခြင်းတို့ ပြုလုပ်ပါ။ မရခဲ့ပါက ဖေ့စ်ဘွတ်ခ်ကုမ္ပဏီထံသို့
တိုင်ကြားခြင်း၊ ဘလော့လိုက်ခြင်း၊ report လုပ်ခြင်းတို့ဖြင့် သူတို့ပတ်ဝန်းကျင်ကို
ကျဉ်းမြောင်းစေသော နည်းလမ်းဖြင့် ဒဏ်ခတ်နိုင်သည်။ ထိုနည်းဖြင့် ပတ်ဝန်းကျင်တွင်
အနိဋ္ဌာရုံမြင်ကွင်းများ လျော့နည်းပပျောက် စေနိုင်ကြောင်း နည်းပညာကျွမ်းကျင်သူများက
အကြံပြုသည်။
7 Day Daily

No comments:
Post a Comment