Biometric
ဆိုသည်မှာ အဘယ်နည်း
သင့်အနေဖြင့်
Biometric နည်းပညာ ဆိုသည်ကို လုံးဝနားလည်ရန် ခဲယဉ်းသည်ဟု မထင်မှတ် လိုက်ပါနှင့်။
အဘယ်ကြောင့် ဆိုသော် ကျွန်ုပ်တို့ ဘ၀ထဲတွင် မရှိမဖြစ် အသုံးပြုနေရသော
စမတ်ဖုန်းအချို့၌ လက်ဗွေ ဖတ်ရှုနိုင်သည့် (FingerPrint) စနစ်သည်ပင်လျင် Biometric
နည်းပညာရပ် တစ်ခုပင် ဖြစ်ပေသည်။ ထိုသို့ဆိုလျှင် Biometric ၏ သဘော သဘာဝကို
သင့်အနေဖြင့် အနည်းငယ် နားလည်နိုင်လောက် ပေမည်။ သမိုင်းကြောင်းအရ ၁၈၉၁ ခုနှစ်တွင်
Juan Vucetich ဆိုသူမှ အာဂျင်တီးနားရှိ တရားခံများထံမှ လက်ဗွေသိမ်းဆည်းခြင်း
စနစ်ကို စတင်လုပ်ဆောင် ခဲ့ပါသည်။
Biometric
နည်းပညာ ဆိုသည်မှာ ကွန်ပျူတာ သိပ္ပံပညာရပ် တစ်ခုကို အသုံးပြုကာ ခန္ဓာကိုယ်ရှိ
အစိတ်အပိုင်းများကို ခွဲခြမ်းစိတ်ဖြာပြီး အတည်ပြု စစ်ဆေးပေးသည့် နည်းပညာရပ်
တစ်ခုဟုလည်း မှတ်ယူနိုင်ပါသည်။ အဆိုပါ နည်းပညာတွင် လူ၏ခန္ဓာကိုယ် ပိုင်းဆိုင်ရာ
ပုံသဏ္ဌာန်ကို ခွဲခြားသည့် Phy-siological Characteristics (၎င်းတွင် လက်ဗွေ၊
သွေးကြော၊ မျက်နှာ၊ ဒီအန်အေ၊ မျက်ဝန်း၊ မျက်စိအာရုံကြော တို့ပါဝင်)
နှင့် လူတစ်ဦးတစ်ယောက်၏ အမူအကျင့် (၎င်းတွင် လမ်းလျှောက်ခြင်း၊ စာရိုက်ခြင်း၊
အသံအနေအထား တို့ပါဝင်) Behavioral Characteristics ဟူ၍ နှစ်မျိုးခွဲခြား
ထားပါသည်။ နောက်ပိုင်း အချို့သော ပညာရှင်များမှ Behaviometricsဟုလည်း ပြောင်းလဲ
ခေါ်ဆိုကြပါ သည်။
မည်သည့်
အတွက်ကြောင့် အသုံးပြုလာ ကြသနည်း
ယနေ့ခေတ်
အချိန်အထိ ကမ္ဘာအနှံ့ရှိ ဌာနဆိုင်ရာများ၊
ကုမ္ပဏီများ၊ အဖွဲ့အစည်းများ အနေဖြင့် အချက်အလက်၊ သို့မဟုတ် Password ကို အခြေခံသော
လုံခြုံမှုများကို အသုံးပြုလျက်သာ ရှိနေကြပါ သေးသည်။ ထိုအခါ အကြောင်း
အမျိုးမျိုးသော အားနည်းချက်များကြောင့် ဟက်ကာများ ၏ ဆိုက်ဘာ နှောင့်ယှက်ခြင်း၊
ခိုးယူ ခြင်းများခံကြရပြီး မိမိတို့လုပ်ငန်း လျို့ဝှက်ချက်များ ပေါက်ကြားခြင်း၊
ငွေကြေး ဆုံးရှုံးခြင်းများကို ရင်ဆိုင်ကြုံတွေ့ လျက်ရှိကြပေသည်။ ဥပမာ အနေဖြင့် ၂၄
နာရီ ဝန်ဆောင်မှု ပေးလျက်ရှိသော အလိုအလျောက် ငွေထုတ်ပေးစက် များတွင်လည်း ဟက်ကာများ၏
လုပ်ဆောင်မှုကြောင့် ငွေကြေး ဆုံးရှုံးမှုများလည်း မကြာသေးမီ အချိန်က
မြန်မာနိုင်ငံတွင်လည်း ဖြစ်ပေါ်ခဲ့သည်ကို သိရှိရသည်။ ၎င်းအချက်များကို ကာကွယ်သည့်
အနေဖြင့် တိုက်ဆိုင်အတည်ပြု ချက်ရယူခြင်းဖြင့် မှန်ကန်မှုရှိမှသာ ဖွင့်လှစ်ပေးခြင်း
သို့မဟုတ် ဆက်လက် လုပ်ဆောင်နိုင်စေမည့် Bio-metric နည်းပညာရပ်များကို
ကမ္ဘာအနှံ့တွင် အသုံးပြု လာကြခြင်း ဖြစ်ပါသည်။
Biometric
လုပ်ဆောင်မှုစနစ်
Biometric စနစ်တွင် အခြေခံ
လုပ်ဆောင်မှု စနစ်နှစ်မျိုး ရှိပါသည်။ ပထမစနစ်မှာ Verification သို့မဟုတ်
Authentication ဟုခေါ်သော One-to-One Compari-son စနစ်ဖြစ်ပြီး သိရှိလိုသော လူပုဂ္ဂိုလ်
တစ်ဦးချင်းစီ၏ စစ်ဆေးလိုသော အချက်အလက်များကို သိမ်းဆည်းထားသော Biometric Database
ထဲမှ တစ်ခုချင်း တိုက်ဆိုင်စစ်ဆေး ခြင်းဖြစ်သည်။ ၎င်းအဆင့်၌ အဆင့်သုံးဆင့်ဖြင့် လုပ်ဆောင်ပြီး
ပထမအဆင့်တွင် အသုံးပြုမည့် သူများ၏ အချက်အလက် များကို Database ထဲတွင် သိမ်းဆည်းထားခြင်း၊
ဒုတိယအဆင့် အနေဖြင့် ဖြစ်နိုင်ချေရှိသော အချက်များကို တွက်ချက်ခြင်းနှင့် တတိယ အဆင့်တွင်
စစ်ဆေးခြင်းများကို ပြုလုပ်ပါသည်။ ယခုစနစ် တွင် Smart Card၊ သို့မဟုတ် ID Number တို့ကို
အသုံးပြုကာ နှိုင်းယှဉ်ခြင်း၊ Hand Geometry, Voice Print, Keystroke
Behavior နှင့် Signature တို့ကို စစ်ဆေးခြင်း များလည်း ပါဝင်ပေသည်။
ဒုတိယစနစ်မှာ
Identifi-cation ဟုခေါ်သော Many-to-One Comparison စနစ်တစ်ခု ဖြစ်ပါသည်။ တိုက်ဆိုင်
စစ်ဆေးလိုသော အချက်ကို များပြားလှစွာသော ဒေတာအချက် အလက်များထဲမှာ အတည်ပြုခွဲခြား
စစ်ဆေးပေးခြင်း ဖြစ်သည်။ ၎င်းစနစ်တွင် Finger Scan, Retina Scan, Iris Scan နှင့်
Facial Scan စစ်ဆေးခြင်းတို့ ပါဝင်ပါသည်။ သို့သော် အသေးစိတ် အနေဖြင့်
လူတစ်ဦးချင်းစီကို Biometric ဆိုင်ရာ ခွဲခြမ်းစိတ်ဖြာရာတွင် အသေးစိတ် လုပ်ဆောင်မှု
အချက် ခုနစ်ချက်ဖြင့် ပြုလုပ်ရမည် ဖြစ်ပေသည်။ ၎င်းတို့မှာ Universality, Uniqueness,
Permanence, Measurability, Performance, Acceptability နှင့်
Circumven-tion အစရှိသည့် လုပ်ဆောင်မှု အဆင့် ၇ ဆင့် မလွဲမသွေ ပြုလုပ်ရမည်
ဖြစ်သည်။
ထို့အပြင်
အခြားထူးခြား စစ်ဆေးနိုင်မှု နည်းလမ်း ခုနှစ်ခုကိုလည်း အသုံးပြု စစ်ဆေးနိုင်ရန်
လုပ်ဆောင်နေပြီဟု သိရှိရပါသည်။ အဆိုပါ ခုနှစ်မျိုးမှာ
၁။
နား
ကျွန်ုပ်တို့၏
လက်ဗွေများ ကဲ့သို့ပင် ကျွန်ုပ်တို့၏ နားများ၏ ပုံသဏ္ဌာန် သည်လည်း
ကွဲပြားမှုရှိသည်ကို တွေ့ရှိရသည်။ ထို့အပြင် လူတစ်ဦးတည်း၌ပင် နားရွက် ၂ ခုသည်
တူညီမှုမရှိဟု ဆိုပါသည်။ ထို့ကြောင့် နောင်အခါ စမတ်ဖုန်း အသုံးပြုသူများ အနေဖြင့်
မိမိတို့၏ နားရွက်၊ သို့မဟုတ် ပါးများကို အသုံးပြုကာ ဖုန်းကို log on ပြုလုပ်နိုင်
တော့မည်ဖြစ်သည်ဟု ယူဆနေကြပါသည်။ သို့သော်လည်း လက်ရှိအချိန်အထိ
သီးခြားအနေဖြင့် App ထွက်ပေါ်လာခြင်း မရှိသေးပေ။
၂။
နှလုံးခုန်နှုန်း
ကျွန်ုပ်တို့၏
နှလုံးသားများသည် အမှန်တရားကို သိရှိကြသည်ဟု ဆိုစကားရှိပါသည်။ ထို့ကြောင့်
နှလုံးသားကို အခြေခံကာ တိုက်ဆိုင် စစ်ဆေးခြင်း နည်းလမ်းကို အသုံးပြု၍ ရသည်ဟု
ဆိုလာလျှင် သင့်အနေဖြင့် ထူးဆန်းမနေပါနှင့်။ Nymi ဟု အမည်ပေးထားသော ထုတ်လုပ်စမ်းသပ်ဆဲ
လက်ကောက်ဝတ်သည် ကျွန်ုပ်တို့ နှလုံးခုန်သံကို တိုင်းတာ၍ အီလက်ထရောစနစ်
အချက်ပြစနစ်ဖြင့် ပြန်လည် ထုတ်လုပ်ပေးပါသည်။ ၎င်း အချက်ပြခြင်းကို မူတည်ကာ
တိုက်ဆိုင်စစ် ဆေးခြင်းများ ပြုလုပ်နိုင်ပေသည်။ သို့သော် လက်ရှိအချိန်တွင်
လက်ဗွေစနစ်၊ မျက်ဝန်း စစ်ဆေးခြင်း နည်းလမ်းများထက် ထင်ပေါ်ကျော်ကြားမှု
မရှိသေးသော်လည်း ၎င်းနည်းလမ်းသည်လည်း တိုက်ဆိုင်စစ်ဆေးနိုင်သည့် နည်းလမ်းတစ်ခု
ဖြစ်ပေသည်။
၃။
တင်ပါး
ထူးဆန်းဖွယ်ရာ
ကျွန်ုပ်တို့၏ တင်ပါးများသည်လည်း တိုက်ဆိုင်စစ်ဆေး နိုင်သည့်အချက်ထဲတွင်
ထူးခြားစွာ ပါဝင်လာခဲ့ပြီ ဖြစ်သည်။ သုတေသန အဖွဲ့တစ်ခုအနေဖြင့် ကားထိုင်ခုံတစ်ခုကို
တီထွင်ခဲ့ပြီး ၎င်းထိုင်ခုံမှ မည်သူဝင်ထိုင် သွားသည်ကို မှတ်သား၍ ပြန်လည်ဖော်ပြ
နိုင်သလို ပိုင်ရှင်တစ် ဦးတည်း သို့မဟုတ် ပိုင်ရှင်မှ ထည့်သွင်းထားသော
အခြားသူများ၏ အချက်အလက်များနှင့် တိုက်ဆိုင်မှုရှိမှသာ အခြားသော ကားတွင် ပါဝင်သည့်စနစ်များ
အလုပ် လုပ်ဆောင်မည့် စနစ်ကို နမူနာ တီထွင်ထုတ်လုပ် ထားသည်ဟုလည်း သိရှိရပါသည်။
၎။
မျက်လုံးလှုပ်ရှားမှု
မျက်လုံး၏
အစိတ်အပိုင်းများ ဖြစ်သောမျက်ကြောလွှာ၊ သို့မဟုတ် မျက်ဝန်းများကို ယနေ့အချိန်
အခါတွင် အရေးကြီးသော နေရာဌာနများ၌ တိုက်ဆိုင် စစ်ဆေးခြင်းများတွင် အသုံးပြုနေပြီ
ဖြစ်သော်လည်း ယခုအခါ အစ္စရေး ကုမ္ပဏီတစ်ခုမှ မျက်လုံး၏ လှုပ်ရှားမှုကို အသုံးပြုကာ
Pattern ပုံစံဆွဲခြင်းဖြင့် တိုက်ဆိုင်စစ်ဆေးသည့် နည်းလမ်းတစ်ရပ်ကို
အသုံးပြုနိုင်ရန် လုပ်ဆောင်နေပြီ ဖြစ်သည်။ သို့သော် အဆိုပါ စနစ်အနေဖြင့် အခြားသော
လက်ဗွေစနစ်များ ဖတ်ရှုခြင်းထက် လုပ်ဆောင်ရန် ခက်ခဲမည်ဖြစ်ပြီး မျက်လုံးဖြင့်
ကြည့်ရှုကာ Pattern ဆွဲမှုကို အချိန်နှင့် တစ်ပြေးညီ တုံ့ပြန်မှုပြုနိုင်ဖို့
လိုအပ်ပေသည်။
၅။
နှာခေါင်း
ကျွန်ုပ်တို့၏
နှာခေါင်းများ အနေဖြင့် အသက်ရှူခြင်းနှင့် အနံ့အာရုံခံစားရန် အတွက်သာမက Bio-metric
အတွက်လည်း အတည်ပြု အသုံးဝင်နိုင်ပါသည်ဟု ဗြိတိန် သုတေသန သမားများက ထုတ်ဖော်ပြောပြ
လိုက်ပြီဖြစ်သည်။ အဘယ်ကြောင့် ဆိုသော် ကျွန်ုပ်တို့၏ နားများကဲ့သို့ပင်
နှာခေါင်းများသည်လည်း တူညီမှုမရှိသည်ကို တွေ့ရှိရသောကြောင့် ဖြစ်ပေသည်။
ယေဘုယျအားဖြင့် နှာခေါင်း ပုံစံပေါင်း ၆ မျိုးရှိသော်လည်း လူသား
တစ်ဦးချင်းစီအနေဖြင့် တူညီရန် မှာ ခြားနားမှုများရှိပေသည်။ ထို့အပြင်
နှာခေါင်းပုံစံ ခွဲစိတ်ပြုပြင် ထားပါကလည်း မှတ်မိရန် လွယ်ကူပေသည်။ ဟောလိဝုဒ်မှ
လူများ အနေဖြင့်လည်း နှာခေါင်းနှင့် ပတ်သက်ကာ အာမခံထားရှိ ကြပါပေသည်။
၆။
သွေးကြောများ
လက်ဗွေ
စစ်ဆေးခြင်း နည်းလမ်းများသည် ယနေ့အချိန် အခါတွင် ခေတ်စားနေသော လုပ်ဆောင်ချက်များ
ဖြစ်သောကြောင့် ၎င်းတို့အပေါ် မှီခိုမှုအနေဖြင့် များပြားလွန်းနေပါသည်။ ၎င်းအချက်သည်ပင်
ကော်ပီကူးကာ ခိုးယူခံရနိုင်ခြင်းအတွက် နည်းလမ်းတစ်ရပ် ဖြစ်နေပေသည်။ ထို့ကြောင့်
လက်ချောင်းများထဲမှ သို့မဟုတ် လက်ဖ၀ါးထဲမှ သွေးပြန်ကြောများကို တွက်ချက်ခြင်းဖြင့်
အတည်ပြု စစ်ဆေးခြင်းသည် အတုပြုလုပ်ရန်၊ ကော်ပီကူးယူမှု ပြုလုပ်ရန်အတွက်မူ
ခက်ခဲသွားမည် ဖြစ်သည်။
၇။
အနံ့ရှုခြင်း စမ်းသပ်မှု
စိတ်ဝင်စားဖွယ်ရာပင်
ကျွန်ုပ်တို့၏ ခန္ဓာကိုယ်မှ ထွက်ရှိသော အ နံ့များသည် တစ်ဦးနှင့်တစ်ဦး တူညီမှု
မရှိသည်ဟု ဆိုသည်။ ထို့ကြောင့်လည်း ခန္ဓာကိုယ်မှ ထွက်ရှိသော အနံ့အသက်များကို
အသုံးပြုကာ အတည်ပြု စစ်ဆေးခြင်းများ ပြုလုပ်နိုင်သည်ဟု ဆိုလာခြင်းဖြစ် ပေသည်။
စပိန်နိုင်ငံ၊ မက်ဒရစ်မြို့ ရှိ Polytechinical University တစ်ခုမှ Artificial
Nose တစ်ခုကို တီထွင်ခဲ့ပြီး လူ့ခန္ဓာကိုယ်၏ အနံ့များကို စမ်းသပ်စစ်ဆေးမှုများ
ပြုလုပ်ကာ အနံ့ခွဲခြားခြင်းများ ပြုလုပ်ခဲ့ပါသည်။ ထို့အပြင် အမေရိကန် ကြည်းတပ်
အနေဖြင့်လည်း ခြိမ်းခြောက်မှုများကို တားဆီးရန် ၎င်းနည်းပညာနှင့် ဆင်တူသောနည်း
ပညာတစ်ရပ်ကို တီထွင်လုပ် ဆောင်လျက် ရှိသည်ဟု သိရှိရသည်။ သို့သော် ယခုနည်းပညာ
အနေဖြင့် အနံ့အသက်ကို အခြေခံတည်ဆောက် ထားသည်ဖြစ်ရာ အစားအစာနှင့်
အနာရောဂါများကြောင့် အနံ့အသက်များလည်း ပြောင်းလဲ သွားနိုင်ပေသည်။ ထို့အပြင်
ယခုနည်းလမ်းကို စမ်းသပ်မှုသည်လည်း ၁၀ ရာခိုင်နှုန်း အမှားရှိနိုင်သည်ဟု ထုတ်ပြန်ထား
ပါသည်။
Biometric
အမျိုးအစားများ
DNA
တွက်ချက်ခြင်း၊ Ear ပုံသဏ္ဌာန် ခွဲခြားခြင်း၊ မျက်ဝန်းနှင့် မျက်ကြောလွှာ
ခွဲခြားခြင်း၊ မျက်နှာခွဲခြားခြင်း၊ လက်ဗွေ ဖတ်ရှုခြင်း၊ လက်ချောင်း တည်ဆောက်မှု
ခွဲခြားခြင်း၊ ခြေလှမ်းခွဲခြားခြင်း၊ လက်ပုံသဏ္ဌာန် ခွဲခြားခြင်း၊
အနံ့ခွဲခြားခြင်း၊ လက်မှတ်(Sign) ခွဲခြားခြင်း၊ စာရေးသားမှု ခွဲခြားခြင်း၊
သွေးကြောခွဲခြားခြင်း၊ အသံခွဲခြားခြင်း အစရှိသည်တို့ ဖြစ်ကြပါ သည်။ အဆိုပါ
ခွဲခြားနိုင်မှု စနစ်တစ်ခု ချင်းစီတွင် ကောင်းကျိုးနှင့် ဆိုးကျိုးများလည်း
ဒွန်တွဲလျက် တည်ရှိပေသည်။ ဥပမာ အနေဖြင့် အသံ၊ မျက်နှာ၊ လက်မှတ်အသုံးပြု
စစ်ဆေးခြင်းများတွင် နည်းပညာ ပေါများသော်လည်း DNA စစ်ဆေးခြင်း၊ မျက်ကြောလွှာ
စစ်ဆေးခြင်း၊ မျက်ဝန်းစစ်ဆေးခြင်း၊ လက်ပုံသဏ္ဌာန် စစ်ဆေးခြင်းများသည်
ဈေးနှုန်းကြီးမြင့်သလို တိကျမှုလည်း ပိုရှိသည်ကို ယေဘုယျအနေဖြင့်
တွေ့ရှိရပေသည်။
လက်ရှိအသုံးပြုနေမှု
Biometric
အသုံးပြုနေသော လက်ရှိကမ္ဘာ နိုင်ငံများတွင် မျက်ဝန်းစစ်ဆေးခြင်းနှင့် မျက်ကြောလွှာ
စစ်ဆေးခြင်းကို အသုံးပြုရာတွင် နျူကလီးယား အဆောက်အဦ ဝင်ခွင့်နေရာများ၊
အကျဉ်းထောင်များ၊ အထူးကြပ်မတ် ဆေးရုံများတွင် လည်းကောင်း၊ လက်ဗွေ
စစ်ဆေးခြင်းစနစ်ကို ရဲဌာနများတွင် လည်းကောင်း၊ လက်တည်ဆောင်မှု စစ်ဆေးခြင်းကို အ ထွေထွေ
လုပ်ငန်းများတွင် လည်းကောင်း၊ လက်မှတ်စစ်ဆေးခြင်းကို စက်ရုံများတွင် လည်းကောင်း၊
အသံဖြင့် စစ်ဆေးခြင်းကို ဘဏ်များတွင် လည်းကောင်း အသီးသီး အသုံးပြုလျက် ရှိကြပြီး
ဈေးနှုန်းတန်ဖိုးမှာ ခန့်မှန်းခြေအားဖြင့် ၁၉၉၇ ခုနှစ်က အမေရိကန် ဒေါ်လာ ၁၀၀၀ မှ
၅၀၀၀ အကြား တန်ဖိုးရှိသည်ဟု ဆိုသည်။ သို့သော် ယနေ့ အချိန်အခါတွင် နည်းပညာ
ပေါများလာသည်နှင့်အမျှ ဈေးနှုန်းလည်း ကျဆင်းသွားနိုင်မည် ဖြစ်သည်။
Biometric
နည်းပညာအတွက် အသေးစိတ် ရေးသားရမည်ဆိုလျှင် စာဖတ်သူအနေဖြင့် နားလည်ရန် ခက်ခဲသွားမည်
ဖြစ်သလို ယခုဖော်ပြခွင့် ရှိသောစာမျက်နှာ အနေဖြင့်လည်း လုံလောက်မည် မဟုတ်ပေ။
ထို့ကြောင့် စာဖတ်သူ အနေဖြင့် နားလည်နိုင်လောက်မည့် အကြောင်းအရာများကိုသာ
အသားပေး ရေးသားဖော်ပြခဲ့ခြင်း ဖြစ်သဖြင့် အသေးစိတ် အချက်အလက်များ မပါရှိသည်ကို
ဝန်ခံအပ်ပါသည်။
နိဂုံးချုပ်
အနေဖြင့် လက်ရှိတွင် အိန္ဒိယနိုင်ငံ၏ National ID Pro-gram တစ်ခုဖြစ်သော Aadhaar
သည် ကမ္ဘာပေါ်တွင် အကြီးမားဆုံးသော Biometric Database စနစ်တစ်ခု ဖြစ်ပေသည်။
ကမ္ဘာပေါ်တွင် Biometric အသုံးပြုနေသော နိုင်ငံများမှာ သြစတြေးလျ၊ ဘရာဇီးလ်၊
ကနေဒါ၊ တရုတ်၊ ဂမ်ဘီးယား၊ ဂျာမဏီ၊ အိန္ဒိယ၊ အီရတ်၊ အစ္စရေး၊ အီတလီ၊ နယ် သာလန်၊ နယူးဇီလန်၊
နော်ဝေး၊ ယူကရိန်း၊ ဗြိတိန်နှင့် အမေရိကန် ပြည်ထောင်စုတို့ ဖြစ်ကြပါသည်။
ကျွန်ုပ်တို့ မြန်မာ နိုင်ငံတွင်လည်း လူဦးရေ ပေါင်းသန်း ၆၀ နီးပါးခန့်ရှိရာ
လာမည့်ရာစုနှစ် အတွင်း အဆိုပါ ပမာဏထက် များပြား လာပေဦးမည် ဖြစ်ပေသည်။ ထို့ကြောင့်
လူဦးရေ ပေါများလာခြင်း နှင့်အတူ အမှုအခင်း ကိစ္စများလည်း တိုးပွားလာ တတ်သည်ဖြစ်ရာ
အဆိုပါ ပြဿနာရပ်များကို ဖြေရှင်းရာတွင် လွယ်ကူစွာ ထောက်ပံ့ပေးနိုင်မည့် Biometric
နည်းပညာ အကူအညီကို ရယူသုံး စွဲသင့်ကြောင်း အကြံပြုရေးသား လိုက်ရပါသည်။
ကိုးကားချက်
Biometric
(wiki)
7
surprising biometric identification methods article



No comments:
Post a Comment