Saturday, June 27, 2015

Social Network တစ်ခုဆိုတာထက် ပိုမိုသာလွန်နေတဲ့ Facebook

Social Network တစ်ခုဆိုတာထက် ပိုမိုသာလွန်နေတဲ့ Facebook

ကောလိပ်ကျောင်းသားလေး တစ်ယောက် သူ့ရဲ့အဆောင် အခန်းလေးထဲမှာ ဖန်တီးခဲ့တဲ့ ဝက်ဘ် ဆိုက်တစ်ခုက ကမာကြီးကို အရင်က မရှိခဲ့ဖူးတဲ့ ပေါင်းစည်း ဆက်သွယ်မှုမျိုး ဖြစ်သွားစေခဲ့ ပါတယ်။ သူက ကမာကြီး တစ်ခုလုံးကို ကျွန်တော်တို့ရဲ့ ကွန်ပျူတာတွေဆီ မိုဘိုင်းအသုံး အဆောင်တွေဆီ ပို့ဆောင်ပေးရင်း အလှမ်းကွာဝေးမှုတွေကို ကျုံ့ပစ်လိုက်ပါတယ်။ သူက တစ်ခြားလူ ဟုတ်နိုင်ရိုးလား Facebook ကို မွေးဖွားပေးခဲ့သူ Mark Zuckerberg ပါပဲ။
Facebook ရဲ့ကနဦး ခြေလှမ်းတွေက ကျောင်းတွေနဲ့ ကောလိပ်တွေက ကျောင်းသူကျောင်းသားတွေ အချင်းချင်း ဆက်သွယ်နိုင်ဖို့ပါ။ နောက်ပိုင်းမှာတော့ လူတွေအတွက် ပေါ့ပေါ့ပါးပါး စကားစမည် ပြောဆိုရာ အကြောင်းအရာတွေ မျှဝေရာ အချက်အချာနေရာ ဖြစ်လာပါတယ်။ သို့သော်လည်း အချိန်တွေ ကြာလာတာနဲ့အမျှ Facebook ဆိုတာ လူမှုဆက်သွယ်ရေး ကွန်ရက်အဖြစ်ကနေ နေ့စဉ် လူမှုဘဝအတွက် မရှိမဖြစ် လိုအပ်ချက် အသွင်ပြောင်းလဲ လာခဲ့ပါပြီ။
အခုဆိုရင် ကျွန်တော်တို့ဟာ ကိုယ့်ရဲ့ Facebook Timeline ကို တစ်နေ့လောက် ဝင်မကြည့်ဘဲ နေနိုင်ဖို့ တော်တော်ခက်ခဲ နေပါပြီ။ Facebook ဟာ Social Network တစ်ခုဆိုတာထက် ပိုမိုသာလွန်တဲ့ အခြေအနေအဖြစ် အောင်မြင်နေတဲ့ အကြောင်းရင်းတွေ အများအပြား ရှိပါတယ်။ ဒီအကြောင်း အရင်းတွေထဲက အချို့ကို လေ့လာကြည့်ရအောင်ပါ။
၁။ စိုးမိုးအုပ်ချုပ်သူ မရှိတဲ့နိုင်ငံ
Facebook ဟာ လစဉ်အသုံးပြုသူ ၁.၄၄ ဘီလျံရှိတဲ့ လူမှုအသိုင်းအဝိုင်းကြီး တစ်ခုဖြစ်နေပါပြီ။ တစ်နည်းအားဖြင့် Facebook ဟာတရုတ်နဲ့ အိန္ဒိယတို့ကို ကျော်လွန်ပြီး လူဦးရေ အများဆုံး နိုင်ငံကြီး တစ်နိုင်ငံလို့ပင် ဆိုနိုင်ပါတယ်။ Facebook နိုင်ငံတော်ကြီးမှာ နေထိုင်သူတွေဟာ အချင်းချင်းမျှဝေမှုတွေ ဝေဖန်မှုတွေ နေ့စဉ်နဲ့အမျှ မြောက်မြားစွာ လုပ်ကြပါတယ်။  ဒါ့အပြင် Facebook နိုင်ငံတော်ကြီးမှာ လူတိုင်းဟာ တူညီတဲ့ Power ရှိကြပါတယ်။ ဘယ်လို Power လဲဆိုတော့ Status, Share, Like, Comment တို့ဖြစ်ပါတယ်။ Facebook နိုင်ငံတော်ကြီးမှာ ခေါင်းဆောင်မရှိဘူး။ အုပ်ချုပ်သူ အစိုးရတစ်ရပ် မရှိဘူး။ အခွင့်ထူးခံ အတန်းအစား မရှိဘူး။ Facebook နိုင်ငံတော်ကြီးမှာ အားလုံးဟာ သမ္မတတစ်ဦးပမာ Power ရှိကြပါတယ်။ ဒါဟာ မက်မောနှစ်သက်ဖွယ် မကောင်းပေဘူးလား။ Facebook ဟာ အတုအယောင် နိုင်ငံတစ်နိုင်ငံပါ။ သို့သော် တစ်ကယ့် လူသားတွေ နေထိုင်ကြပါတယ်။
၂။ လူမှုအကျိုးပြု အကူအညီ
အခြား Social Network တွေမှာ မရှိနိုင်တဲ့ feature တွေကို Facebook က တီထွင်ဆန်းသစ် ဖန်တီးပေးထားပါတယ်။ သဘာဝဘေးအန္တရာယ် ကျရာက်တဲ့နေရာ ဒေသတွေမှာ ရောက်ရှိနသူတွေအတွက် အလွန်အထောက်အကူပြုတဲ့ feature တွေကို Facebook ကဖန်တီး ပေးထားပါတယ်။ Facebook က ဖန်တီးပေးထားတဲ့ 'Safety check' ဆိုရင် အကယ်၍ သင်ဟာ သဘာဝဘေးအန္တရာယ် ကျရောက်တဲ့ ဒေသမှာ ရောက်ရှိနေခဲ့ရင် သင့်ရဲ့ဘေးကင်း လုံခြုံမှု အခြေအနေကို 'Safety check' ကနေတစ်ဆင့် မိသားစုနဲ့ မိတ်ဆွေသူငယ်ချင်းတွေကို သိစေနိုင်ပါတယ်။
ဘေးကင်းလုံခြုံမှု ရှိနတယ်ဆိုရင် 'Safety check' မှာ မေးထားတဲ့ မေးခွန်းတွေထဲက 'I am safe' ဆိုတာလေးကို ရွေးချယ်ပေးလိုက်ပါ။ ဒါဆိုရင် သင့်ရဲ့မိသားစုနဲ့ မိတ်ဆွေ သူငယ်ချင်းတွေဟာ သင်ဘေးကင်း လုံခြုံစွာ ရှိနတယ်ဆိုတာ Facebook ကနေတစ်ဆင့် သိနိုင်ပါတယ်။ အဲဒီလိုပဲ သဘာဝ ဘေးအန္တရာယ် ကျရောက်တဲ့ ဒေသမှာ ရောက်ရှိနတဲ့ သင့်ရဲ့သူငယ်ချင်းတွေရဲ့ ဘေးကင်းလုံခြုံမှု အခြေအနေကိုလည်း 'Safety  check' ကနေ သင်ကိုယ်တိုင် သိရှိနိုင်မှာ ဖြစ်ပါတယ်။
Facebook က ဖန်တီးပေးထားတဲ့ 'Donate button' ဟာလည်း ကမာတစ်ဝန်း သဘာဝဘေးအန္တရာယ် ကျရောက်တဲ့ အရပ်ဒေသတွေအတွက် အလွန်အထောက်အကူ ဖြစ်စေပါတယ်။ ကမ္ဘာ့နေရာ ဒေသတစ်ခုမှာ သဘာဝ ဘေးအန္တရာယ် ကျရောက်တဲ့အခါ Facebook  က အသုံးပြုတွေရဲ့ Timeline မှာ 'Donate button' ကို ဖော်ပြပေးပါတယ်။ အဲဒီကနေတစ်ဆင့် အလှူငွေ နည်းများမဆို ပါဝင်လှူဒါန်း နိုင်ပါတယ်။ Facebook အသုံးပြုသူ ဦးရေဟာ ဘီလျံနဲ့ချီပြီး ရှိတာကြောင့် တစ်ယောက်ကို တစ်ဒေါ်လာမျှသာ လှူဒါန်းမယ် ဆိုရင်တောင် ကြီးမားလှတဲ့ လှူဒါန်းငွေ ပမာဏကို ရရှိနိုင်ပါတယ်။ ဒါဟာ Facebook ရဲ့ထိရောက်လှတဲ့ လူမှုအကျိုးပြု အစီအစဉ်တွေ ဖြစ်ပါတယ်။
၃။ စီးပွားရေး လုပ်ငန်းဈေးကွက် မဟာဗျူဟာ
Facebook ရဲ့အကူအညီနဲ့ စီးပွားရေး လုပ်ငန်းတွေ တိုးတက် အောင်မြင်လာတာ မနည်းလှပါဘူး။ သန်းနဲ့ချီတဲ့ ကြော်ငြာရှင်တွေဟာ သူတို့ရဲ့ ဝင်ငွေ ၉၀ ရာခိုင်နှုန်းကို Facebook ကြောင့် ရရှိနေတယ်လို့ ဆိုပါတယ်။ လုပ်ငန်းရှင်တွေအနေနဲ့ Facebook ပေါ်မှာ ကြော်ငြာခြင်းက  သူတို့ရဲ့ကြော်ငြာကို သိစေချင်တဲ့ လူတွေဆီကို အတိအကျ သိရှိစေနိုင်တဲ့ အခွင့်အရေး ရှိပါတယ်။ Facebook မှာ ကြော်ငြာမယ်ဆိုရင် နေရာဒေသ၊ ဘာသာစကား၊ အသက်အရွယ်၊ ယောက်ျားမိန်းမ စသဖြင့် ကြော်ငြာမြင်တွေ့ နိုင်တဲ့ပုံစံကို စိတ်ကြိုက်ရွေးချယ်လို့ ရပါတယ်။ ၂၀၁၄ ခုနှစ်အတွင်း Facebook  တစ်ခုတည်းနဲ့ ဆက်နွယ်ပြီး ကမာတစ်ဝန်း စီးပွားရေးကဏ္ဍမှာ အမေရိကန်ဒေါ်လာ ၂၂၇ ဘီလျံ ရှာဖွနိုင်ခဲ့သလို အလုပ်အကိုင် နေရာပေါင်း ၄.၅ သန်းကိုလည်း ဖန်တီးပေးနိုင်ခဲ့ပါတယ်။
၎။ စွဲလမ်းမှု
ဒါကတော့ Facebook ရဲ့ ဘေးထွက်ဆိုးကျိုးလို့ ဆိုရပါမယ်။ Facebook အသုံးပြု သူတွေဟာ Facebook ကို တစ်နေ့ထက်တစ်နေ့ စွဲလမ်းမှု ပိုများလာတယ်လို့ ဆိုပါတယ်။ နေ့စဉ်ကမာတစ်ဝန်းက Facebook အသုံးပြုသူ ဦးရေဟာ ၉၃၆ သန်းရှိပါတယ်။ လူငယ်အများစုဟာ သူတို့ရဲ့တစ်နေ့တာကို Facebook နဲ့စတင် လေ့ရှိပါတယ်။ Facebook ကိုနေ့စဉ် အသုံးပြုသူတွေဟာ ပျမ်းမျှအားဖြင့် တစ်ရက်မှာ ၄၂ မိနစ်ကြာနဲ့ တစ်လမှာ မိနစ် ၇၀၀ ကျော်ကြာ Facebook ပေါ်မှာ အချိန်ကုန်လေ့ ရှိပါတယ်။ Facebook မှာ နေ့စဉ်နဲ့အမျှ ပမာဏအလွန် ကြီးမားတဲ့ အချက်အလက်တွေကို အချင်းချင်း မျှဝေကြ၊ ပို့ပေးကြတာကို ကြည့်ခြင်းအားဖြင့် အသုံးပြုသူတွေရဲ့ Facebook အပေါ်စွဲလမ်းမှုကို မြင်သာပါတယ်။
Facebook စွဲလမ်းမှုဟာ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ထိခိုက်စေပါတယ်။ အဆိုးဆုံးကတော့ ဒီလိုစိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ထိခိုက်နိုင်တယ် ဆိုတာကို အသုံးပြုသူတွေက လက်တွေ့မှာ နားလည်သဘောပေါက် လက်ခံမှုမရှိတာဘဲလို့ ဆိုပါတယ်။  လေ့လာမှုတစ်ခုအရ Facebook အသုံးပြုပြီးတဲ့နောက် လူသုံးဦးမှာ တစ်ဦးဟာ မနာလိုဝန်တိုစိတ်တွေ ပိုပြီးဖြစ်လာတယ်လို့ သိရပါတယ်။ Facebook ကို စွဲလမ်းနေသူတွေဟာ လက်တွေ့ဘဝမှာ အထီးကျန်သလို ခံစားလာရပါတယ်။
Facebook စွဲလမ်းသူတွေဟာ Facebook notification ကိုအဆက်မပြတ် ကြည့်လေ့ရှိပီး သူတို့နဲ့ပတ်သက်တဲ့ noticafication နည်းလာတဲ့အခါ စိတ်ဓာတ်ကျ တတ်ပါတယ်။ Facebook စွဲလမ်းသူတွေဟာ အင်တာနက် အသုံးမပြုတဲ့ အချိန်မှာပင် Faccebook ပေါ်က Comment နဲ့ Like တွေဆီစိတ်က ရောက်နေတတ်ပါတယ်။ Facebook စွဲလမ်းသူ အချို့ဆိုရင် အစားအသောက် မမှန်တဲ့ အခြေအနေမျိုးအထိ ဖြစ်ကြတယ်လို့ ဆိုပါတယ်။ Facebook ကို အသုံးပြုပါ။ သို့သော် မသုံးရမနေနိုင် မဖြစ်ပါစေနဲ့လို့ စိတ်ပညာရှင်တွေက အကြံပြုထားပါတယ်။
၅။ တစ်ကမာလုံးကို လွှမ်းခြုံထားတဲ့ သတင်းဌာန
Facebook ဟာ ကမ္ဘာပေါ်မှာ အလွန်နိုးကြားလှတဲ့ လူမှုအဖွဲ့ အစည်းတစ်ခု ဖြစ်ပါတယ်။  Facebook ဟာ ဘယ်တော့မှ အိပ်စက်သွားခြင်း မရှိပါဘူး။ နေ့ညအချိန် ကွာခြားတဲ့ ကမာတစ်ဝန်းက အသုံးပြုသူတွေကြောင့် Facebook ဟာအချိန်တိုင်းမှာ နိုးကြားနေပါတယ်။ ကမာ့တစ်ဝန်း နေရာဒေသ အသီးသီးက သတင်းဖြစ်ရပ် မျိုးစုံကို Facebook ပေါ်မှာ မိနစ်ပိုင်း၊ နာရီပိုင်းအတွင်း တွေ့ရပါတယ်။ ကမာတစ်ဝန်းက နောက်ဆုံးရ သတင်းတွေကို တီဗီဖွင့်ကြည့်ဖို့မလို၊ နောက်တစ်နေ့ သတင်းစာစောင့်ဖတ်ဖို့ မလိုဘဲ Facebook ပေါ်မှာ အချိန်နဲ့တစ်ပြေးညီ သိနိုင်ပါတယ်။
သတင်းဌာနတွေမှာ ဖော်ပြလေ့မရှိတဲ့ အကြောင်းအရာ၊ သတင်းဓာတ်ပုံ တွေကိုပင် Facebook ပေါ်မှာတော့ မြင်တွေ့ဖတ်ရှု နိုင်ပါတယ်။ ရာဇာဝတ်မှု တစ်ခုခုနဲ့ပတ်သက်လို့ သက်သေ အထောက်အထား ပေးချင်ရင်တောင်မှ သတင်းဌာနကို သွားစရာမလိုပါဘူး။ သင့်ရဲ့ Facebook Timeline မှာ လွှင့်တင်လိုက်ရုံနဲ့ ကမာတစ်ဝန်းက လူသန်းပေါင်းများစွာကို သိရှိသွားစေ နိုင်ပါတယ်။ ကမာတစ်ဝန်းက သတင်းဌာနတွေ မဖော်ပြနိုင်တဲ့ ရာဇဝတ်မှုတွေ၊ လိမ်လည်မှုတွေ၊ အကျင့်ပျက် ခြစားမှုတွေကိုပင် Facebook မှာမြင်တွေ့ သိရှိနိုင်ပါတယ်။
Facebook ဟာ သတင်းတွေ စုံလင်လွန်းလှတဲ့ နေရာတစ်ခု ဖြစ်လာခြင်းက သတင်းဌာန တွေအတွက် အခက်အခဲတွေ ဖြစ်စေတာ အမှန်ပါပဲ။ သတင်းဌာနတွေက သတင်းဖြစ်ရပ် တစ်ခုကို ဖော်ပြဖို့ပြင်ဆင် နေချိန်မှာပဲ ဒီသတင်းဟာ Facebook ပေါ်က လူတွေသိရှိပြီးသား ဖြစ်နေပါပြီ။ ဒီလိုဖြစ်နေတာကို အဆင်ပြေစေဖို့အတွက် ကမာတစ်ဝန်းက သတင်းဌာန အားလုံးနီးပါးဟာ သူတို့ရဲ့ Facebook Page တွေ ပြုလုပ်ထားရပြီး  သတင်းဖြစ်ရပ် တစ်ခုခုဖြစ်တိုင်း သူတို့ရဲ့ Facebook Page ကနေတစ်ဆင့် Facebook အသုံးပြုသူတွေကို သိရှိစေတဲ့နည်းလမ်းကို ဆောင်ရွက်နေကြ ရပါတယ်။
-ကေဂျေ

အဆင့်မြင့် လုံခြုံရေး စနစ်များအတွက် Biometric

Biometric ဆိုသည်မှာ အဘယ်နည်း
သင့်အနေဖြင့် Biometric နည်းပညာ ဆိုသည်ကို လုံးဝနားလည်ရန် ခဲယဉ်းသည်ဟု မထင်မှတ် လိုက်ပါနှင့်။ အဘယ်ကြောင့် ဆိုသော် ကျွန်ုပ်တို့ ဘ၀ထဲတွင် မရှိမဖြစ် အသုံးပြုနေရသော စမတ်ဖုန်းအချို့၌ လက်ဗွေ ဖတ်ရှုနိုင်သည့် (FingerPrint) စနစ်သည်ပင်လျင် Biometric နည်းပညာရပ် တစ်ခုပင် ဖြစ်ပေသည်။ ထိုသို့ဆိုလျှင် Biometric ၏ သဘော သဘာဝကို သင့်အနေဖြင့် အနည်းငယ် နားလည်နိုင်လောက် ပေမည်။ သမိုင်းကြောင်းအရ ၁၈၉၁ ခုနှစ်တွင် Juan Vucetich ဆိုသူမှ အာဂျင်တီးနားရှိ တရားခံများထံမှ လက်ဗွေသိမ်းဆည်းခြင်း စနစ်ကို စတင်လုပ်ဆောင် ခဲ့ပါသည်။
Biometric နည်းပညာ ဆိုသည်မှာ ကွန်ပျူတာ သိပ္ပံပညာရပ် တစ်ခုကို အသုံးပြုကာ ခန္ဓာကိုယ်ရှိ အစိတ်အပိုင်းများကို ခွဲခြမ်းစိတ်ဖြာပြီး အတည်ပြု စစ်ဆေးပေးသည့် နည်းပညာရပ် တစ်ခုဟုလည်း မှတ်ယူနိုင်ပါသည်။ အဆိုပါ နည်းပညာတွင် လူ၏ခန္ဓာကိုယ် ပိုင်းဆိုင်ရာ ပုံသဏ္ဌာန်ကို ခွဲခြားသည့် Phy-siological Characteristics (၎င်းတွင် လက်ဗွေ၊ သွေးကြော၊ မျက်နှာ၊ ဒီအန်အေ၊ မျက်ဝန်း၊  မျက်စိအာရုံကြော တို့ပါဝင်) နှင့်  လူတစ်ဦးတစ်ယောက်၏ အမူအကျင့် (၎င်းတွင် လမ်းလျှောက်ခြင်း၊ စာရိုက်ခြင်း၊ အသံအနေအထား တို့ပါဝင်) Behavioral Characteristics ဟူ၍  နှစ်မျိုးခွဲခြား ထားပါသည်။ နောက်ပိုင်း အချို့သော ပညာရှင်များမှ Behaviometricsဟုလည်း ပြောင်းလဲ ခေါ်ဆိုကြပါ သည်။
မည်သည့် အတွက်ကြောင့် အသုံးပြုလာ ကြသနည်း
ယနေ့ခေတ် အချိန်အထိ ကမာအနှံ့ရှိ ဌာနဆိုင်ရာများ၊ ကုမ္ပဏီများ၊ အဖွဲ့အစည်းများ အနေဖြင့် အချက်အလက်၊ သို့မဟုတ် Password ကို အခြေခံသော လုံခြုံမှုများကို အသုံးပြုလျက်သာ ရှိနေကြပါ သေးသည်။ ထိုအခါ အကြောင်း အမျိုးမျိုးသော အားနည်းချက်များကြောင့် ဟက်ကာများ ၏ ဆိုက်ဘာ နှောင့်ယှက်ခြင်း၊ ခိုးယူ ခြင်းများခံကြရပြီး မိမိတို့လုပ်ငန်း လျို့ဝှက်ချက်များ ပေါက်ကြားခြင်း၊ ငွေကြေး ဆုံးရှုံးခြင်းများကို ရင်ဆိုင်ကြုံတွေ့ လျက်ရှိကြပေသည်။ ဥပမာ အနေဖြင့် ၂၄ နာရီ ဝန်ဆောင်မှု ပေးလျက်ရှိသော အလိုအလျောက် ငွေထုတ်ပေးစက် များတွင်လည်း ဟက်ကာများ၏ လုပ်ဆောင်မှုကြောင့် ငွေကြေး ဆုံးရှုံးမှုများလည်း မကြာသေးမီ အချိန်က မြန်မာနိုင်ငံတွင်လည်း ဖြစ်ပေါ်ခဲ့သည်ကို သိရှိရသည်။ ၎င်းအချက်များကို ကာကွယ်သည့် အနေဖြင့် တိုက်ဆိုင်အတည်ပြု ချက်ရယူခြင်းဖြင့် မှန်ကန်မှုရှိမှသာ ဖွင့်လှစ်ပေးခြင်း သို့မဟုတ်  ဆက်လက် လုပ်ဆောင်နိုင်စေမည့် Bio-metric နည်းပညာရပ်များကို ကမ္ဘာအနှံ့တွင် အသုံးပြု လာကြခြင်း ဖြစ်ပါသည်။
Biometric လုပ်ဆောင်မှုစနစ်
Biometric စနစ်တွင် အခြေခံ လုပ်ဆောင်မှု စနစ်နှစ်မျိုး ရှိပါသည်။ ပထမစနစ်မှာ Verification သို့မဟုတ် Authentication ဟုခေါ်သော One-to-One Compari-son စနစ်ဖြစ်ပြီး သိရှိလိုသော လူပုဂ္ဂိုလ် တစ်ဦးချင်းစီ၏ စစ်ဆေးလိုသော အချက်အလက်များကို သိမ်းဆည်းထားသော Biometric Database ထဲမှ တစ်ခုချင်း တိုက်ဆိုင်စစ်ဆေး ခြင်းဖြစ်သည်။ ၎င်းအဆင့်၌ အဆင့်သုံးဆင့်ဖြင့် လုပ်ဆောင်ပြီး ပထမအဆင့်တွင်  အသုံးပြုမည့် သူများ၏ အချက်အလက် များကို Database ထဲတွင် သိမ်းဆည်းထားခြင်း၊ ဒုတိယအဆင့် အနေဖြင့် ဖြစ်နိုင်ချေရှိသော အချက်များကို တွက်ချက်ခြင်းနှင့် တတိယ အဆင့်တွင် စစ်ဆေးခြင်းများကို ပြုလုပ်ပါသည်။ ယခုစနစ် တွင် Smart Card၊ သို့မဟုတ် ID Number တို့ကို အသုံးပြုကာ နှိုင်းယှဉ်ခြင်း၊ Hand Geometry, Voice  Print, Keystroke Behavior နှင့် Signature တို့ကို စစ်ဆေးခြင်း များလည်း ပါဝင်ပေသည်။
ဒုတိယစနစ်မှာ Identifi-cation ဟုခေါ်သော Many-to-One Comparison စနစ်တစ်ခု ဖြစ်ပါသည်။ တိုက်ဆိုင် စစ်ဆေးလိုသော အချက်ကို များပြားလှစွာသော ဒေတာအချက် အလက်များထဲမှာ အတည်ပြုခွဲခြား စစ်ဆေးပေးခြင်း ဖြစ်သည်။ ၎င်းစနစ်တွင် Finger Scan, Retina Scan, Iris Scan နှင့် Facial Scan စစ်ဆေးခြင်းတို့ ပါဝင်ပါသည်။ သို့သော် အသေးစိတ် အနေဖြင့် လူတစ်ဦးချင်းစီကို Biometric ဆိုင်ရာ ခွဲခြမ်းစိတ်ဖြာရာတွင် အသေးစိတ် လုပ်ဆောင်မှု အချက် ခုနစ်ချက်ဖြင့် ပြုလုပ်ရမည် ဖြစ်ပေသည်။ ၎င်းတို့မှာ Universality, Uniqueness, Permanence, Measurability, Performance, Acceptability နှင့် Circumven-tion  အစရှိသည့် လုပ်ဆောင်မှု အဆင့် ၇ ဆင့် မလွဲမသွေ ပြုလုပ်ရမည် ဖြစ်သည်။
ထို့အပြင် အခြားထူးခြား စစ်ဆေးနိုင်မှု နည်းလမ်း ခုနှစ်ခုကိုလည်း အသုံးပြု စစ်ဆေးနိုင်ရန် လုပ်ဆောင်နေပြီဟု သိရှိရပါသည်။ အဆိုပါ ခုနှစ်မျိုးမှာ
၁။ နား
ကျွန်ုပ်တို့၏ လက်ဗွေများ ကဲ့သို့ပင် ကျွန်ုပ်တို့၏ နားများ၏ ပုံသဏ္ဌာန် သည်လည်း ကွဲပြားမှုရှိသည်ကို တွေ့ရှိရသည်။ ထို့အပြင် လူတစ်ဦးတည်း၌ပင် နားရွက် ၂ ခုသည် တူညီမှုမရှိဟု ဆိုပါသည်။ ထို့ကြောင့် နောင်အခါ စမတ်ဖုန်း အသုံးပြုသူများ အနေဖြင့် မိမိတို့၏ နားရွက်၊ သို့မဟုတ် ပါးများကို အသုံးပြုကာ ဖုန်းကို log on ပြုလုပ်နိုင် တော့မည်ဖြစ်သည်ဟု ယူဆနေကြပါသည်။ သို့သော်လည်း လက်ရှိအချိန်အထိ သီးခြားအနေဖြင့်  App ထွက်ပေါ်လာခြင်း မရှိသေးပေ။
၂။ နှလုံးခုန်နှုန်း
ကျွန်ုပ်တို့၏ နှလုံးသားများသည်  အမှန်တရားကို သိရှိကြသည်ဟု ဆိုစကားရှိပါသည်။ ထို့ကြောင့် နှလုံးသားကို အခြေခံကာ တိုက်ဆိုင် စစ်ဆေးခြင်း နည်းလမ်းကို အသုံးပြု၍ ရသည်ဟု ဆိုလာလျှင် သင့်အနေဖြင့် ထူးဆန်းမနေပါနှင့်။ Nymi ဟု အမည်ပေးထားသော ထုတ်လုပ်စမ်းသပ်ဆဲ လက်ကောက်ဝတ်သည် ကျွန်ုပ်တို့ နှလုံးခုန်သံကို တိုင်းတာ၍ အီလက်ထရောစနစ် အချက်ပြစနစ်ဖြင့် ပြန်လည် ထုတ်လုပ်ပေးပါသည်။ ၎င်း အချက်ပြခြင်းကို မူတည်ကာ တိုက်ဆိုင်စစ် ဆေးခြင်းများ ပြုလုပ်နိုင်ပေသည်။ သို့သော် လက်ရှိအချိန်တွင် လက်ဗွေစနစ်၊ မျက်ဝန်း စစ်ဆေးခြင်း နည်းလမ်းများထက် ထင်ပေါ်ကျော်ကြားမှု မရှိသေးသော်လည်း ၎င်းနည်းလမ်းသည်လည်း တိုက်ဆိုင်စစ်ဆေးနိုင်သည့် နည်းလမ်းတစ်ခု ဖြစ်ပေသည်။
၃။ တင်ပါး
ထူးဆန်းဖွယ်ရာ ကျွန်ုပ်တို့၏ တင်ပါးများသည်လည်း တိုက်ဆိုင်စစ်ဆေး နိုင်သည့်အချက်ထဲတွင် ထူးခြားစွာ ပါဝင်လာခဲ့ပြီ ဖြစ်သည်။ သုတေသန အဖွဲ့တစ်ခုအနေဖြင့် ကားထိုင်ခုံတစ်ခုကို တီထွင်ခဲ့ပြီး ၎င်းထိုင်ခုံမှ မည်သူဝင်ထိုင် သွားသည်ကို မှတ်သား၍ ပြန်လည်ဖော်ပြ နိုင်သလို ပိုင်ရှင်တစ် ဦးတည်း သို့မဟုတ် ပိုင်ရှင်မှ ထည့်သွင်းထားသော အခြားသူများ၏ အချက်အလက်များနှင့် တိုက်ဆိုင်မှုရှိမှသာ အခြားသော ကားတွင် ပါဝင်သည့်စနစ်များ အလုပ် လုပ်ဆောင်မည့် စနစ်ကို နမူနာ တီထွင်ထုတ်လုပ် ထားသည်ဟုလည်း သိရှိရပါသည်။
၎။ မျက်လုံးလှုပ်ရှားမှု
မျက်လုံး၏ အစိတ်အပိုင်းများ ဖြစ်သောမျက်ကြောလွှာ၊ သို့မဟုတ် မျက်ဝန်းများကို ယနေ့အချိန် အခါတွင် အရေးကြီးသော နေရာဌာနများ၌ တိုက်ဆိုင် စစ်ဆေးခြင်းများတွင် အသုံးပြုနေပြီ ဖြစ်သော်လည်း ယခုအခါ အစ္စရေး ကုမ္ပဏီတစ်ခုမှ မျက်လုံး၏ လှုပ်ရှားမှုကို အသုံးပြုကာ Pattern ပုံစံဆွဲခြင်းဖြင့် တိုက်ဆိုင်စစ်ဆေးသည့် နည်းလမ်းတစ်ရပ်ကို အသုံးပြုနိုင်ရန် လုပ်ဆောင်နေပြီ ဖြစ်သည်။ သို့သော် အဆိုပါ စနစ်အနေဖြင့် အခြားသော လက်ဗွေစနစ်များ ဖတ်ရှုခြင်းထက် လုပ်ဆောင်ရန် ခက်ခဲမည်ဖြစ်ပြီး မျက်လုံးဖြင့် ကြည့်ရှုကာ Pattern ဆွဲမှုကို အချိန်နှင့် တစ်ပြေးညီ တုံ့ပြန်မှုပြုနိုင်ဖို့ လိုအပ်ပေသည်။
၅။ နှာခေါင်း
ကျွန်ုပ်တို့၏ နှာခေါင်းများ အနေဖြင့် အသက်ရှူခြင်းနှင့် အနံ့အာရုံခံစားရန် အတွက်သာမက Bio-metric အတွက်လည်း အတည်ပြု အသုံးဝင်နိုင်ပါသည်ဟု ဗြိတိန် သုတေသန သမားများက ထုတ်ဖော်ပြောပြ လိုက်ပြီဖြစ်သည်။ အဘယ်ကြောင့် ဆိုသော် ကျွန်ုပ်တို့၏ နားများကဲ့သို့ပင် နှာခေါင်းများသည်လည်း တူညီမှုမရှိသည်ကို တွေ့ရှိရသောကြောင့် ဖြစ်ပေသည်။ ယေဘုယျအားဖြင့် နှာခေါင်း ပုံစံပေါင်း ၆ မျိုးရှိသော်လည်း လူသား တစ်ဦးချင်းစီအနေဖြင့် တူညီရန် မှာ ခြားနားမှုများရှိပေသည်။ ထို့အပြင် နှာခေါင်းပုံစံ ခွဲစိတ်ပြုပြင် ထားပါကလည်း မှတ်မိရန် လွယ်ကူပေသည်။ ဟောလိဝုဒ်မှ လူများ အနေဖြင့်လည်း နှာခေါင်းနှင့် ပတ်သက်ကာ အာမခံထားရှိ ကြပါပေသည်။
၆။ သွေးကြောများ
လက်ဗွေ စစ်ဆေးခြင်း နည်းလမ်းများသည် ယနေ့အချိန် အခါတွင် ခေတ်စားနေသော လုပ်ဆောင်ချက်များ ဖြစ်သောကြောင့် ၎င်းတို့အပေါ် မှီခိုမှုအနေဖြင့် များပြားလွန်းနေပါသည်။ ၎င်းအချက်သည်ပင် ကော်ပီကူးကာ ခိုးယူခံရနိုင်ခြင်းအတွက် နည်းလမ်းတစ်ရပ် ဖြစ်နေပေသည်။ ထို့ကြောင့် လက်ချောင်းများထဲမှ သို့မဟုတ် လက်ဖ၀ါးထဲမှ သွေးပြန်ကြောများကို တွက်ချက်ခြင်းဖြင့် အတည်ပြု စစ်ဆေးခြင်းသည် အတုပြုလုပ်ရန်၊ ကော်ပီကူးယူမှု ပြုလုပ်ရန်အတွက်မူ ခက်ခဲသွားမည် ဖြစ်သည်။
၇။ အနံ့ရှုခြင်း စမ်းသပ်မှု
စိတ်ဝင်စားဖွယ်ရာပင် ကျွန်ုပ်တို့၏ ခန္ဓာကိုယ်မှ ထွက်ရှိသော အ နံ့များသည် တစ်ဦးနှင့်တစ်ဦး တူညီမှု မရှိသည်ဟု ဆိုသည်။ ထို့ကြောင့်လည်း ခန္ဓာကိုယ်မှ ထွက်ရှိသော အနံ့အသက်များကို အသုံးပြုကာ အတည်ပြု စစ်ဆေးခြင်းများ ပြုလုပ်နိုင်သည်ဟု ဆိုလာခြင်းဖြစ် ပေသည်။ စပိန်နိုင်ငံ၊ မက်ဒရစ်မြို့ ရှိ Polytechinical University တစ်ခုမှ Artificial Nose တစ်ခုကို တီထွင်ခဲ့ပြီး လူ့ခန္ဓာကိုယ်၏ အနံ့များကို စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်ကာ အနံ့ခွဲခြားခြင်းများ ပြုလုပ်ခဲ့ပါသည်။ ထို့အပြင် အမေရိကန် ကြည်းတပ် အနေဖြင့်လည်း ခြိမ်းခြောက်မှုများကို တားဆီးရန် ၎င်းနည်းပညာနှင့် ဆင်တူသောနည်း ပညာတစ်ရပ်ကို တီထွင်လုပ် ဆောင်လျက် ရှိသည်ဟု သိရှိရသည်။ သို့သော် ယခုနည်းပညာ အနေဖြင့် အနံ့အသက်ကို အခြေခံတည်ဆောက် ထားသည်ဖြစ်ရာ အစားအစာနှင့် အနာရောဂါများကြောင့် အနံ့အသက်များလည်း ပြောင်းလဲ သွားနိုင်ပေသည်။ ထို့အပြင် ယခုနည်းလမ်းကို စမ်းသပ်မှုသည်လည်း ၁၀ ရာခိုင်နှုန်း အမှားရှိနိုင်သည်ဟု ထုတ်ပြန်ထား ပါသည်။
Biometric အမျိုးအစားများ
DNA တွက်ချက်ခြင်း၊ Ear ပုံသဏ္ဌာန် ခွဲခြားခြင်း၊ မျက်ဝန်းနှင့် မျက်ကြောလွှာ ခွဲခြားခြင်း၊ မျက်နှာခွဲခြားခြင်း၊ လက်ဗွေ ဖတ်ရှုခြင်း၊ လက်ချောင်း တည်ဆောက်မှု ခွဲခြားခြင်း၊ ခြေလှမ်းခွဲခြားခြင်း၊ လက်ပုံသဏ္ဌာန် ခွဲခြားခြင်း၊ အနံ့ခွဲခြားခြင်း၊ လက်မှတ်(Sign) ခွဲခြားခြင်း၊ စာရေးသားမှု ခွဲခြားခြင်း၊ သွေးကြောခွဲခြားခြင်း၊ အသံခွဲခြားခြင်း အစရှိသည်တို့ ဖြစ်ကြပါ သည်။ အဆိုပါ ခွဲခြားနိုင်မှု စနစ်တစ်ခု ချင်းစီတွင် ကောင်းကျိုးနှင့် ဆိုးကျိုးများလည်း ဒွန်တွဲလျက် တည်ရှိပေသည်။ ဥပမာ အနေဖြင့် အသံ၊ မျက်နှာ၊ လက်မှတ်အသုံးပြု စစ်ဆေးခြင်းများတွင် နည်းပညာ ပေါများသော်လည်း DNA စစ်ဆေးခြင်း၊ မျက်ကြောလွှာ စစ်ဆေးခြင်း၊ မျက်ဝန်းစစ်ဆေးခြင်း၊ လက်ပုံသဏ္ဌာန် စစ်ဆေးခြင်းများသည် ဈေးနှုန်းကြီးမြင့်သလို တိကျမှုလည်း  ပိုရှိသည်ကို ယေဘုယျအနေဖြင့် တွေ့ရှိရပေသည်။
လက်ရှိအသုံးပြုနေမှု
Biometric အသုံးပြုနေသော လက်ရှိကမ္ဘာ နိုင်ငံများတွင် မျက်ဝန်းစစ်ဆေးခြင်းနှင့် မျက်ကြောလွှာ စစ်ဆေးခြင်းကို အသုံးပြုရာတွင် နျူကလီးယား အဆောက်အဦ ဝင်ခွင့်နေရာများ၊ အကျဉ်းထောင်များ၊ အထူးကြပ်မတ် ဆေးရုံများတွင် လည်းကောင်း၊ လက်ဗွေ စစ်ဆေးခြင်းစနစ်ကို ရဲဌာနများတွင် လည်းကောင်း၊ လက်တည်ဆောင်မှု စစ်ဆေးခြင်းကို အ ထွေထွေ လုပ်ငန်းများတွင် လည်းကောင်း၊ လက်မှတ်စစ်ဆေးခြင်းကို စက်ရုံများတွင် လည်းကောင်း၊ အသံဖြင့် စစ်ဆေးခြင်းကို ဘဏ်များတွင် လည်းကောင်း အသီးသီး အသုံးပြုလျက် ရှိကြပြီး ဈေးနှုန်းတန်ဖိုးမှာ ခန့်မှန်းခြေအားဖြင့် ၁၉၉၇ ခုနှစ်က အမေရိကန် ဒေါ်လာ ၁၀၀၀ မှ ၅၀၀၀ အကြား တန်ဖိုးရှိသည်ဟု ဆိုသည်။ သို့သော် ယနေ့ အချိန်အခါတွင် နည်းပညာ ပေါများလာသည်နှင့်အမျှ ဈေးနှုန်းလည်း ကျဆင်းသွားနိုင်မည် ဖြစ်သည်။
Biometric နည်းပညာအတွက် အသေးစိတ် ရေးသားရမည်ဆိုလျှင် စာဖတ်သူအနေဖြင့် နားလည်ရန် ခက်ခဲသွားမည် ဖြစ်သလို ယခုဖော်ပြခွင့် ရှိသောစာမျက်နှာ အနေဖြင့်လည်း လုံလောက်မည် မဟုတ်ပေ။ ထို့ကြောင့် စာဖတ်သူ အနေဖြင့် နားလည်နိုင်လောက်မည့်  အကြောင်းအရာများကိုသာ အသားပေး ရေးသားဖော်ပြခဲ့ခြင်း ဖြစ်သဖြင့် အသေးစိတ် အချက်အလက်များ မပါရှိသည်ကို ဝန်ခံအပ်ပါသည်။
နိဂုံးချုပ် အနေဖြင့် လက်ရှိတွင် အိန္ဒိယနိုင်ငံ၏ National ID Pro-gram တစ်ခုဖြစ်သော Aadhaar သည် ကမ္ဘာပေါ်တွင် အကြီးမားဆုံးသော Biometric  Database စနစ်တစ်ခု ဖြစ်ပေသည်။ ကမ္ဘာပေါ်တွင် Biometric  အသုံးပြုနေသော နိုင်ငံများမှာ သြစတြေးလျ၊ ဘရာဇီးလ်၊ ကနေဒါ၊ တရုတ်၊ ဂမ်ဘီးယား၊ ဂျာမဏီ၊ အိန္ဒိယ၊ အီရတ်၊ အစ္စရေး၊ အီတလီ၊ နယ် သာလန်၊ နယူးဇီလန်၊ နော်ဝေး၊ ယူကရိန်း၊ ဗြိတိန်နှင့် အမေရိကန် ပြည်ထောင်စုတို့ ဖြစ်ကြပါသည်။ ကျွန်ုပ်တို့ မြန်မာ နိုင်ငံတွင်လည်း လူဦးရေ ပေါင်းသန်း ၆၀ နီးပါးခန့်ရှိရာ လာမည့်ရာစုနှစ် အတွင်း အဆိုပါ ပမာဏထက် များပြား လာပေဦးမည် ဖြစ်ပေသည်။ ထို့ကြောင့် လူဦးရေ ပေါများလာခြင်း နှင့်အတူ အမှုအခင်း ကိစ္စများလည်း တိုးပွားလာ တတ်သည်ဖြစ်ရာ အဆိုပါ ပြဿနာရပ်များကို ဖြေရှင်းရာတွင် လွယ်ကူစွာ ထောက်ပံ့ပေးနိုင်မည့် Biometric နည်းပညာ အကူအညီကို ရယူသုံး စွဲသင့်ကြောင်း အကြံပြုရေးသား လိုက်ရပါသည်။
ကိုးကားချက်
Biometric (wiki)
7 surprising biometric identification methods article



၂၀၁၅ ခုနှစ်တွင် လေ့လာသင့်သော Programming Language (၅) မျိုး

ကိုယ်ပိုင် software code ကို တိုးတက်အောင် လုပ်ဆောင်လိုသူများအနေဖြင့် လက်ရှိတွင် လူသုံးများလျက်ရှိသော Programming language များကို လေ့လာသင့်သည်။ Programming သည် စွယ်စုံရ လုပ်ဆောင်ချက်တစ်ခု ဖြစ်ပြီး အသုံးဝင်သည့် လုပ်ဆောင်ချက်များကို ဖန်တီးနိုင်သည်။ ၂၀၁၅ ခုနှစ်တွင် နည်းပညာသည် အဓိက အခန်းကဏ္ဍ တစ်ရပ်အနေဖြင့် ဆက်လက်ရှိနေမည် ဖြစ်သောကြောင့် ပရိုဂရမ်ရေးဆွဲသူများအနေဖြင့် လေ့လာသင့်သည့် language (၅) မျိုးကို ဖော်ပြလိုက်ပါသည်။
(၁) Java နှင့် Swift
Java သည် ဈေးကွက်အတွင်းရှိ မိုဘိုင်း application များစွာ၌ အသုံးပြုနေသော programming language တစ်မျိုးဖြစ်သည်။ Android app အများစုကို Java ဖြင့်ဖန်တီးထားသည်။ Java သည် desktop နှင့် မိုဘိုင်း application များစွာနှင့် ပတ်သက်နေသောကြောင့် လေ့လာသင့်သော language တစ်မျိုးဖြစ်သည်။ Swift သည် Objective-C, Ruby နှင့် Python အပြင် မတူညီသော အယူအဆများပေါ်တွင် Apple မှ ဖန်တီးခဲ့သည့် language တစ်မျိုးဖြစ်သည်။ iOS နှင့် OS X အတွက် app များကို ၎င်း language ဖြင့်ပင် ဖန်တီးကြသည်။ Swift သည် Java ထက် ခက်ခဲသော်လည်း programming language များ တည်ဆောက်ရာတွင် အလွန် နားလည်လွယ်နိုင်သလို ပရိုဂရမ်ရေးဆွဲသူများ ရင်းနှီးကျွမ်းဝင်လျက်ရှိသော C/C++ သို့မဟုတ် Python များနှင့် အလွန်ကွာခြားမှုရှိမည် ဖြစ်သည်။
(၂) Python
ဈေးကွက်အတွင်းရှိ application များစွာသည်လည်း python ကိုအသုံးပြုထားကြသည်။ အင်တာနက်ရှိ framework ရာပေါင်းများစွာသည် programming language များတွင် အသုံးပြုထားကြပြီး အံ့အားသင့် ဖွယ်ရာအရာများအဖြစ် ဖန်တီးလျက်ရှိသည်။ Python ကို Sims 4 အပါအဝင် ဂိမ်းအများအပြားတွင် logical engine အဖြစ် အသုံးပြုထားသောကြောင့် အချက်အလက်များကို အလွယ်အကူ ရွေ့ပြောင်းနိုင်သည်။ ထို့အပြင် Python သည်လူတိုင်းက အချိန်တိုအတွင်း အလွယ်တကူ သင်ကြားနိုင်သော programming language တစ်မျိုးလည်း ဖြစ်သည်။
(၃) C++
C++ သည် ယနေ့အချိန်အထိ လူသုံးများနေသည့် programming language တစ်မျိုးဖြစ်သည်။ အဆိုပါ programming language ကိုအသုံးပြု၍ ပရိုဂရမ်ရေးဆွဲရာတွင် အချိန်အတိုင်းအတာ လိုအပ်သည်။ C++ ကို ကျွမ်းကျင်ပိုင်နိုင်အောင် အသုံးပြုလာနိုင်သည်နှင့်အမျှ ဖြစ်ပေါ်လာမည့် ရလဒ်လည်း ကြီးမားသည်။ C/C++ အတွင်း code ထည့်သွင်းခြင်းသည် Java, Python, C# ကဲ့သို့ အဆင့်မြင့် language တွင် code ထည့်သွင်းခြင်းထက် ပိုမိုမြန်ဆန်သည်။
(၄) R
Programming language တစ်မျိုးဖြစ်သော R ကို များပြားလှသည့် အချက်အလက်နှင့် စာရင်းဇယားများဖြင့် application များ ဖန်တီးရာတွင် အသုံးပြုကြသည်။ အထူးသဖြင့် R သည် စီးပွားရေးလုပ်ငန်းများတွင် အသုံးပြုလျက်ရှိကာ လုပ်ငန်းသုံး software ဖြစ်သည့် enterprise resource planning (ERP) ၏ platform များတွင် ဆုံးဖြတ်ချက်များ ချမှတ်နိုင်ရန်အတွက် ကြီးမားသော အချက်အလက်များကို ဆန်းစစ်ရာတွင် အသုံးပြုသည်။ R ကို လွန်ခဲ့သည့် ၂၂ နှစ်ခန့်ကတည်းက ဖန်တီးခဲ့ခြင်း ဖြစ်ပြီး ယခုအချိန်အထိ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလျက်ရှိသည်။ ထို့ကြောင့် စီးပွားရေးကုမ္ပဏီတစ်ခု၌ တာဝန်ထမ်းဆောင်လျက်ရှိသည့် ပရိုဂရမ်ရေးဆွဲသူများအနေဖြင့် R ကို လေ့လာထားသင့်သည်။
(၅) Ziron
Assembly (ASM) ကို ရင်းနှီးကျွမ်းဝင်သူများသည် Ziron ကိုလည်း နှစ်သက်မည် ဖြစ်သည်။ Ziron နှင့် ASM မှ အရည်အချင်းများကို ပေါင်းစပ်၍ ညွှန်းကြားချက်များ ပြုလုပ်နိုင်မည့် စွမ်းဆောင်ရည်မြင့် platform တစ်ခုကို ထောက်ပံ့ပေးနိုင်သည်။ C ပရိုဂရမ်ရေးဆွဲသူအနေဖြင့် code ထောင်ပေါင်းများစွာကို ရေးဆွဲရန် မလိုအပ်ဘဲ Ziron ဖြင့် လျင်မြန်ထိရောက်စွာ ASM အတွင်းသို့ ဝင်ရောက်နိုင်သည်။
Assembly (ASM) ကို ရင်းနှီးကျွမ်းဝင်သူများသည် Ziron ကိုလည်း နှစ်သက်မည် ဖြစ်သည်။ Ziron နှင့် ASM မှ အရည်အချင်းများကို ပေါင်းစပ်၍ ညွှန်းကြားချက်များ ပြုလုပ်နိုင်မည့် စွမ်းဆောင်ရည်မြင့် platform တစ်ခုကို ထောက်ပံ့ပေးနိုင်သည်။ C ပရိုဂရမ်ရေးဆွဲသူအနေဖြင့် code ထောင်ပေါင်းများစွာကို ရေးဆွဲရန် မလိုအပ်ဘဲ Ziron ဖြင့် လျင်မြန်ထိရောက်စွာ ASM အတွင်းသို့ ဝင်ရောက်နိုင်သည်။