“Wifi
ပေးသုံးထားတဲ့ ကော်ဖီဆိုင်တစ်ခုဆီ ကျွှန်တော့်ကို Hacker တစ်ယောက်ကခေါ်သွားပါတယ်။ မိနစ် (၂၀) လောက်ပဲကြာမှာပါ။ ကော်ဖီဆိုင်ရဲ့
wifi ကိုဝင်သုံးနေကြတဲ့ လူတွေရဲ့ ဇာတိ၊ တက်ခဲ့တဲ့ကျောင်းတွေ နဲ့ google မှာ သူတို့
နောက်ဆုံးရှာဖွေခဲ့တဲ့ အရာ (၅) ခုလောက်ကိုသိခဲ့ရပါတယ်။”
DotA
(2) ဆိုတာ ဒီဘက်ခေတ်မှာ တော်တော်လေးခေတ်စားနေတဲ့ game တစ်ခုလို့ဆိုရမှာပါ။ Game
ဆိုင်ဆိုတာကလည်း စီးကရက်နံ့တွေ ပိတ်လှောင်နေတဲ့၊ အလင်းရောင်နည်းပါးတဲ့၊
အော်ဟစ်ဆဲဆိုသံတွေနဲ့ ဆူညံနေတဲ့ လူငယ်တို့ရဲ့ ထွက်ပေါက် တစ်ခုသဖွယ်ဖြစ်နေတာပါပဲ။
ယနေ့ Game ဆိုင်တွေမှာ Gamer တွေကစားမှုအများဆုံးကတော့ DotA (2) နဲ့ WoW (World of
Warcraft) ပဲဖြစ်ပါတယ်။ နှစ်မျိုးလုံးက Internet နဲ့ ချိတ်ဆက်ကစားရတဲ့ game
အမျိုးအစားတွေဖြစ်ကြပြီး သဘောတရား ကတော့ နည်းနည်းလေးကွဲပြားပါတယ်။
ဒီလိုကစားရင်းနဲ့ သူ့ကိုကျွန်တော်စတင်တွေ့ရှိခဲ့ပါတယ်။ သူဆိုတာကတော့ WoW ကိုရော
DotA (2) ကိုပါကစားတတ်တဲ့ အပျော်တမ်း Hacker တစ်ဦးဖြစ်သူ အသက် ၃၄
နှစ်ရှိပြီဖြစ်တဲ့ Wouter Slotboom ပဲဖြစ်ပါတယ်။ သူနဲ့ကျွန်တော် online game မှာ
သိရှိနေတာကတော့ လ အတန်ကြာခဲ့ပြီဖြစ်ပါတယ်။ ဟော်လန်နိုင်ငံသား တစ်ဦးဖြစ်တဲ့ Wouter
ဟာကျွန်တော်တို့အတွက်ဆို အပြင်မှာတွေ့ဆုံနိုင်ဖို့ခဲယဉ်းပေမဲ့လည်း
ကုသိုလ်ကံကြောင့်လားတော့ မသိ၊ Amsterdam မြို့လယ်က ကော်ဖီဆိုင်တစ်ဆိုင်မှာ တွေ့ဆုံခွင့်ရရှိခဲ့ပါတယ်။
Hacking ဆိုတဲ့ ဘာသာရပ်က ကျွန်တော့်အတွက်တော့ ခပ်ဝေးဝေးမှာရှိနေတဲ့အရာတစ်ခုဖြစ်ပါတယ်။
ဒီလိုခပ်ဝေးဝေးမှာရှိနေသူတွေကို အသိပညာပေးလိုတဲ့ စေတနာကြောင့်ပဲလားတော့မသိ ၊Wouter
တစ်ယောက်သူ့ရဲ့ကျွမ်းကျင်မှုတွေကို ပြသခဲ့ပါတယ်။ အဲဒီနေ့က နေသာလေသာတဲ့ တနင်္ဂနွေနေ့တစ်နေ့ပေါ့။
Wouter Slotboom ဟာ ကော်ဖီဆိုင်ထဲကိုကျောပိုးအိတ်ကလေး တစ်လုံးနဲ့ရောက်လို့လာပါတယ်။
ကျောပိုးအိတ်ထဲက ထုတ်လိုက်တဲ့ device က ဘာလဲတော့ ကျွန်တော် မသိပါဘူး။
အရွယ်အစားအားဖြင့်တော့ စီးကရက်ဘူးတစ်ဘူးထက် နည်းနည်းလေးပဲပိုကြီးပါတယ်။ အန်တင်နာ
တပ်ထားပါတယ်။ အားလပ်ရက်ဖြစ်တာနဲ့အညီ ကော်ဖီဆိုင်ကလေးက လူတွေနဲ့ပြည့်လို့နေပါတယ်။ ဆိုင်ထဲက
ကျွှန်တော်တို့ကလွဲရင် အခြားသူတွေက သူတို့ရဲ့ Laptop တွေ၊ ဖုန်းတွေနဲ့ အလုပ်ရှုပ်
နေကြပုံရပါတယ်။
Wouter က သူ့ Laptop ကိုကျောပိုးအိတ်ထဲကထုတ်လိုက်တယ်။ နောက်သူ့ အမည်းရောင် device လေးကိုထုတ်ပြီး မီနူးစာအုပ်နဲ့ဖုံးထားလိုက်ပါတယ်။ စားပွဲထိုးကောင်မလေးရောက်လာတော့ Wouter က ကျွန်တော်တို့အတွက် ကော်ဖီ နှစ်ခွက်နဲ့အတူ wifi သုံးဖို့ Password တောင်းလိုက်ပါတယ်။ အဲဒီနောက်မှာ တော့ သူဟာ Laptop နဲ့ wifi ချိတ်ဆက်ပြီး Laptop ထဲမှာပါတဲ့ apps တွေအလုပ်နည်းနည်းရှုပ်သွားပါပြီ။ Laptop ပေါ်မှာလည်း အစိမ်းရောင် စာကြောင်းလေးတွေ ပြည့်နှက် သွားခဲ့ပါပြီ။ အချိန်နည်းနည်းကြာ သွားတာနဲ့အမျှ Wouter ရဲ့ Laptop ဟာ ကျွန်တော်တို့ထိုင်နေတဲ့ ကော်ဖီဆိုင်ရဲ့ wifi ကို အသုံးပြုသူတွေရဲ့ Laptop တွေ၊ smartphone တွေနဲ့ ချိတ်ဆက်နိုင်ပုံ ရလာပါတယ်။ ဒီလိုကျွန်တော်ဘာလို့ခန့်မှန်းမိလဲဆို တော့ သူ့ Screen ပေါ်မှာပေါ်လာတဲ့ စာကြောင်းတွေက iPhone Joris ၊ Simone’s MacBook စသဖြင့်ပေါ့၊ ပေါ်လာလို့ပါ။ Wouter ရဲ့ အမည်းရောင် device ကလေးက ဘေးပတ်ဝန်းကျင်မှာရှိနေတဲ့ Laptop တွေ ဖုန်းတွေ နဲ့ tablet တွေကပို့တဲ့ signal တွေကို ကြားဖြတ်ဖမ်းယူလိုက်ပုံရပါတယ်။ နောက်ထပ် စာကြောင်းတွေထပ်တက်လာပါတယ်။ ကျွန်တော်တို့အနေနဲ့ ခုလာရောက်ချိတ်ဆက်မိတဲ့ device တွေက ဘယ် wifi ကွန်ရက်တွေကို ဝင်ရောက်ခဲ့ဖူးလဲဆိုတာကို ကြည့်လို့ရလာပါပြီ။ အချို့စာကြောင်းတွေက encrypt လုပ်ထားတဲ့ စာကြောင်းတွေမှန်းသိသာလွန်းပါတယ်။ အချို့ကတော့ ပုံမှန်စာကြောင်း username၊ password ပုံတွေပါ။ ဒီ wifi ကွန်ရက်တွေကနေတစ်ဆင့် device တွေ၊ရောက်ခဲ့ဖူးတဲ့ နေရာဒေသတွေကို ရှာဖွေလို့ရလာပါပြီ။
ဥပမာအားဖြင့် iPhone ကိုင်ထားတဲ့ Joris ဟာ ကျွန်တော်တို့ထိုင်နေတဲ့ ကော်ဖီဆိုင်ကိုမလာခင် McDonald’s မှာ wifi သုံးခဲ့ပါ သေးတယ်။ နောက်ပြီး သူ့အားလပ်ရက်အပန်းဖြေခရီးအဖြစ်နဲ့ စပိန်ကိုသွားရောက်ခဲ့ပုံပါ။ သူသုံးခဲ့တဲ့ Public Wifi ရဲ့ အမည်တွေ ဟာစပိန်အမည်တွေဖြစ်နေလို့ပါ။ Martin ဆိုတဲ့ ကော်ဖီကြိုက်သူတစ်ဦး ကလည်း Heathrow လေဆိပ်ကနေ American airline နဲ့ ခရီးထွက်ခဲ့ဖူးသူဆိုတာကို သူ့အချက်အလက် တွေကတစ်ဆင့်ဖေါ်ပြထားပါတယ်။ ထပ်ပြီးအသေးစိတ်ရမယ်ဆိုရင် Martin ဟာ White Tulip ဟိုတယ်မှာ တည်းခဲ့ပုံရပြီး The Bulldog ဆိုတဲ့ ကော်ဖီဆိုင်မှာ ကော်ဖီဝင်သောက်ခဲ့ပုံလည်းရပါတယ်။ ကျွန်တော့် အမြင်တော့ Wouter Slotboom ဟာ စားပွဲထိုးမလေးဆီကရတဲ့ wifi password ကနေတစ်ဆင့် ကော်ဖီဆိုင်ရဲ့ wifi နေရာမှာ သူ့ device ကလေးက wifi ကိုအစားထိုးလိုက်ပုံရပါတယ်။ လာရောက်ချိတ်ဆက်တဲ့ Laptop တွေ ၊Phone တွေ နဲ့ tablet တွေက သူ့ ကိုဖြတ်ပြီးမှ ကော်ဖီဆိုင်ရဲ့ wifi ကိုသွားရောက်ချိတ်ဆက်ရပုံပါ။
အများအားဖြင့်တော့ smartphone တွေ၊ laptop တွေ နဲ့ tablet တွေဟာ wifi ပေးထားတဲ့ ကွန်ရက်တွေကို သူ့တို့ဘာသာ သူတို့ရှာဖွေချိတ်ဆက်ပေးကြပါတယ်။ ယခင်ချိတ်ဆက်ပြီးသားကွန်နက်ရှင်ဆိုရင်တော့ ပိုမိုဦးစားပေးတက်တာပေါ့။ ဥပမာအား ဖြင့် သင့် device ဟာ T-Mobile နဲ့ချိတ်ဆက်ဖူးရင် နောက်တစ်ခါ လည်း T-Mobile ကွန်ရက်ကိုပဲဦးစားပေးရှာဖွေပေးတဲ့ သဘောပါ။ Slotboom ရဲ့ အမည်းရောင် device ကလေးက ဒီလို Automatic ရှာဖွေနေတဲ့ device တွေအတွက် ယုံကြည်ဖွယ်ကောင်း လောက်တဲ့ ကွန်ရက်တစ်ခုအဖြစ် ဖြစ်အောင်ဖန်တီးပေးနိုင်စွမ်းရှိပါတယ်။ ကျွန်တော်သုံးနေတဲ့ iPhone ရဲ့ wifi ကိုဖွင့်လိုက် တော့လည်း ယခင်ဝင်ရောက်အသုံးပြုခဲ့ဖူးတဲ့ wifi တွေကိုဖေါ်ပြပေးထားပြီး အဲဒီကွန်ရက်တွေထဲကမှ အနီးဆုံးနဲ့အကောင်းဆုံး ကွန်ရက်ကို ရှာဖွေချိတ်ဆက်ပေးတာတွေ့ရပါတယ်။ ဒါပေမဲ့ Slotboom ရဲ့ဘေးနားမှာ ဖွင့်ပြီး wifi ကွန်ရက်ချိတ်ဆက်တာ ဖြစ်တာကြောင့် ကျွန်တော့် iPhone မှာပြတဲ့ ကွန်ရက်တွေအားလုံးဟာ Slotboom ရဲ့ အမည်းရောင် device ကလေးက ထုတ်လွှင့်တဲ့ ကွန်ရက်တွေချည်းဖြစ်လို့နေပါတယ်။ Slotboom ရဲ့ device ကလေးဟာ သူထုတ်လွှင့်ချင်တဲ့ ကွန်ရက် အမည်ကို ထုတ်လွှင့်ပေးနိုင်စွမ်းလည်းရှိပါတယ်။ သူ့ကွန်ရက်ကိုဝင်ရောက်ဖို့ Password နေရာမှာလည်း ပေးချင်တဲ့ Password ကိုပေးထားနိုင်စွမ်းရှိပါသေးတယ်။

ကျွှန်တော်တို့ထိုင်နေရင်းမှာပဲ
ကျွှန်တော်တို့ရဲ့ ဟန်ဆောင်ထားတဲ့ ကွန်ရက်ကို လာရောက်ချိတ်ဆက်သူတွေ များသထက်
များလို့လာနေပါပြီ။ ပြောရမယ်ဆိုရင် smartphone နဲ့ tablet အလုံး (၂၀)
လောက်ရှိနေတာပါ။ တကယ်လို့သာ Slotboom အနေနဲ့ ဆန္ဒရှိခဲ့ရင် အခုလာချိတ်ဆက်နေတဲ့
device ပိုင်ရှင်တွေရဲ့ ဘဝတွေကို ဖျက်ဆီးနိုင်စွမ်းရှိနေပါတယ်။ သူတို့ရဲ့ Password
တွေကို ပြန်လည်ပြောင်းလဲနိုင်ပါတယ်၊ သူ့တို့ရဲ့ ကိုယ်ရေး အချက်အလက်တွေကို
ခိုးယူနိုင်ပါတယ်၊ သူ့တို့ရဲ့ ဘဏ်အကောင့်တွေထဲကို ဝင်ရောက်မွှေနှောက်နိုင်ပါတယ်။
အဲဒီနောက်မှာတော့ Slotboom ဟာ သူ့ရဲ့ laptop ၊ device တွေကိုပိတ်လိုက်ပြီး ဒီနေ့သင်ခန်းစာကတော့ ဒီလောက်ပါပဲဆို ပြီးပြောပါတယ်။ နောက်နေ့မှဆက်ကြတာပေါ့တဲ့။ ဒီလိုနဲ့ပဲ ကော်ဖီဆိုင်လေးကနေ ထွက်ပြီးခေတ္တလမ်းခွဲလိုက်ပါတယ်။
နောက်နေ့ Slotboom နဲ့ကျွှန်တော်တွေ့ရတာကတော့ Amsterdam မြို့အစွန်နားကဘီယာဆိုင်လေးမှာပါ။ ဘီယာတစ်ခွက် နှစ်ခွက်လောက်သောက်ပြီးချိန်မှာတော့ ကျွန်တော်က Slotboom ကိုကျွှန်တော့်ကို hack ပြဖို့တောင်းဆိုမိပါတော့တယ်။ ကျွန်တော့်အနေနဲ့ ဒီလိုမျိုး hack ခြင်းခံရရင် ဘယ်လောက်အထိ ဆုံးရှုံးနစ်နာရမယ်ဆိုတာကို တိတိကျကျသိဖို့လိုမယ် မဟုတ်ပါလား။ Slotboom ဟာ သူ့ Laptop ကနေတစ်ဆင့် ကျွန်တော့်ဖုန်း wifi ကွန်နက်ရှင်နဲ့ချိတ်ဆက်လိုက်ပါတယ်။ အချို့သောအရာအနည်း ငယ်မှအပ အရာအားလုံးကို သူ ဖောက်ထွင်းဝင်ရောက်နိုင်ခဲ့ပါတယ်။ အများပြည်သူသုံး wifi ကွန်ရက်တွေဟာ လုံခြုံ စိတ်ချရမှုအပြည့်အဝမရနိုင်ဘူးဆိုတာက သတင်းအသစ်တစ်ခုရယ်တော့ မဟုတ်ခဲ့ပါဘူး။

ယ်လိုပဲဖြစ်ဖြစ်ပါလေ၊
အခုလိုလက်တွေ့မြင်တွေ့ရပြီးတဲ့နောက်မှာတော့ ဒါကိုပဲ သတိထားဖို့ ထပ်ခါ ထပ်ခါ
ပြောချင်နေမိပါတော့တယ်။ လတ်တလောစာရင်းများအရဆိုရင် တစ်ကမ္ဘာလုံးအတိုင်းအတာအရ
smartphone အသုံးပြုသူဦးရေ ၁.၄၃ ဘီလီယံလောက်ရှိပါတယ်။ ကမ္ဘာ့ထိပ်တန်းနိုင်ငံဖြစ်တဲ့
အမေရိကန်နိုင်ငံမှာဆိုရင် smartphone သန်း (၁၅၀) လောက်အသုံးပြုနေပြီး ၉၂ သန်းသော
အရွယ်ရောက်ပြီး အမေရိကန်တွေဟာ tablet တွေအသုံးပြုကြပါတယ်။ Laptop
ပိုင်ဆိုင်သူပေါင်းကလည်း အမေရိကန်တစ်နိုင်ငံထဲမှာကို ၉၂ သန်းလောက်ရှိနေပါတယ်။
နှစ်တိုင်းနှစ်တိုင်းမှာ smartphone ၊ tablet နဲ့ laptop တောင်းဆိုမှုတွေကလည်း
များသထက်များလာနေတာပါ။ ၂၀၁၃ ခုနှစ် ခန့်မှန်းတွက်ချက်မှုအရဆိုရင် တစ်ကမ္ဘာလုံးမှာ
tablet အလုံးရေ ၂၀၆ သန်းနဲ့ laptop အလုံးရေ ၁၈၀ သန်းရောင်းချခဲ့ကြရပါတယ်။
ဖြစ်နိုင်ခြေရှိတာကတော့ လူတိုင်းလူတိုင်းဟာ သူတို့ရဲ့ အလွယ်တကူ သယ်ယူနိုင်စွမ်းရှိတဲ့
device တွေကနေ အများပြည်သူသုံး wifi ကွန်ရက်တွေမှာ တစ်ခါတော့ ချိတ်ဆက်ဖူးကြမယ်ထင်ရစရာပါ။
ကော်ဖီဆိုင်မှာပဲဖြစ်ဖြစ်၊ မီးရထားပေါ်မှာပဲဖြစ်ဖြစ် ၊ ဟိုတယ်မှာပဲဖြစ်ဖြစ် ၊ Game
ဆိုင်တွေမှာပဲ ဖြစ်ဖြစ်ပေါ့။ ယခုလိုအခြေအနေမျိုးမှာ သတင်းကောင်းတစ်ခုကတော့ အချို့
ကွန်ရက်တွေဟာ ကောင်းမွန် တဲ့ကာကွယ်မှုတွေကို အသုံးပြုထား တာပဲဖြစ်ပါတယ်။ အချို့
email တွေနဲ့ လူမှုကွန်ရက် ဝန်ဆောင်မှုတွေအသုံးပြုတဲ့ လုံခြုံရေးဆိုင်ရာ နည်းစနစ် တွေဟာ
အခြားပြိုင်ဘက်တွေထက်ပိုမိုကောင်းမွန်ကြပါတယ်။ လုံခြုံရေးဆိုင်ရာနည်းစနစ်ဆိုရာမှာ
encryption methods ကိုဆိုလိုတာပါ။ ဒါပေမဲ့ Slotboom နဲ့အတူတူ
မြို့တော်ကြီးကိုလည်ပတ်ခဲ့ပြီးတဲ့နောက်မှာတော့ ကျွန်တော်နားလည်လာခဲ့တာက မည်သူမဆို
သူထုတ်လွှင့်ထားတဲ့ wifi ကိုလာရောက်ချိတ်ဆက်သူ အားလုံးနီးပါးရဲ့ အကောင့်တွေကို heck
နိုင်စွမ်းရှိတယ်ဆိုတာပါပဲ။ တစ်ကမ္ဘာလုံးဆိုင်ရာ သတင်းနှင့်နည်းပညာ
လေ့လာရေးသုတေသနအဖွဲ့ ရဲ့ ခန့်မှန်းတွက်ချက်မှုတွေအရဆိုရင်တော့
အကောင့်အရေအတွက်ပေါင်း ၈၂၂ သန်းဟာ လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုတွေနဲ့
ရင်ဆိုင်နေကြရပါတယ်။ အဲဒီခြိမ်းခြောက်မှုတွေထဲမှာ credit card နံပါတ်တွေ၊
မွေးနေ့တွေ၊ email တွေ၊ ကျန်းမာရေးဆိုင်ရာ အချက်အလက်တွေ၊ ဖုန်းနံပါတ်တွေ၊
လူမှုရေးဆိုင်ရာ လုံခြုံရေးနံပါတ်တွေ၊ နေထိုင်ရာ လိပ်စာတွေ၊ user name တွေပါဝင်လို့
နေပါတယ်။ အများစုကတော့ နည်းပညာအထွန်းကားဆုံး အမေရိကန်နိုင်ငံမှာဖြစ်ပါတယ်။ IT
လုံခြုံရေးဆိုင်ရာ Kaspersky Lab ရဲ့ လေ့လာဆန်းစစ်ချက်တွေအရကတော့ ၂၀၁၃ ခုနှစ်အတွင်း
တစ်ကမ္ဘာလုံးမှာ လူဦးရေ ၃၇.၃ သန်းနဲ့ အမေရိကန်နိုင်ငံက လူဦးရေ ၄.၅ သန်းဟာ
phishing လို့အမည်ပေးထားတဲ့ မေးလ်အတု ၊ဒါမှမဟုတ် website အတုတွေကတစ်ဆင့်
မိမိတို့ရဲ့ အချက်အလက်တွေကို ခိုးယူမူ တွေရဲ့ သားကောင်အဖြစ် ကျရောက်ခဲ့ရတယ်လို့ဆိုပါတယ်။
သတင်းတွေရဲ့ဖေါ်ပြချက်တွေမှာတော့ ဒစ်ဂျစ်တယ် နည်းစနစ်ဖြင့်ပြုလုပ်ထားတဲ့ သက်သေခံအထောက်အထား တွေကို လိမ်လည် ခိုးယူမှုဟာ များသထက်များလာပြီး ပုံမှန်ဖြေရှင်းနေရတဲ့ ပြဿနာတစ်ရပ်ဖြစ်လို့လာနေပါပြီ။ Hacker တွေနဲ့ online ရာဇဝတ်မှု ကျူးလွန်ဖို့ကြံစည်အားထုတ်နေသူတွေဘက်ကလည်း လိမ်လည် လှည့်စားဖို့ နည်းစနစ်အမျိုးမျိုးကို တီထွင်ကြံဆ အသုံးပြုလာကြ ပါတယ်။ ကာကွယ်မှုပြုလုပ်ခြင်းမရှိတဲ့ wifi ကွန်ရက်ကိုအသုံးပြုခြင်းဟာ အဆိုပါ လူယုတ်မာတွေအတွက် တံခါးတွေကိုဖွင့်ပေး ထားသလိုပါပဲ။ ပိုမိုလွယ်ကူစေမှာအမှန်ပဲဖြစ်ပါတယ်။ နယ်သာလန် နိုင်ငံရဲ့ နိုင်ငံတော် ဆိုက်ဘာလုံခြုံရေး စင်တာရဲ့ ထုတ်ဖေါ် ကြေညာချက်ကတော့ “အများပြည်သူတွေအသုံးပြုဖို့ပေးထားတဲ့ wifi တွေကို အလွယ်တကူချိတ်ဆက် အသုံးပြုဖို့မသင့်လျှော်ပါ ဘူး။ တကယ်လို့အသုံးပြုမယ်ဆိုပါက မိမိတို့အလုပ်အကိုင်နဲ့ပတ်သက်တဲ့ အချက်အလက်တွေ၊ မိမိတို့ငွေကြေး နဲ့ သက်ဆိုင်တဲ့ အချက်အလက်တွေကို အသုံးပြုခြင်းမှ အထူးရှောင်ကြဉ်ဖို့လိုအပ်ပါတယ်” လို့ဆိုပါတယ်။

ဒါဆိုရင်
Slotboom လိုလူမျိုးကိုရောဘယ်လိုခေါ်ကြမလဲ။ Slotboom က သူ့ကိုသူတော့ သိက္ခာရှိတဲ့
Hacker လို့ဆိုပါတယ်။ နည်းပညာနယ်ပယ်က လွတ်ကွက်၊ ယိုကွက်၊ အားနည်းချက်တွေကို
ထုတ်ဖေါ်ပြီး ဖြစ်နိုင်ခြေရှိတဲ့ အန္တရယ်တွေ၊ ဆိုကျိုးတွေကို
ပြုပြင်ပြောင်းလဲနိုင်ဖို့ အကူအညီပေးနိုင်သူတစ်ဦးဖြစ်ပါတယ်။ သူ့အနေနဲ့
တစ်သီးပုဂ္ဂလလူတွေ၊ကုမ္ပဏီတွေအတွက် ရှောင် ရန်၊ဆောင်ရန်အချက်အလက်တွေကို ချပြပြီး
အကောင်းမွန်ဆုံးအကြံဥာဏ်တွေပေးစွမ်းနိုင်စွမ်းရှိပါတယ်။ သူအခုပြသတဲ့ အချက် ရဲ့
အဓိပ္ပါယ်ကလည်းဒါပါပဲ။ အများပြည်သူသုံး wifi ကွန်ရက်မှာ ဝင်ရောက်အသုံးပြုခြင်းရဲ့
ဘေးထွက်ဆိုးကျိုးကို ဖော်ထုတ်ပြသတာပါ။
သူပြသတဲ့ပုံစံမျိုးကို အခြားသာမန်သူတွေရော ပြုလုပ်နိုင်မှာလား။ Slotboom ရဲ့အဆိုအရ ဒါဟာ Hacker တစ်ဦးအတွက်တော့ ကလေးကစားစရာပါပဲလို့ဆိုပါတယ်။ သူအသုံးပြုခဲ့တဲ့ device ကလေးက ဈေးပေါပါတယ်။ နောက် သူ အသုံးပြုခဲ့တဲ့ ကွန်ရက် အတွင်းကြားဖြတ်ဝင်ရောက်နိုင်စွမ်းရှိတဲ့ Software က အသုံးပြုရလွယ်ကူပြီး အချိန်မရွေး အခမဲ့ download လုပ်ပြီး အသုံးပြု နိုင်ပါတယ်။ “မင်းအနေနဲ့ Euro ၇၀ လောက်ရှိပြီး သာမန် IQ ရှိရင်ရပြီ။ နည်းနည်းတော့ စိတ်ရှည်ဖို့လိုတာပေါ့။ ဒါလဲ ငါးမျှားခြင်း တစ်မျိုးပဲမဟုတ်လား” လို့ Slotboom ကဆိုပါတယ်။ တကယ်လို့ ကျွှန်တော်တို့လို့ အခမဲ့ wifi အသုံးပြုလို သူတွေကို ဖောက်ထွင်းဖို့ကြိုးစားနေမယ့် hacker တစ်ဦးဟာ ပိုမိုကောင်းမွန်တဲ့ လက်နက်ကိရိယာတွေ၊ ပိုမိုကောင်းမွန်တဲ့ software တွေ နဲ့ apps တွေကိုအသုံးပြုပြီး ဖောက်ထွင်းမယ်ဆိုရင်တော့ စဉ်းစားစရာပါပဲ။
သူတို့ရဲ့ လုပ်ဆောင်ချက်တွေကလည်း တကယ့်ကိုငါးမျှားသလိုပါပဲ။ ဥပမာတစ်ခု နောက်ဆုံးအနေနဲ့ ပြောခဲ့ချင်ပါသေးတယ်။ Slotboom လိုမျိုး အသုံးပြုသူတွေရဲ့ အချက်အလက်အချို့ကို ရရှိပြီးသား Hacker တစ်ဦးဆိုပါတော့။ သူဟာ ကျွန်တော်တို့ အသုံးပြုနေကျ Bank အကောင့်ရဲ့ webpage ကို အပြောင်အလဲပြုလုပ်နိုင်ပါသေးတယ်။ တကယ်လို့ အသုံးပြုသူ Bank အကောင့်ရဲ့ username နဲ့ password ကို အတိအကျမသိသေးရင်တောင်မှပေါ့။ ဘယ်လိုအပြောင်းအလဲလည်းဆိုတော့ hacker ဟာ အသုံးပြုသူ တစ်ဦးအတွက် တကယ့် Bank webpage နဲ့ထပ်တူတဲ့ webpage ကိုဖန်တီးပြီး အသုံးပြုသူရဲ့ email ကို ပို့ထားခြင်းပါပဲ။ ဒါဟာ ငါးမျှားတာပါပဲ။ အဆိုပါဖန်တီးထားတဲ့ webpage ကို Hacker က အလိုရှိ သလိုထိန်းချုပ်နိုင်တယ်ဆို တာကိုတော့ပြောစရာမလိုတော့ပါဘူးနော်။ ဒီလိုမျိုးလုပ်ဆောင်တာကို hacker တွေက DNS spoofing လုပ်ဆောင်တယ်လို့ ခေါ်ကြပါတယ်။ Phishing တစ်မျိုးပဲ။ Hacker ရဲ့ Clone Webpage ကိုဝင်ရောက်မိသူတွေအဖို့ မိနစ် ၂၀ အတွင်း ဘဝတစ်ခု ပြောင်းသွားနိုင်တယ်ဆိုတာကို Slotboom က နောက်ဆုံးအနေနဲ့ အထောက်အထားအပြည့်အစုံထည့်ပြီး လက်တွေ့ရှင်းပြ ခဲ့ပါတယ်။

ကျွန်တော်တို့နိုင်ငံမှာလိုonline
banking တွေနည်းပါးသေးတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေအဖို့ဒါဟာ ကြီးမားတဲ့ပြဿနာ တစ်ခုတော့
မဟုတ်သေးပါဘူး။ နိုင်ငံတကာဘဏ်တွေမှာ ငွေထည့်ပြီး အလုပ်လုပ်ဆောင်နေကြတဲ့
သူတွေအဖို့မှာတော့ သတိထားစရာ တစ်ခုဖြစ်မှာအမှန်ပါ။ ဘယ်လိုပဲဖြစ်ဖြစ်ပါလေ။
ဆင်ကလဲဆင်အထွာ၊ ဆိတ်ကလလဲဆိတ်အထွာပေါ့။ ကျွှန်တော်တို့လိုonline gamer
တွေအတွက်ကျွန်တော်တို့ဆော့ကစားနေတဲ့ online game account လေးတစ်ခုဟာလဲ သူ့ဟာနဲ့သူတော့
တန်ဖိုးရှိလို့နေပါတယ်။ ဟော်လန်ကနေ အပြန် ကျွန်တော့်အတွက် ဆုံးဖြတ်မိတာကတော့
လုံခြုံမှုစိတ်မချရတဲ့ အများပြည်သူသုံး wifi ကွန်ရက်တွေမှာ ဘယ်တော့
ကုန်းဆင်းမလိမ့်တော့ပါဘူး ဆိုတာပဲ ဖြစ်ပါတော့တယ်။
ရေးသူ-စည်သူ