Friday, December 11, 2015

ကိုယ့်အိမ်ကနေ ပျောက်ကွယ်သွားတော့မည့် နည်းပညာ ပစ္စည်းငါးမျိုး

နည်းပညာ တိုးတက်မှု ရေစီးနှင့် အတူလူသားတို့  စီးမျောလိုက်ပါရင်း အချို့သော နည်းပညာ ပစ္စည်းများ ရေစီးထဲက လွင့်ထွက် ကာ ရေအောက်သို့ နစ်မြုပ်သွားရသည်။ ဥပမာတိပ်ခွေနဲ့ ဖွင့်ရသော ကတ်ဆတ်များ၊ စီဒီချပ်နဲ့ ဖွင့်ရသော ဝေါ့မန်းများကို ကြည့်ပါ။  ယနေ့ခေတ် မြို့ပြများတွင် ထိုပစ္စည်းများကို မြင်မိသောနေ့သည် ကံကောင်းသောနေ့ဟု သတ်မှတ်ရမည်
ယနေ့အချိန်တွင် လူသားတို့၏ အလုပ်ကိစ္စမှသည် ဖျော်ဖြေရေးကိစ္စအထိ ဒီဂျစ်တယ်ပစ္စည်းများအဖြစ် အွန်လိုင်းပေါ် ရောက်ကုန်ပြီ။ ဒီဂျစ်တယ် ဖိုင်များကိုဟာ့ဒစ်များမှာ သိမ်းကြသည်။ အွန်လိုင်း တိမ်တိုက်တွေမှာ သိမ်းကြသည်။ ဒီဗွီဒီခွေ၊ ဘလူး-ရေး (Blu-Ray) ခွေများခေတ်မတိမ်သေးသော်လည်း ထိုအခွေများကပေးသော ဖျော်ဖြေရေးမျိုးကို အွန်လိုင်းကနေလည်း ပေးနိုင်နေပြီဖြစ်ရာ ဒီဗွီဒီခွေ၊ ဘလူး-ရေးခွေများ၏ အနာဂတ်ကလည်း ရက်အကန့်အသတ်တော့ ရှိလာပြီ။ ဂိမ်းနယ်ပယ်ကို ကြည့်လျှင်လည်း ယနေ့အချိန်တွင် ဂိမ်းခွေတွေ မြင်နေရသေးသည့်တိုင် ဂိမ်းကို အွန်လိုင်းကနေ ရောင်းချမှုက အင်အားကောင်းသထက် ကောင်းလာနေပြီကိုလည်း မမေ့သင့်။ ဂိမ်းခွေတွေ၏ အသက်သည်လည်း ကာလအကန့်အသတ် ရှိလာပြီ။
ဒီဂျစ်တယ် မီဒီယာလှိုင်းလုံး အရှိန်အဟုန်ဖြင့် တိုးဝင်လာ နေချိန်တွင် ရုပ်အားဖြင့် ထိကိုင်လို့ရသော စီဒီခွေ၊ ကတ်ဆတ်တို့ကို အမှတ်တရ သိမ်းထားမည့် သူကလက်တစ်ဆုပ်စာ ခန့်သာရှိနိုင်တော့သည်။ လူများစုကြီးကား ထိုပစ္စည်းများကို ခေတ်ရေစီးကြောင်းပေါ်က တွန်းချကာ ရေအောက်ကို ပို့လိုက်လိမ့်မည်။
သို့ဖြစ်ရာ မိမိအိမ်ထဲက မည်သည့် နည်းပညာပစ္စည်းများ ခေတ်ရေစီးအောက်ထဲ နစ်မြုပ်ကျန်ခဲ့မည်ကို ကြည့်ကြစို့။
၁။ အပျော်တမ်းဒီဂျစ်တယ် ကင်မရာလေးများ
ယနေ့ စမတ်ဖုန်း ကင်မရာများ၏ အရည်အသွေးသည် ပျမ်းမျှအားဖြင့် ၈ မဂ္ဂါပစ်ဇယ်မှ ၁၂ မဂ္ဂါပစ်ဇယ်ကြားရှိသည်။ လာမည့်နှစ်ပိုင်းများအတွင်း ထို့ထက် မဂ္ဂါပစ်ဇယ်ပိုများ၊ ထို့ထက်ရုပ် ထွက်ပိုကောင်းသော စမတ်ဖုန်း ကင်မရာများကိုလည်း လူတိုင်းကိုင်နိုင် ကြလိမ့်မည်။ ထိုမျှ အရည်အသွေးကောင်းသော ကင်မရာတွေ ဖုန်းမှာတစ်ပါတည်း တွဲပါလာချိန်တွင် မည်သူကမျှ အပျော်တမ်း ဒီဂျစ်တယ် ကင်မရာလေးတွေကို အလေးခံ၊ အရှုပ်ခံပြီးသယ်နေ လိမ့်မည်မဟုတ်။
ယနေ့မိသားစု အတော်များများသည်ပင် ခရီးထွက်သည့်အခါ ဖုန်းနဲ့သာ ဓာတ်ပုံရိုက်ကြတော့သည်။ အပျော်တမ်း ဒီဂျစ်တယ် ကင်မရာလေးတွေ တကူးတက သယ်မနေကြတော့။ ဖုန်းတွေသည် ရုပ်ထွက်အရည်အသွေးမြင့် HD ဗီဒီယိုတွေလည်း ရိုက်ပေးနိုင်နေပြီဖြစ်ရာ အပျော်တမ်း ဒီဂျစ်တယ် ကင်မရာတွေ ကိုင်နေခြင်းသည် ခေတ်မမီရာပင် ရောက်နေပြီ မဟုတ်ပါလား။
ဓာတ်ပုံရုပ်ထွက် အရည်အသွေးပိုင်းကို အလေးပေးလိုသူ အချို့သာ ဈေးအမြင့်ပိုင်း ဒီဂျစ်တယ် ကင်မရာများကို ဝယ်ကိုင်ကြလိမ့်မည်။ စမတ်ဖုန်း ကင်မရာများသည် သာမန်ပျော်ပွဲစား ထွက်တာမျိုး၊ အမှတ်တရ ဖြစ်စရာလေးတွေ ရိုက်တာမျိုးအဖို့ လုံလောက်သော်လည်း ရုပ်ထွက်အရည်အသွေး ကောင်းကောင်းကိုမှ လိုချင်သူများ အတွက်တော့ ဈေးမြင့်ဒီဂျစ်တယ် ကင်မရာများက အရေးပါနေ လိမ့်ဦးမည်။ ဒေါ်လာ ၃၀၀ အောက် အပျော်တမ်းကင်မရာ ဈေးကွက်ကတော့ ကျုံ့ပြီးရင်း ကျုံ့လာနေကြောင်း ဈေးကွက်စစ်တမ်း အများအပြားကလည်း ဖော်ပြနေသည်။
၂။ ရီမုတ်ကွန်ထရိုးတွေ
ရီမုတ်ကွန်ထရိုးတွေ ပျောက်ကွယ်တော့မည်ဟု ဆိုလိုက်သဖြင့် စာဖတ်သူအနေဖြင့် “မဖြစ်နိုင်တာ”ဟုထင်ကောင်း ထင်လိမ့်မည်။ ဟုတ်သည်လေ၊ အိမ်ထဲကြည့်လိုက်လျှင်လည်း တီဗီ၊ အောက်စက်၊ ပန်ကာ၊ အဲကွန်း ဘယ်ပစ္စည်းပဲဖြစ်ဖြစ် ကိုယ်စီရီမုတ် ကွန်ထရိုးတွေ ပါကြသည် ချည်းမဟုတ်ပါလား။ ကားတံခါး၊ ခြံတံခါး၊ ဂိုဒေါင် တံခါးတွေဆိုလည်း ရီမုတ်ကွန်ထရိုးနဲ့ လှမ်းနှိပ်ပြီး ခိုင်းချင်တာ ခိုင်းလိုက်ရုံ မဟုတ်လား။ အိမ်ထဲက မီးတွေကိုလည်း ရီမုတ်ကွန်ထရိုးနဲ့ အလင်းအမှိန် အဖွင့်အပိတ်တွေ လိုသလို ခိုင်းလို့ရနေသည် မဟုတ်လား။ ဘာကိစ္စ ခေတ်သုဉ်းရမည်နည်းဟု စာဖတ်သူ ဆိုချင်လိမ့်မည်။
ရီမုတ် ကွန်ထရိုးတွေကို ခေတ်ရေစီးအောက်ထဲ နှစ်ပစ်မည့်သူ ကားအခြားမဟုတ်၊ စာဖတ်သူတို့ လက်ထဲက စမတ်ဖုန်းတွေ ဖြစ်၏။ ယခုခေတ်ပေါ် တီဗီ၊ ပန်ကာ၊ အဲကွန်း၊ အိမ်တွင်းမီး၊ ခြံတံခါး စသဖြင့် အသုံးအဆောင်ပစ္စည်း အများစုကြီးသည် ဝိုင်ဖိုင်အင်တာနက်ဖြင့် ချိတ်ဆက် ညွှန်ကြားနိုင်သော စမတ်ပစ္စည်းများ ဖြစ်လာပြီ။ အင်တာနက် ချိတ်ဆက်ထားသော ထိုပစ္စည်းများကို မိမိစမတ်ဖုန်းကနေ လိုသလို ညွှန်ကြားလိုက်လို့ရသည်။ ရီမုတ် ကွန်ထရိုးတွေကမှ မလှမ်းမကမ်းလောက်ကနေ ခလုတ်နှိပ်နေရသေးသည်။ စမတ်ပစ္စည်းများကို စမတ်ဖုန်းဖြင့် ခိုင်းစေဖို့က အနားမှာမရှိလည်း ရသည်။ ကိုယ့်အိမ်ကို ကမ္ဘာတစ်ဖက်ခြမ်းကနေ လှမ်းထိန်းချုပ်လို့ ရနေပြီ။ ထိုတစ်ချက်တည်းနဲ့ပင် ရီမုတ်ကွန်ထရိုးတွေ အနာဂတ် ရက်အကန့်အသတ် ရှိနေပြီကို စာဖတ်သူတို့ မြင်နိုင်သည်။
အသံဖြင့် ထိန်းချုပ်စနစ်၊ လက်ဟန်ခြေဟန်နဲ့ ထိန်းချုပ်စနစ်များကလည်း ရီမုတ်ကွန်ထရိုးတွေကို ခေတ်ရေစီးကြောင်းကနေ တွန်း ထုတ်ပစ်လိမ့်မည်။ ယနေ့ စမတ်တီဗီများကို အသံနဲ့ညွှန်ကြားခိုင်း စေနိုင်နေပြီဆိုတာ စာဖတ်သူများ သတိထားမိလိမ့်မည်။ မိမိကြည့်ချင်သည့် လိုင်းကိုပါးစပ်နဲ့ပြောပြီး ချိန်းခိုင်းလိုက်လို့ရသည့် အနေအထားတွင် မည်သူမျှ ရီမုတ်ကွန်ထရိုး လိုက်ရှာနှိပ်နေလိမ့်မည်မဟုတ်။
၃။ ကြိုးဖုန်းတွေ
ဖုန်းတည်နေရာ အတည်တကျ ရှိဖို့လိုသော စီးပွားလုပ်ငန်း တွေ၊ ဆေးရုံတွေ၊ ကောလ်စင်တာတွေ၊ အရောင်းစင်တာ တွေလောက်သာ အထိုင်ကြိုးဖုန်းဆက် သုံးကြလိမ့်မည်။ လူတစ်ဦးချင်း အနေဖြင့်ကား ဘယ်သွားသွားသယ်သွားပြီး ဆက်သွယ်လို့ရသော မိုဘိုင်းဖုန်းတွေ၊ စမတ်ဖုန်းတွေသာ သုံးကြလိမ့်မည်။ ကြိုးဖုန်းကို မည်သူကမျှ အလုပ်ရှုပ်ခံပြီး အိမ်မှာတပ်နေ လိမ့်မည်မဟုတ်။ မိုဘိုင်းဖုန်းလိုင်း များသည်လည်း ကြိုးဖုန်းများနည်းတူ ကောင်းမွန် စိတ်ချရပြီဖြစ်သလို၊ မိုဘိုင်းဖုန်းများဖြင့် အင်တာနက်သုံးကာ ဆက်သွယ်နိုင်သဖြင့်လည်း လူတွေသည် သယ်သွားနိုင်သော မိုဘိုင်းဖုန်းများကိုသာ ရွေးချယ်ကြလိမ့်မည်။ လက်ရှိမှာပင် အိမ်မှာကြိုးဖုန်း ရှိသူများ ကိုယ်တိုင်တောင် ကြိုးဖုန်းကို သိပ်မသုံးဖြစ်တော့ဘဲ မိသားစုဝင်တွေ ကိုယ်စီ စမတ်ဖုန်းတွေနဲ့ ဖြစ်ကုန်ကြပြီ။
၎။ နှိုးစက်နာရီများ
နှိုးစက်နာရီသံဖြင့် နိုးထရသည့်ရက်ကို ပြန်စဉ်းစားကြည့်ပါ စာဖတ်သူ။ တော်တော်ဝေးဝေး အတိတ်မနက်ခင်း တစ်ခုဆီရောက် သွားလိမ့်မည် ထင်သည်။ အကြောင်းမူကား ယနေ့စမတ်ဖုန်း လူသားများသည် မနက်ထဖို့ နှိုးစက်ပေးလိုလျှင် ကိုယ့်ခေါင်းအုံးဘေးမှာ ထားအိပ်သော စမတ် ဖုန်းကိုသာ ထိုတာဝန် ပေးကြတော့သည်။ နှိုးစက်နာရီတွေနဲ့ တကူးတက လုပ်မနေတော့။ နောက်တစ်ချက်အနေနှင့် နှိုးစက်နာရီက ထွက်သော တီတီတွမ်တွမ် စူးစူးဝါးဝါးအသံနဲ့ ဘာကိစ္စ လန့်နိုးမည်နည်း။ ကိုယ့်စမတ်ဖုန်းနဲ့ဆိုရင် ကိုယ်ကြိုက်သည့် သီချင်းသံကို မနက် နှိုးစက်သံအဖြစ် သတ်မှတ်ထားနိုင်သည်။ မိုးလင်းတော့ ကိုယ်ကြိုက်သည့် သီချင်းသံနဲ့ သာသာယာယာ နိုးလာရတာ လူတွေ ပိုကြိုက်ကြမည် မဟုတ်ပါလား။
၂၀၁၄ ခုနှစ်က စစ်တမ်းတစ်ရပ် အရလည်း စမတ်ဖုန်းကိုင်သူ အများစုကြီးသည် စမတ်ဖုန်းကို ဖုန်းဆက်ဖို့ထက် မနက်နှိုးစက်ပေးဖို့ ပိုသုံးဖြစ်သည်ဟု ဆိုကြသည်။ အပြောရဲလှသည်လားဟု မဆိုစေချင်။ အက်ပဲနှင့် အန်းဒရွိုက် အပလီကေးရှင်း စတိုးများကို ဝင်ကြည့်လိုက်လျှင် များပြားလှစွာသော နှိုးစက် အပလီကေးရှင်းများက အပြောရဲရစေသည့် သက်သေများဖြစ်ကြောင်း စာဖတ်သူမြင်နိုင်သည်။
၅။ အိတ်ဆောင် ဂျီပီအက်စ်စက်တွေ
စမတ်ဖုန်းတွေကြောင့် လမ်းဘေးဆင်း ဖယ်ပေးလိုက်ရသည့် နည်းပညာ တစ်ရပ်လည်း ရှိသေးသည်။ အိတ်ဆောင် ဂျီပီအက်စ် စက်လေးများဖြစ်၏။ ၂၀၁၀ ရှေ့ပိုင်း ကာလများတုန်းက မော်တော်ကား ဓာတ်ပုံများကို  ပြန်ကြည့်လျှင် ကားဒတ်ရှ်ဘုတ်ပေါ်မှာ အိတ်ဆောင် ဂျီပီအက်စ်စက်လေးတွေ တင်ထားတာမျိုး တွေ့ရလိမ့်မည်။ ယခုတော့ ထိုမြင်ကွင်းမျိုးက ပျောက်သလောက် ဖြစ်သွားပြီ။ ပျောက်ရသည့် အကြောင်းရင်းကလည်း ရှိနေသည်။
ယနေ့ စမတ်ဖုန်းတိုင်းတွင် ဂျီပီအက်စ် စနစ်ပါသည်။ ဂူဂဲမြေပုံ၊ အက်ပဲမြေပုံများသည် ဖုန်း၏ဂျီပီအက်စ် စနစ်နဲ့ပူးပေါင်း အလုပ်လုပ်ကာ ဖုန်းပိုင်ရှင်၏ တည်နေရာ အတိအကျကို မြေပုံပေါ်မှာ ဖော်ပြပေးနိုင်သည်။ မိမိမရောက်ဖူးသည့် မြို့ရွာတွေ ရောက်သွားလျှင်လည်း ပူစရာမလို။ ကိုယ်ဘယ်ရောက်နေသည်၊ ကိုယ်ဘယ်သွားရမည်ဆိုတာ မြေပုံပေါ်မှာ အလွယ်တကူ ကြည့်ရှုနိုင်ပြီ။ ပြီးခဲ့သည့် ဆယ်စုနှစ် တစ်ခုလောက် တုန်းကလိုမျိုး အိတ်ဆောင် ဂျီပီအက်စ် စက်လေးတွေ ကိုင်နေဖို့မလိုတော့။ ယခုနောက်ပိုင်းထုတ်သည့် ကားတွေမှာလည်း ဂျီပီအက်စ်သည် မပါမဖြစ် ပါဝင်လာပြီ။ ကားဒတ်ရှ်ဘုတ်မှာ မြုပ်ထားသော ဖန်သားပြင်ငယ်မှာ မြေပုံကိုပါ ကြည့်ရှုပြီး မောင်းလိုရာကို အလွယ်တကူ မောင်းနိုင်နေပြီ။ နည်းပညာမြင့်သော ကားများဆိုလျှင် မိမိသွားမည့် နေရာကိုရိုက် ထည့်ပေးလိုက်ရုံဖြင့်ပင် မည်သည့်လမ်းက မည်သို့သွားရမည် ဆိုတာကိုပါ လမ်းညွှန်ပေးလိမ့်ဦးမည်။
Ref: 5 Devices in Your Home That May Become Obsolete Soon by Briley Kenney (cheatsheet.com)

By: ဟိန်းထက


Friday, October 23, 2015

စမတ်ဖုန်းကပေးတဲ့ လူမှုဒုက္ခများ

နည်းပညာက ကမ္ဘာကြီးကို ကျဉ်းမြောင်းသွားစေပြီး ရွာကြီးတရွာ ဖြစ်စေတယ်။ နည်းပညာလှိုင်း တ၀ုန်းဝုန်း ရိုက်ခတ်ခံရတဲ့အထဲမှာ မြန်မာနိုင်ငံလည်း ကျန်မနေခဲ့ဘူး။ အခုဆိုရင် မြန်မာနိုင်ငံမှာ ဆက်သွယ်ရေး တခေတ်ဆန်းချိန်လို့ ဆိုနိုင်တယ်။ လူတိုင်းနီးပါး မိုဘိုင်းဖုန်းကိုယ်စီနဲ့ ဖြစ်လာကြပြီ။ တချို့တွေကတော့ မိုဘိုင်းဖုန်း သုံး၊ လေးလုံးအထိ ကိုင်ကြတာလည်း ရှိပါတယ်။
အခုခေတ်မှာတော့ မိုဘိုင်းဖုန်းက ဟန်ရေးပြပစ္စည်း မဟုတ်တော့ဘူး။ အသုံးတည့်တဲ့ ဆက်သွယ်ရေးကိရိယာ တခုသာ ဖြစ်တော့တယ်။ မကြာသေးခင် ကာလကအထိ မိုဘိုင်းဖုန်းဆိုတာ မြန်မာနိုင်ငံမှာတော့ လူကုံထံတွေရဲ့ ပိုင်ဆိုင်မှုပြ ပစ္စည်းသက်သက်သာ ဖြစ်ခဲ့တယ်။ အစိုးရကို တရားဝင်ပေးသွင်းရတဲ့ ဆင်းကတ်တန်ဖိုးကပဲ ကျပ် ၁၅ သိန်း (ဒေါ်လာ ၁၅၀၀) အထိ ပေးခဲ့ကြရတယ်။ အဲဒီအချိန်တုန်းကတော့ မိုဘိုင်းဖုန်းဆိုတာ စကားပြောရုံ တမျိုးသာ အသုံးပြုနိုင်ခဲ့ကြတယ်။ နောက်ပိုင်းမှာတော့ စာတို (SMS) ပို့စနစ်ပေးတဲ့ ၀န်ဆောင်မှုကို ဖုန်းသုံးစွဲသူတွေ ရရှိခဲ့တယ်။
မိုဘိုင်းဖုန်းတွေ လူတန်းစားမရွေး ဖောဖောသီသီ သုံးနိုင်လာတာ ကောင်းပါတယ်။ အချိန်မရွေး ဆက်သွယ်ရ လွယ်ကူလာတယ်။ စမတ်ဖုန်းဆို ဓာတ်ပုံလည်း ရိုက်၊ သီချင်းလည်း နားထောင်၊ အင်တာနက်နဲ့လည်း ချိတ်နိုင်လို့ သတင်း အချက်အလက်တွေ အချိန်မဆိုင်းဘဲ သိလာရတယ်။ ခေတ်လူငယ်တွေကြားမှာ အင်မတန် ရေပန်းစားလာကြတယ်။ ဒါပေမယ့် ဖုန်းသုံးစွဲသူတွေက အလွဲသုံးနေကြတာလည်း ရှိတယ်။ လုပ်ငန်းခွင်မှာ မလိုအပ်ဘဲ ဖုန်းအကြာကြီးပြောတယ်။ အင်တာနက်ကို အချိန်ပြည့်နီးပါး အသုံးပြုနေတဲ့ ၀န်ထမ်းတချို့ကြောင့် လုပ်ငန်းခွင်မှာ မိုဘိုင်းဖုန်းမသုံးဖို့ လုပ်ငန်းရှင်တွေက ပိတ်ပင်လာကြရတာလည်း ရှိတယ်။ အထူးသဖြင့် အင်တာနက် သုံးတယ်ဆိုတဲ့နေရာမှာ ဗိုက်ဗာကတဆင့် ပုံတွေနဲ့စာတွေ ပို့ကြတာ၊ လူမှုကွန်ရက် ဖေ့စ်ဘုတ်သုံးစွဲလာတာ၊ အင်တာနက်ဂိမ်းကို ခုံခုံမင်မင် ကစားတာတွေပါ။
တကယ်တော့ အင်တာနက်ဟာ ကောင်းကင်က ပညာရပ်တွေကို မောက်စ်တကမ်း အကွာကနေ ဆွဲယူနိုင်တဲ့ နည်းပညာပါ။ ကျနော်တို့ဆီမှာတော့ အင်တာနက် အသုံးပြုသူအများစုက ဖေ့စ်ဘုတ်နဲ့သာ အချိန်ကုန်နေကြတယ်။ မယုံမရှိပါနဲ့။ ဘွဲ့ရလူငယ်တယောက်က အီးမေးလ်အသုံးပြုမှု တခါမှမရှိသလို ဘယ်ဝက်ဘ်ဆိုဒ်ကိုမှလည်း မဖွင့်ဖူးဘူး။ ဂူလ်ဂဲကနေ ဘာကိုမှ မရှာဖွေဖူးတဲ့သူတွေ ရှိတယ်။ ကုန်ကုန်ပြောရရင် ဖေ့စ်ဘုတ်ကိုပဲ အင်တာနက် ထင်နေတဲ့သူတွေ ကျနော်တို့ ၀န်းကျင်မှာ ရှိနေတယ်။
ဒါဟာ သူတို့ အပြစ်တော့လည်း မဟုတ်ဘူး။ သူတို့ဟာ အင်တာနက်နဲ့ ယဉ်ပါးခဲ့ကြသူတွေ မဟုတ်ဘူး။ အင်တာနက်နဲ့ လက်ပွန်းတတီး ရှိအောင်လည်း ပတ်ဝန်းကျင်ကောင်းတွေ မဖန်တီးပေးခဲ့နိုင်ဘူး။ စမတ်ဖုန်းတွေ အင်တာနက် အသုံးပြုခွင့် ရလာမှ နည်းပညာလှိုင်းထဲ ဒရောသောပါး ၀င်ရောက်လာကြသူတွေ ဖြစ်တယ်။ ကျနော့်မိတ်ဆွေ တယောက်ပြောတာလေး ပြန်ပြီး ဖောက်သည်ချပါရစေ။
“ဖေ့စ်ဘုတ်က ငါတို့ ရွှေ လူမျိုးတွေနဲ့ ကွက်တိပဲ။ အတင်းတုပ်လို့ ရတယ်။ ကြွားချင်ဝါချင်လို့လည်း ရတယ်။ အချိန်ဖြုန်းလို့ ကောင်းတယ်။ ဘာမဆိုသိတဲ့ ဆရာကြီးလည်း လုပ်လို့ရတယ်။ ဟန်ကျချက်တော့ သူ့ထက်ကောင်းတာတောင် သူလောက်ကောင်းမှာ မဟုတ်ဘူး” လို့ သူက ပြောပါတယ်။
ဖေ့စ်ဘုတ်တင်မက အင်တာနက်ဂိမ်းဖြစ်တဲ့ COC (Clash of Clans) ကိုလည်း လူကြီးလူငယ်တွေ အထူး နှစ်သက်ကြတယ်။ အိမ်ထောင်စု တချို့ကတော့ မိသားစုလိုက် COC ဂိမ်းကို စွဲစွဲလန်းလန်း ကစားကြတယ်။ ညနက်သန်းခေါင်အထိ COC ဂိမ်း ဆော့ကစားကြတဲ့ သူတွေရှိသလို  လုပ်ငန်းခွင် ၀င်နေတဲ့အချိန်မှာ COC ဂိမ်းကို ကစားကြတဲ့ ၀န်ထမ်းတချို့ကြောင့် လုပ်ငန်းခွင် နှောင့်နှေးရတာလည်း ရှိနေပါတယ်။ တချို့ ဂိမ်းသမားတွေကတော့ COC ကစားတဲ့အခါ အမှတ်ပိုရဖို့ ငွေပေးပြီး ၀ယ်ယူသုံးစွဲကြတဲ့ သူတွေလည်း ရှိတယ်။
အင်တာနက်ကို စွဲလန်းနေတဲ့ အောက်ခြေ လူတန်းစားတချို့က နေ့စဉ်ဝင်ငွေရဲ့ ၂၅ ရာခိုင်နှုန်းကို ဖုန်းဘီလ်ထည့်ရာမှာ သုံးနေကြရတယ်။ သူတို့တွေက တရက် ဖုန်းဘီလ် ၁၀၀၀၊ ၁၅၀၀ ကျပ်ဖိုး ပုံမှန်ဖြည့်ပြီး အင်တာနက် သုံးစွဲနေကြသူတွေ ဖြစ်တယ်။ အင်တာနက်က သူတို့အတွက် တကိုယ်ရည် အပန်းဖြေစရာ နယ်ပယ်တခု ဖြစ်နေတယ်။ ဒီရက်ပိုင်းမှာ အိမ်ပြုပြင်နေတဲ့ မိတ်ဆွေ တယောက်ကလည်း သူကြုံတွေ့ရပုံကို အခုလို ဖောက်သည်ချပါတယ်။
“အိမ်မှာ အခန်းဖွဲ့စရာလေးရှိလို့ လက်သမားအဖွဲ့ ခေါ်ခိုင်းလိုက်တယ်။ သူတို့က အလုပ်လုပ်နေတုန်း ဖုန်းပွတ်ပြီး အင်တာနက်က သုံးရသေးတာ။ နေ့လယ်နေ့ခင်း ထမင်းစားနားတော့လည်း ထမင်း ကပြာကယာစားပြီး ဖုန်းပွတ်ကြပြန်ရော။ အလုပ်လုပ်နေတုန်း ဖုန်းပွတ်တဲ့အခါ တယောက်တည်း အင်တာနက် သုံးရုံမကဘူး။ လုပ်ဖော်ကိုင်ဖက်တွေပါ သူသုံးနေတဲ့ အင်တာနက်ဖုန်းကို ပြသေးတာ။ လုပ်ငန်းခွင်မှာ တယောက် အင်တာနက် သုံးလိုက်တာနဲ့ သုံး၊ လေးယောက်လောက် လုပ်အားဆုံးရှုံးရတယ်” တဲ့။
မြန်မာနိုင်ငံမှာ အများစုက စမတ်ဖုန်းတွေ သုံးစွဲနေကြတယ်။ လေ့လာချက်တရပ်အရ ဖုန်းအသုံးပြုသူတွေရဲ့ ၇၀ ရာခိုင်နှုန်းက စမတ်ဖုန်းတွေ သုံးစွဲနေကြပါသတဲ့။ ကျနော်တို့ဆီမှာတော့ ငွေ လေး၊ ငါးသောင်း လောက်ရှိရင်ပဲ အိမ်နီးချင်းနိုင်ငံ တရုတ်က ထုတ်တဲ့ စမတ်ဖုန်း အသစ်စက်စက်တွေ ဈေးကွက်ထဲက အလွယ်တကူ ၀ယ်ယူ အသုံးပြုနိုင်တဲ့ အခြေအနေရောက်နေပါပြီ။ စမတ်ဖုန်းတွေရဲ့ ဈေးနှုန်းက လူတိုင်းနီးပါး လက်လှမ်းမီတဲ့ အနေအထားမှာ ရှိနေတော့ အများစုက စမတ်ဖုန်းကို သုံးစွဲကြတယ်။
စမတ်ဖုန်းတွေက ကလေးငယ်တွေ အတွက်လည်း ဂိမ်းကစားစရာ ကိရိယာဖြစ်မှန်းမသိ ဖြစ်လာရတယ်။ မိဘတချို့က ကလေးငယ်တွေ ငိုယိုစိတ်ကောက်တဲ့အခါ ချော့စရာကိရိယာအဖြစ် မိုဘိုင်းဖုန်းတွေကို ကလေးလက်ထဲ အလွယ်တကူ
ထည့်ပေးလိုက်ကြတယ်။ မိုဘိုင်းဖုန်းတွေနဲ့ နေ့စဉ် ထိတွေ့နေရတဲ့ ကလေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုနဲ့ ပတ်သက်ပြီး ပညာရှင်တွေကြားမှာ လေ့လာ အဖြေရှာနေကြရပါပြီ။
မိုဘိုင်းဖုန်းတွေမှာပါတဲ့ ဂိမ်းတွေက ကလေးတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ဘယ်လောက်အထိ အထောက်အကူ ပြုစေသလဲ။ ငယ်ရွယ်လွန်းတဲ့အရွယ်မှာ နည်းပညာတွေနဲ့ စောစောစီးစီး ထိတွေ့စေခြင်းက ကလေးငယ်တွေအတွက် ကောင်းကျိုးဆိုးကျိုး ဘယ်လောက်အထိ ဖြစ်စေနိုင်သလဲ။ မိုဘိုင်းဖုန်းတွေကထွက်တဲ့ ဓာတ်ရောင်ချည်တွေက
ကလေးတွေရဲ့ အမြင်အာရုံပေါ်မှာ ဘာတွေ သက်ရောက်စေနိုင်သလဲ။ စတဲ့ မဆုံးနိုင်တဲ့ မေးခွန်းတွေက ကလေးသူငယ် ဖွံ့ဖြိုးရေးဆိုင်ရာ ပညာရှင်တွေကြားမှာ ငြင်းခုန်စရာမေးခွန်း တွေဖြစ်လာပါပြီ။
စာသင်ကျောင်းတွေမှာတော့ ကလေးငယ်တွေ မိုဘိုင်းဖုန်း ယူမလာကြဖို့ တင်းတင်းကျပ်ကျပ် တားမြစ်ထားတယ်။ မိဘတွေက အလွယ်တကူ ဆက်သွယ်နိုင်ဖို့ မိုဘိုင်းဖုန်းတွေ ထည့်ပေးတာဆိုပေမယ့် အင်တာနက်က ညစ်ညမ်းဓာတ်ပုံတွေ၊ ညစ်ညမ်း ဗီဒီယိုတွေ အချင်းချင်း ဝေမျှတာတွေအထိ ရှိနေတယ်လို့ ပုဂ္ဂလိက ကျောင်းတွေက ဆိုပါတယ်။ အရွယ်မရောက်သေးတဲ့ ကျောင်းသား၊ ကျောင်းသူတချို့က အင်တာနက် ဗိုက်ဗာကနေ ချစ်စကားဆိုတာ၊ ရည်းစားစာ ပေးတာတွေအထိ ရှိလာကြတယ်။
မိုဘိုင်းဖုန်းနဲ့ အင်တာနက်က တားဆီးပိတ်ပင်ရမယ့် နည်းပညာ မဟုတ်ပါဘူး။ အကျိုးရှိရာရှိကြောင်း အသုံးပြုစရာတွေ အများရှိတဲ့ ပညာရပ်ဝန်းဖြစ်ပါတယ်။ ဘယ်လို အသုံးပြုမလဲ၊ ဘယ်အချိန်မှာ သုံးမလဲ၊ ဘာအတွက် သုံးမလဲ ဆိုတာကတော့ သုံးစွဲသူရဲ့ အသိပညာ ရေချိန်ပေါ်မှာသာ မူတည်ပါတယ်။
စိတ်ရှိတိုင်း အပျော်သုံးနေရင်တော့ အချိန်ကုန်၊ ငွေကုန်ရုံကလွဲပြီး မိမိနဲ့ ပတ်ဝန်းကျင်၊ မိမိနဲ့ အလုပ်၊ မိမိနဲ့ မိသားစု ဆက်ဆံရေး သာမက မိမိအသိဉာဏ်ပညာ ဖွံ့ဖြိုးတိုးတက်ရာအတွက် ကောင်းကျိုးချမ်းသာ သယ်ဆောင်လာမှာ မဟုတ်ဘူးလို့ ဆိုပါရစေ။
(သန်းနိုင်ဦးသည် မန္တလေးအခြေစိုက် သတင်းစာဆရာတဦး ဖြစ်သည်)

Friday, July 10, 2015

Mobile Data Usage ကို လျှော့ချနိုင်မည့် နည်းလမ်းကောင်းများ

မြန်မာနိုင်ငံသို့ ပြည်ပ အော်ပရေတာများ ဝင်ရောက် လာခြင်းနှင့်အတူ မိုဘိုင်းအင်တာနက် စနစ်များ သိသိသာသာ ပြောင်းလဲလာသည်။ အင်တာနက် အမြန်နှုန်းများ ယခင်ကထက် ကောင်းလာသည်။ ထို့အတူ အင်တာနက် အသုံးပြုခ ကောက်ခံပုံလည်း ပြောင်းလဲလာသည်။ ယခင်က အချိန်အလိုက် ကောက်ခံခဲ့ရာမှ ယခုအခါ သုံးစွဲသည့် ဒေတာပမာဏအလိုက် ပြောင်းလဲကောက်ခံ လာသည်။ အချိန်အလိုက် ကောက်ခံစဉ်က ဒေတာပမာဏကို ဂရုမစိုက်ဘဲ သုံးချင်သလောက်သုံး၍ ရခဲ့သော်လည်း ယခုအချိန်တွင်မူ ထိုသို့မဟုတ်တော့ပေ။ ဒေတာသုံးစွဲမှုကို မချွေတာပါက ဖုန်းဘေလ် ဘယ်လောက် ထည့်ထည့် ထည့်သမျှကုန်မည့် အနေအထားမျိုး ဖြစ်သည်။ ထို့ကြောင့် မိုဘိုင်းအင်တာနက် ဒေတာသုံးစွဲမှု ပမာဏကို တတ်နိုင်သမျှ လျှော့ချပေးနိုင်မည့် နည်းလမ်းကောင်းများကို ဖော်ပြပေးလိုက်ပါသည်။
(၁) Data Limit ပြုလုပ်ထားပါ။
Android နှင့် iOS တွင် data limit လုပ်ပေးနိုင်သော feature တစ်ခု ပါဝင်ပါသည်။ တစ်လအတွက် မိမိသတ်မှတ်ထားသော ဒေတာပမာဏကို ကျော်လွန်လာပါက သတိပေးသော feature တစ်မျိုးပင် ဖြစ်သည်။ ဤသို့ပြုလုပ် ထားခြင်းဖြင့် မိမိ၏ ဒေတာသုံးစွဲမှု ပမာဏကို ချင့်ချိန်နိုင်ပါသည်။ Android ဖုန်းများတွင် Settings > Wireless & Networks > Data Usage ကိုသွား၍ data limit သတ်မှတ်ထား နိုင်ပါသည်။ Iphone များတွင် Settings > Cellular > Cellular Data Usage ကို သွား၍ သတ်မှတ်နိုင်ပါသည်။
(၂) Background Data ကို restrict လုပ်ထားပါ။
ယနေ့ခေတ် smartphone များသည် RAM ပမာဏ ယခင်ကထက် ပိုမိုပါဝင်လာသည်။ ထို့ကြောင့် app များကို နှစ်ခုသုံးခု တစ်ပြိုင်နက် အသုံးပြု နိုင်လာသည်။ ကောင်းသည့် အချက်များ ရှိသော်လည်း မကောင်းသည့်အချက်မှာ app များ background တွင် တိတ်တဆိတ် အလုပ်လုပ်နေခြင်း ဖြစ် သည်။ အကျိုးဆက်အနေဖြင့် စက်လေးလာသည်။ မသုံးဘဲ ဒေတာများ သူ့အလိုလို ကုန်ကုန်လာသည်။ ထိုသို့ background app များကြောင့် data ပိုမကုန်အောင် လုပ်နိုင်သည့် နည်းမှာ background data ကို restrict လုပ်ထားခြင်းပင် ဖြစ်သည်။ Android 4.0 နှင့်အထက် ဖုန်းများတွင် Settings > Wireless & Networks > Data Usage သို့ သွားကို Restrict Background Data ကို နှိပ်ပေးခြင်းဖြင့် restrict လုပ်ထားနိုင်ပါသည်။ Iphone များတွင်မူ Settings > Notifications သို့သွားရပါမည်။ Back-ground တစ်ခုလုံး restrict မလုပ်လိုပါက app တစ်ခုချင်းစီကိုလည်း restrict လုပ်နိုင်ပါသည်။
(၃) Auto Sync ကို ပိတ်ထားပါ။
Auto Sync ဆိုသည်မှာ email များ၊ contact များ၊ notification များကို အချိန်နှင့် တပြေးညီ update လုပ်ပေးနေသော feature တစ်မျိုး ဖြစ်သည်။ ဥပမာအားဖြင့် Auto Sync ကို ဖွင့်ထားလျှင် Gmail app သည် email အသစ်ဝင်မဝင် Server သို့ ဆက်သွယ်ကာ အမြဲစောင့်ကြည့် နေမည်ဖြစ်သည်။ Google Play Newstand app ကမူ သတင်းအသစ်များကို အချိန်တိုင်း ရှာဖွေနေပေမည်။ Auto Sync ၏ အားသာချက်မှာ အချိန်နှင့်တပြေးညီ update ဖြစ်နေခြင်းပင် ဖြစ်သည်။ သို့သော် အားနည်းချက်မှာ ဒေတာ အကုန်အကျများခြင်း ဖြစ်သည်။ Auto Sync ကို ပိတ်ထားခြင်း ဖြင့် data ကို အတော်အသင့် ချွေတာနိုင်ပါသည်။ Settings > Accounts & Sync သို့ သွားကာ Auto Sync ကို ပိတ်ထားနိုင်ပါသည်။
(၄) Browser ကို ပြောင်းလဲ အသုံးပြုပါ။
Website များ တစ်ခုပြီးတစ်ခုဖွင့်ကာ အင်တာနက်တစ်ခွင် လှည့်ပတ်ခြင်းသည်လည်း ဒေတာအကုန်အကျ များပါသည်။ သို့သော် ဖုန်းတွင် အသင့်ပါသော browser ကို မသုံးဘဲ ဒေတာချုံ့ပေးနိုင်စွမ်းရှိသည့် browser များကို သုံးပါက ဒေတာအကုန်အကျ အတော်အသင့် သက်သာနိုင်ပါသည်။ Opera Mini နှင့် Chrome သည် ဤသို့သော feature ပါဝင်သည့် နာမည်ကြီး browser များ ဖြစ်သည်။ ၄င်းတို့သည် မူရင်းဒေတာ၏ ထက်ဝက်ခန့်အထိ လျှော့ချနိုင်သောကြောင့် ဒေတာချွေတာရေးအတွက် အကောင်းဆုံး app များ ဖြစ်ကြသည်။
(၅) ဒေတာများကို cache ပြုလုပ်ထားပါ။
အချို့သော app များသည် ဒေတာများကို cache ပြုလုပ်နိုင်သည့် feature ကို ထည့်သွင်း ပေးထားလေ့ရှိသည်။ cache လုပ်သည် ဆိုသည်မှာ ဒေတာများ (ဥပမာ webpage တစ်ခု၏ ဒေတာများ) ကို  ဖုန်း၏  မှတ်ဉာဏ်တွင် ယာယီသိမ်းဆည်း ပေးထားခြင်း ဖြစ်သည်။ ထိုသို့ သိမ်းထား ပေးသောကြောင့် နောက်တစ်ခါ ပြန်ကြည့်ရာတွင် အစအဆုံး ဒေါင်းစရာ မလိုတော့ဘဲ လိုအပ်သမျှကိုသာ ဒေါင်းကာမြန်ဆန်စွာ ပြန်ကြည့်နိုင်သည်။ Chrome၊ Firefox စသော browser များတွင် ဤ feature ပါဝင်သည်။ အချို့ app များကမူ ဒေတာအားလုံးကို offline အနေနှင့် သိမ်းပေးထား နိုင်သည်။ ဥပမာ Google Map သည် မိမိအတွက် အသုံးဝင်သော မြေပုံဧရိယာများကို offline map အနေဖြင့် သိမ်းဆည်းပေးထား နိုင်သည်။ ထို့ကြောင့် မိမိအသုံးလိုသည့်အခါ အင်တာနက်ဖွင့်စရာ မလိုဘဲ မြေပုံကို offline အနေဖြင့် အသုံးပြုနိုင်မည် ဖြစ်သည်။
(၆) Browser Cache များကို မဖျက်ပစ်ပါနှင့်
cache များသည် အသုံးဝင်ကြောင်း အထက်တွင် ရှင်းပြခဲ့ပြီး ဖြစ်ပါသည်။ browser ၏ cache ကို မဖျက်ဘဲ ထားခြင်းသည် ဒေတာကုန်ကျ စရိတ်ကို သက်သာစေပါသည်။ cache များကို ရှင်းထုတ်ခြင်းဖြင့် system performance ကို မြှင့်တင်နိုင်သည်ဟု ပြောကြသည်။ ဤသည်မှာ အမှန်ပင် ဖြစ်သည်။ သို့သော် ဒေတာအကုန်အကျ ချွေတာလိုပါက browser ၏ cache များကို မဖျက်ပစ်ခြင်းက ပို၍ ကောင်းပါသည်။ cache cleaner app များတွင် browser ကို Ignore List ထဲ ထည့်ထားဖို့တော့ သတိပြုရပါမည်။
(၇) သုံးသမျှ ဒေတာအားလုံးကို ချုံ့ပေးသည့် app တစ်ခုကို သုံးပါ။
Onavo Extend, Opera Max စသော app များသည် မိုဘိုင်းအင်တာနက် ဒေတာများကို ချုံ့ပေးနိုင်သည့် app များ ဖြစ်သည်။ ထို app များသည် ဆာဗာများမှ ဖုန်းသို့ ပေးပို့သော ဒေတာများကို ၄င်းတို့၏ ဆာဗာများတွင် အရင်ချုံ့ပစ်ပြီးမှ ဖုန်းသို့ ပေးပို့ခြင်းအားဖြင့် ဒေတာသုံးစွဲမှု ပမာဏကို ငါးဆခန့်အထိ လျှော့ချ ပေးနိုင်သည်။ ဖုန်းသို့ ဝင်သမျှ (ဖုန်းကဒေါင်းသမျှ) ဒေတာများကို ချုံ့ပေးနိုင်သောကြောင့် ဒေတာချွေတာရေးအတွက် အလွန်အသုံးဝင်သာ app များပင် ဖြစ်သည်။
(၈) Ads များကို ပိတ်ပါ။
Tubemate, MX Player ကဲ့သို့သော free app အများစုတွင် ads များ ထည့်သွင်းထားလေ့ ရှိသည်။ အင်တာနက်ပိတ်၍ ထို app များကို သုံးပါက ပြဿနာ မရှိသော်လည်း အင်တာနက်ဖွင့်၍ သုံးသည့်အခါ ၄င်းတို့သည် ads အများအပြားကို download ဆွဲကာ ဖော်ပြတော့သည်။ ထို ads များသည် စိတ်အနှောင့်အယှက် ပေးရုံသာမက ဒေတာအများ အပြားကိုလည်း သုံးစွဲပစ်တတ်ပါသည်။ free app များကို offline သုံးခြင်းဖြင့် သို့မဟုတ် premium app များ အသုံးပြုခြင်းဖြင့် ဤပြဿနာကို ဖြေရှင်းနိုင်ပါသည်။ ထို့ပြင် ad blocker appများ၊ firewall appများကို သုံး၍လည်း ဖြေရှင်းနိုင်ပါသည်။ သို့သော် မိမိဖုန်းကို root ဖောက်ထားဖို့တော့ လိုပါသည်။
(၉) ဖိုင်ဆိုဒ်ကြီးသည်များကို Wi-Fi ရမှသာ download ပြုလုပ်ပါ။
Wi-Fi ရသော ကော်ဖီဆိုင်သို့သွား၊ ကော်ဖီတစ်ခွက်မှာ သောက်ကာ update များ၊ game data များကို အားရပါးရ ထိုင်ဒေါင်းပါ။ မိုဘိုင်းအင်တာနက်ကို မသုံးမဖြစ်သည့် ကိစ္စများ (ဥပမာ chatting ထိုင်ခြင်း) အတွက်သာ အသုံးပြုပါ။ ဤနည်းသည်လည်း မိုဘိုင်းအင်တာနက် ဒေတာကုန်ကျမှုကို လျှော့ချပေးနိုင်ပါသည်။ သို့သော် ကော်ဖီဖိုးက download data ကုန်ကျစရိတ်ထက် မများစေဖို့တော့ လိုပါလိမ့်မည်

Saturday, June 27, 2015

Social Network တစ်ခုဆိုတာထက် ပိုမိုသာလွန်နေတဲ့ Facebook

Social Network တစ်ခုဆိုတာထက် ပိုမိုသာလွန်နေတဲ့ Facebook

ကောလိပ်ကျောင်းသားလေး တစ်ယောက် သူ့ရဲ့အဆောင် အခန်းလေးထဲမှာ ဖန်တီးခဲ့တဲ့ ဝက်ဘ် ဆိုက်တစ်ခုက ကမာကြီးကို အရင်က မရှိခဲ့ဖူးတဲ့ ပေါင်းစည်း ဆက်သွယ်မှုမျိုး ဖြစ်သွားစေခဲ့ ပါတယ်။ သူက ကမာကြီး တစ်ခုလုံးကို ကျွန်တော်တို့ရဲ့ ကွန်ပျူတာတွေဆီ မိုဘိုင်းအသုံး အဆောင်တွေဆီ ပို့ဆောင်ပေးရင်း အလှမ်းကွာဝေးမှုတွေကို ကျုံ့ပစ်လိုက်ပါတယ်။ သူက တစ်ခြားလူ ဟုတ်နိုင်ရိုးလား Facebook ကို မွေးဖွားပေးခဲ့သူ Mark Zuckerberg ပါပဲ။
Facebook ရဲ့ကနဦး ခြေလှမ်းတွေက ကျောင်းတွေနဲ့ ကောလိပ်တွေက ကျောင်းသူကျောင်းသားတွေ အချင်းချင်း ဆက်သွယ်နိုင်ဖို့ပါ။ နောက်ပိုင်းမှာတော့ လူတွေအတွက် ပေါ့ပေါ့ပါးပါး စကားစမည် ပြောဆိုရာ အကြောင်းအရာတွေ မျှဝေရာ အချက်အချာနေရာ ဖြစ်လာပါတယ်။ သို့သော်လည်း အချိန်တွေ ကြာလာတာနဲ့အမျှ Facebook ဆိုတာ လူမှုဆက်သွယ်ရေး ကွန်ရက်အဖြစ်ကနေ နေ့စဉ် လူမှုဘဝအတွက် မရှိမဖြစ် လိုအပ်ချက် အသွင်ပြောင်းလဲ လာခဲ့ပါပြီ။
အခုဆိုရင် ကျွန်တော်တို့ဟာ ကိုယ့်ရဲ့ Facebook Timeline ကို တစ်နေ့လောက် ဝင်မကြည့်ဘဲ နေနိုင်ဖို့ တော်တော်ခက်ခဲ နေပါပြီ။ Facebook ဟာ Social Network တစ်ခုဆိုတာထက် ပိုမိုသာလွန်တဲ့ အခြေအနေအဖြစ် အောင်မြင်နေတဲ့ အကြောင်းရင်းတွေ အများအပြား ရှိပါတယ်။ ဒီအကြောင်း အရင်းတွေထဲက အချို့ကို လေ့လာကြည့်ရအောင်ပါ။
၁။ စိုးမိုးအုပ်ချုပ်သူ မရှိတဲ့နိုင်ငံ
Facebook ဟာ လစဉ်အသုံးပြုသူ ၁.၄၄ ဘီလျံရှိတဲ့ လူမှုအသိုင်းအဝိုင်းကြီး တစ်ခုဖြစ်နေပါပြီ။ တစ်နည်းအားဖြင့် Facebook ဟာတရုတ်နဲ့ အိန္ဒိယတို့ကို ကျော်လွန်ပြီး လူဦးရေ အများဆုံး နိုင်ငံကြီး တစ်နိုင်ငံလို့ပင် ဆိုနိုင်ပါတယ်။ Facebook နိုင်ငံတော်ကြီးမှာ နေထိုင်သူတွေဟာ အချင်းချင်းမျှဝေမှုတွေ ဝေဖန်မှုတွေ နေ့စဉ်နဲ့အမျှ မြောက်မြားစွာ လုပ်ကြပါတယ်။  ဒါ့အပြင် Facebook နိုင်ငံတော်ကြီးမှာ လူတိုင်းဟာ တူညီတဲ့ Power ရှိကြပါတယ်။ ဘယ်လို Power လဲဆိုတော့ Status, Share, Like, Comment တို့ဖြစ်ပါတယ်။ Facebook နိုင်ငံတော်ကြီးမှာ ခေါင်းဆောင်မရှိဘူး။ အုပ်ချုပ်သူ အစိုးရတစ်ရပ် မရှိဘူး။ အခွင့်ထူးခံ အတန်းအစား မရှိဘူး။ Facebook နိုင်ငံတော်ကြီးမှာ အားလုံးဟာ သမ္မတတစ်ဦးပမာ Power ရှိကြပါတယ်။ ဒါဟာ မက်မောနှစ်သက်ဖွယ် မကောင်းပေဘူးလား။ Facebook ဟာ အတုအယောင် နိုင်ငံတစ်နိုင်ငံပါ။ သို့သော် တစ်ကယ့် လူသားတွေ နေထိုင်ကြပါတယ်။
၂။ လူမှုအကျိုးပြု အကူအညီ
အခြား Social Network တွေမှာ မရှိနိုင်တဲ့ feature တွေကို Facebook က တီထွင်ဆန်းသစ် ဖန်တီးပေးထားပါတယ်။ သဘာဝဘေးအန္တရာယ် ကျရာက်တဲ့နေရာ ဒေသတွေမှာ ရောက်ရှိနသူတွေအတွက် အလွန်အထောက်အကူပြုတဲ့ feature တွေကို Facebook ကဖန်တီး ပေးထားပါတယ်။ Facebook က ဖန်တီးပေးထားတဲ့ 'Safety check' ဆိုရင် အကယ်၍ သင်ဟာ သဘာဝဘေးအန္တရာယ် ကျရောက်တဲ့ ဒေသမှာ ရောက်ရှိနေခဲ့ရင် သင့်ရဲ့ဘေးကင်း လုံခြုံမှု အခြေအနေကို 'Safety check' ကနေတစ်ဆင့် မိသားစုနဲ့ မိတ်ဆွေသူငယ်ချင်းတွေကို သိစေနိုင်ပါတယ်။
ဘေးကင်းလုံခြုံမှု ရှိနတယ်ဆိုရင် 'Safety check' မှာ မေးထားတဲ့ မေးခွန်းတွေထဲက 'I am safe' ဆိုတာလေးကို ရွေးချယ်ပေးလိုက်ပါ။ ဒါဆိုရင် သင့်ရဲ့မိသားစုနဲ့ မိတ်ဆွေ သူငယ်ချင်းတွေဟာ သင်ဘေးကင်း လုံခြုံစွာ ရှိနတယ်ဆိုတာ Facebook ကနေတစ်ဆင့် သိနိုင်ပါတယ်။ အဲဒီလိုပဲ သဘာဝ ဘေးအန္တရာယ် ကျရောက်တဲ့ ဒေသမှာ ရောက်ရှိနတဲ့ သင့်ရဲ့သူငယ်ချင်းတွေရဲ့ ဘေးကင်းလုံခြုံမှု အခြေအနေကိုလည်း 'Safety  check' ကနေ သင်ကိုယ်တိုင် သိရှိနိုင်မှာ ဖြစ်ပါတယ်။
Facebook က ဖန်တီးပေးထားတဲ့ 'Donate button' ဟာလည်း ကမာတစ်ဝန်း သဘာဝဘေးအန္တရာယ် ကျရောက်တဲ့ အရပ်ဒေသတွေအတွက် အလွန်အထောက်အကူ ဖြစ်စေပါတယ်။ ကမ္ဘာ့နေရာ ဒေသတစ်ခုမှာ သဘာဝ ဘေးအန္တရာယ် ကျရောက်တဲ့အခါ Facebook  က အသုံးပြုတွေရဲ့ Timeline မှာ 'Donate button' ကို ဖော်ပြပေးပါတယ်။ အဲဒီကနေတစ်ဆင့် အလှူငွေ နည်းများမဆို ပါဝင်လှူဒါန်း နိုင်ပါတယ်။ Facebook အသုံးပြုသူ ဦးရေဟာ ဘီလျံနဲ့ချီပြီး ရှိတာကြောင့် တစ်ယောက်ကို တစ်ဒေါ်လာမျှသာ လှူဒါန်းမယ် ဆိုရင်တောင် ကြီးမားလှတဲ့ လှူဒါန်းငွေ ပမာဏကို ရရှိနိုင်ပါတယ်။ ဒါဟာ Facebook ရဲ့ထိရောက်လှတဲ့ လူမှုအကျိုးပြု အစီအစဉ်တွေ ဖြစ်ပါတယ်။
၃။ စီးပွားရေး လုပ်ငန်းဈေးကွက် မဟာဗျူဟာ
Facebook ရဲ့အကူအညီနဲ့ စီးပွားရေး လုပ်ငန်းတွေ တိုးတက် အောင်မြင်လာတာ မနည်းလှပါဘူး။ သန်းနဲ့ချီတဲ့ ကြော်ငြာရှင်တွေဟာ သူတို့ရဲ့ ဝင်ငွေ ၉၀ ရာခိုင်နှုန်းကို Facebook ကြောင့် ရရှိနေတယ်လို့ ဆိုပါတယ်။ လုပ်ငန်းရှင်တွေအနေနဲ့ Facebook ပေါ်မှာ ကြော်ငြာခြင်းက  သူတို့ရဲ့ကြော်ငြာကို သိစေချင်တဲ့ လူတွေဆီကို အတိအကျ သိရှိစေနိုင်တဲ့ အခွင့်အရေး ရှိပါတယ်။ Facebook မှာ ကြော်ငြာမယ်ဆိုရင် နေရာဒေသ၊ ဘာသာစကား၊ အသက်အရွယ်၊ ယောက်ျားမိန်းမ စသဖြင့် ကြော်ငြာမြင်တွေ့ နိုင်တဲ့ပုံစံကို စိတ်ကြိုက်ရွေးချယ်လို့ ရပါတယ်။ ၂၀၁၄ ခုနှစ်အတွင်း Facebook  တစ်ခုတည်းနဲ့ ဆက်နွယ်ပြီး ကမာတစ်ဝန်း စီးပွားရေးကဏ္ဍမှာ အမေရိကန်ဒေါ်လာ ၂၂၇ ဘီလျံ ရှာဖွနိုင်ခဲ့သလို အလုပ်အကိုင် နေရာပေါင်း ၄.၅ သန်းကိုလည်း ဖန်တီးပေးနိုင်ခဲ့ပါတယ်။
၎။ စွဲလမ်းမှု
ဒါကတော့ Facebook ရဲ့ ဘေးထွက်ဆိုးကျိုးလို့ ဆိုရပါမယ်။ Facebook အသုံးပြု သူတွေဟာ Facebook ကို တစ်နေ့ထက်တစ်နေ့ စွဲလမ်းမှု ပိုများလာတယ်လို့ ဆိုပါတယ်။ နေ့စဉ်ကမာတစ်ဝန်းက Facebook အသုံးပြုသူ ဦးရေဟာ ၉၃၆ သန်းရှိပါတယ်။ လူငယ်အများစုဟာ သူတို့ရဲ့တစ်နေ့တာကို Facebook နဲ့စတင် လေ့ရှိပါတယ်။ Facebook ကိုနေ့စဉ် အသုံးပြုသူတွေဟာ ပျမ်းမျှအားဖြင့် တစ်ရက်မှာ ၄၂ မိနစ်ကြာနဲ့ တစ်လမှာ မိနစ် ၇၀၀ ကျော်ကြာ Facebook ပေါ်မှာ အချိန်ကုန်လေ့ ရှိပါတယ်။ Facebook မှာ နေ့စဉ်နဲ့အမျှ ပမာဏအလွန် ကြီးမားတဲ့ အချက်အလက်တွေကို အချင်းချင်း မျှဝေကြ၊ ပို့ပေးကြတာကို ကြည့်ခြင်းအားဖြင့် အသုံးပြုသူတွေရဲ့ Facebook အပေါ်စွဲလမ်းမှုကို မြင်သာပါတယ်။
Facebook စွဲလမ်းမှုဟာ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ထိခိုက်စေပါတယ်။ အဆိုးဆုံးကတော့ ဒီလိုစိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ထိခိုက်နိုင်တယ် ဆိုတာကို အသုံးပြုသူတွေက လက်တွေ့မှာ နားလည်သဘောပေါက် လက်ခံမှုမရှိတာဘဲလို့ ဆိုပါတယ်။  လေ့လာမှုတစ်ခုအရ Facebook အသုံးပြုပြီးတဲ့နောက် လူသုံးဦးမှာ တစ်ဦးဟာ မနာလိုဝန်တိုစိတ်တွေ ပိုပြီးဖြစ်လာတယ်လို့ သိရပါတယ်။ Facebook ကို စွဲလမ်းနေသူတွေဟာ လက်တွေ့ဘဝမှာ အထီးကျန်သလို ခံစားလာရပါတယ်။
Facebook စွဲလမ်းသူတွေဟာ Facebook notification ကိုအဆက်မပြတ် ကြည့်လေ့ရှိပီး သူတို့နဲ့ပတ်သက်တဲ့ noticafication နည်းလာတဲ့အခါ စိတ်ဓာတ်ကျ တတ်ပါတယ်။ Facebook စွဲလမ်းသူတွေဟာ အင်တာနက် အသုံးမပြုတဲ့ အချိန်မှာပင် Faccebook ပေါ်က Comment နဲ့ Like တွေဆီစိတ်က ရောက်နေတတ်ပါတယ်။ Facebook စွဲလမ်းသူ အချို့ဆိုရင် အစားအသောက် မမှန်တဲ့ အခြေအနေမျိုးအထိ ဖြစ်ကြတယ်လို့ ဆိုပါတယ်။ Facebook ကို အသုံးပြုပါ။ သို့သော် မသုံးရမနေနိုင် မဖြစ်ပါစေနဲ့လို့ စိတ်ပညာရှင်တွေက အကြံပြုထားပါတယ်။
၅။ တစ်ကမာလုံးကို လွှမ်းခြုံထားတဲ့ သတင်းဌာန
Facebook ဟာ ကမ္ဘာပေါ်မှာ အလွန်နိုးကြားလှတဲ့ လူမှုအဖွဲ့ အစည်းတစ်ခု ဖြစ်ပါတယ်။  Facebook ဟာ ဘယ်တော့မှ အိပ်စက်သွားခြင်း မရှိပါဘူး။ နေ့ညအချိန် ကွာခြားတဲ့ ကမာတစ်ဝန်းက အသုံးပြုသူတွေကြောင့် Facebook ဟာအချိန်တိုင်းမှာ နိုးကြားနေပါတယ်။ ကမာ့တစ်ဝန်း နေရာဒေသ အသီးသီးက သတင်းဖြစ်ရပ် မျိုးစုံကို Facebook ပေါ်မှာ မိနစ်ပိုင်း၊ နာရီပိုင်းအတွင်း တွေ့ရပါတယ်။ ကမာတစ်ဝန်းက နောက်ဆုံးရ သတင်းတွေကို တီဗီဖွင့်ကြည့်ဖို့မလို၊ နောက်တစ်နေ့ သတင်းစာစောင့်ဖတ်ဖို့ မလိုဘဲ Facebook ပေါ်မှာ အချိန်နဲ့တစ်ပြေးညီ သိနိုင်ပါတယ်။
သတင်းဌာနတွေမှာ ဖော်ပြလေ့မရှိတဲ့ အကြောင်းအရာ၊ သတင်းဓာတ်ပုံ တွေကိုပင် Facebook ပေါ်မှာတော့ မြင်တွေ့ဖတ်ရှု နိုင်ပါတယ်။ ရာဇာဝတ်မှု တစ်ခုခုနဲ့ပတ်သက်လို့ သက်သေ အထောက်အထား ပေးချင်ရင်တောင်မှ သတင်းဌာနကို သွားစရာမလိုပါဘူး။ သင့်ရဲ့ Facebook Timeline မှာ လွှင့်တင်လိုက်ရုံနဲ့ ကမာတစ်ဝန်းက လူသန်းပေါင်းများစွာကို သိရှိသွားစေ နိုင်ပါတယ်။ ကမာတစ်ဝန်းက သတင်းဌာနတွေ မဖော်ပြနိုင်တဲ့ ရာဇဝတ်မှုတွေ၊ လိမ်လည်မှုတွေ၊ အကျင့်ပျက် ခြစားမှုတွေကိုပင် Facebook မှာမြင်တွေ့ သိရှိနိုင်ပါတယ်။
Facebook ဟာ သတင်းတွေ စုံလင်လွန်းလှတဲ့ နေရာတစ်ခု ဖြစ်လာခြင်းက သတင်းဌာန တွေအတွက် အခက်အခဲတွေ ဖြစ်စေတာ အမှန်ပါပဲ။ သတင်းဌာနတွေက သတင်းဖြစ်ရပ် တစ်ခုကို ဖော်ပြဖို့ပြင်ဆင် နေချိန်မှာပဲ ဒီသတင်းဟာ Facebook ပေါ်က လူတွေသိရှိပြီးသား ဖြစ်နေပါပြီ။ ဒီလိုဖြစ်နေတာကို အဆင်ပြေစေဖို့အတွက် ကမာတစ်ဝန်းက သတင်းဌာန အားလုံးနီးပါးဟာ သူတို့ရဲ့ Facebook Page တွေ ပြုလုပ်ထားရပြီး  သတင်းဖြစ်ရပ် တစ်ခုခုဖြစ်တိုင်း သူတို့ရဲ့ Facebook Page ကနေတစ်ဆင့် Facebook အသုံးပြုသူတွေကို သိရှိစေတဲ့နည်းလမ်းကို ဆောင်ရွက်နေကြ ရပါတယ်။
-ကေဂျေ

အဆင့်မြင့် လုံခြုံရေး စနစ်များအတွက် Biometric

Biometric ဆိုသည်မှာ အဘယ်နည်း
သင့်အနေဖြင့် Biometric နည်းပညာ ဆိုသည်ကို လုံးဝနားလည်ရန် ခဲယဉ်းသည်ဟု မထင်မှတ် လိုက်ပါနှင့်။ အဘယ်ကြောင့် ဆိုသော် ကျွန်ုပ်တို့ ဘ၀ထဲတွင် မရှိမဖြစ် အသုံးပြုနေရသော စမတ်ဖုန်းအချို့၌ လက်ဗွေ ဖတ်ရှုနိုင်သည့် (FingerPrint) စနစ်သည်ပင်လျင် Biometric နည်းပညာရပ် တစ်ခုပင် ဖြစ်ပေသည်။ ထိုသို့ဆိုလျှင် Biometric ၏ သဘော သဘာဝကို သင့်အနေဖြင့် အနည်းငယ် နားလည်နိုင်လောက် ပေမည်။ သမိုင်းကြောင်းအရ ၁၈၉၁ ခုနှစ်တွင် Juan Vucetich ဆိုသူမှ အာဂျင်တီးနားရှိ တရားခံများထံမှ လက်ဗွေသိမ်းဆည်းခြင်း စနစ်ကို စတင်လုပ်ဆောင် ခဲ့ပါသည်။
Biometric နည်းပညာ ဆိုသည်မှာ ကွန်ပျူတာ သိပ္ပံပညာရပ် တစ်ခုကို အသုံးပြုကာ ခန္ဓာကိုယ်ရှိ အစိတ်အပိုင်းများကို ခွဲခြမ်းစိတ်ဖြာပြီး အတည်ပြု စစ်ဆေးပေးသည့် နည်းပညာရပ် တစ်ခုဟုလည်း မှတ်ယူနိုင်ပါသည်။ အဆိုပါ နည်းပညာတွင် လူ၏ခန္ဓာကိုယ် ပိုင်းဆိုင်ရာ ပုံသဏ္ဌာန်ကို ခွဲခြားသည့် Phy-siological Characteristics (၎င်းတွင် လက်ဗွေ၊ သွေးကြော၊ မျက်နှာ၊ ဒီအန်အေ၊ မျက်ဝန်း၊  မျက်စိအာရုံကြော တို့ပါဝင်) နှင့်  လူတစ်ဦးတစ်ယောက်၏ အမူအကျင့် (၎င်းတွင် လမ်းလျှောက်ခြင်း၊ စာရိုက်ခြင်း၊ အသံအနေအထား တို့ပါဝင်) Behavioral Characteristics ဟူ၍  နှစ်မျိုးခွဲခြား ထားပါသည်။ နောက်ပိုင်း အချို့သော ပညာရှင်များမှ Behaviometricsဟုလည်း ပြောင်းလဲ ခေါ်ဆိုကြပါ သည်။
မည်သည့် အတွက်ကြောင့် အသုံးပြုလာ ကြသနည်း
ယနေ့ခေတ် အချိန်အထိ ကမာအနှံ့ရှိ ဌာနဆိုင်ရာများ၊ ကုမ္ပဏီများ၊ အဖွဲ့အစည်းများ အနေဖြင့် အချက်အလက်၊ သို့မဟုတ် Password ကို အခြေခံသော လုံခြုံမှုများကို အသုံးပြုလျက်သာ ရှိနေကြပါ သေးသည်။ ထိုအခါ အကြောင်း အမျိုးမျိုးသော အားနည်းချက်များကြောင့် ဟက်ကာများ ၏ ဆိုက်ဘာ နှောင့်ယှက်ခြင်း၊ ခိုးယူ ခြင်းများခံကြရပြီး မိမိတို့လုပ်ငန်း လျို့ဝှက်ချက်များ ပေါက်ကြားခြင်း၊ ငွေကြေး ဆုံးရှုံးခြင်းများကို ရင်ဆိုင်ကြုံတွေ့ လျက်ရှိကြပေသည်။ ဥပမာ အနေဖြင့် ၂၄ နာရီ ဝန်ဆောင်မှု ပေးလျက်ရှိသော အလိုအလျောက် ငွေထုတ်ပေးစက် များတွင်လည်း ဟက်ကာများ၏ လုပ်ဆောင်မှုကြောင့် ငွေကြေး ဆုံးရှုံးမှုများလည်း မကြာသေးမီ အချိန်က မြန်မာနိုင်ငံတွင်လည်း ဖြစ်ပေါ်ခဲ့သည်ကို သိရှိရသည်။ ၎င်းအချက်များကို ကာကွယ်သည့် အနေဖြင့် တိုက်ဆိုင်အတည်ပြု ချက်ရယူခြင်းဖြင့် မှန်ကန်မှုရှိမှသာ ဖွင့်လှစ်ပေးခြင်း သို့မဟုတ်  ဆက်လက် လုပ်ဆောင်နိုင်စေမည့် Bio-metric နည်းပညာရပ်များကို ကမ္ဘာအနှံ့တွင် အသုံးပြု လာကြခြင်း ဖြစ်ပါသည်။
Biometric လုပ်ဆောင်မှုစနစ်
Biometric စနစ်တွင် အခြေခံ လုပ်ဆောင်မှု စနစ်နှစ်မျိုး ရှိပါသည်။ ပထမစနစ်မှာ Verification သို့မဟုတ် Authentication ဟုခေါ်သော One-to-One Compari-son စနစ်ဖြစ်ပြီး သိရှိလိုသော လူပုဂ္ဂိုလ် တစ်ဦးချင်းစီ၏ စစ်ဆေးလိုသော အချက်အလက်များကို သိမ်းဆည်းထားသော Biometric Database ထဲမှ တစ်ခုချင်း တိုက်ဆိုင်စစ်ဆေး ခြင်းဖြစ်သည်။ ၎င်းအဆင့်၌ အဆင့်သုံးဆင့်ဖြင့် လုပ်ဆောင်ပြီး ပထမအဆင့်တွင်  အသုံးပြုမည့် သူများ၏ အချက်အလက် များကို Database ထဲတွင် သိမ်းဆည်းထားခြင်း၊ ဒုတိယအဆင့် အနေဖြင့် ဖြစ်နိုင်ချေရှိသော အချက်များကို တွက်ချက်ခြင်းနှင့် တတိယ အဆင့်တွင် စစ်ဆေးခြင်းများကို ပြုလုပ်ပါသည်။ ယခုစနစ် တွင် Smart Card၊ သို့မဟုတ် ID Number တို့ကို အသုံးပြုကာ နှိုင်းယှဉ်ခြင်း၊ Hand Geometry, Voice  Print, Keystroke Behavior နှင့် Signature တို့ကို စစ်ဆေးခြင်း များလည်း ပါဝင်ပေသည်။
ဒုတိယစနစ်မှာ Identifi-cation ဟုခေါ်သော Many-to-One Comparison စနစ်တစ်ခု ဖြစ်ပါသည်။ တိုက်ဆိုင် စစ်ဆေးလိုသော အချက်ကို များပြားလှစွာသော ဒေတာအချက် အလက်များထဲမှာ အတည်ပြုခွဲခြား စစ်ဆေးပေးခြင်း ဖြစ်သည်။ ၎င်းစနစ်တွင် Finger Scan, Retina Scan, Iris Scan နှင့် Facial Scan စစ်ဆေးခြင်းတို့ ပါဝင်ပါသည်။ သို့သော် အသေးစိတ် အနေဖြင့် လူတစ်ဦးချင်းစီကို Biometric ဆိုင်ရာ ခွဲခြမ်းစိတ်ဖြာရာတွင် အသေးစိတ် လုပ်ဆောင်မှု အချက် ခုနစ်ချက်ဖြင့် ပြုလုပ်ရမည် ဖြစ်ပေသည်။ ၎င်းတို့မှာ Universality, Uniqueness, Permanence, Measurability, Performance, Acceptability နှင့် Circumven-tion  အစရှိသည့် လုပ်ဆောင်မှု အဆင့် ၇ ဆင့် မလွဲမသွေ ပြုလုပ်ရမည် ဖြစ်သည်။
ထို့အပြင် အခြားထူးခြား စစ်ဆေးနိုင်မှု နည်းလမ်း ခုနှစ်ခုကိုလည်း အသုံးပြု စစ်ဆေးနိုင်ရန် လုပ်ဆောင်နေပြီဟု သိရှိရပါသည်။ အဆိုပါ ခုနှစ်မျိုးမှာ
၁။ နား
ကျွန်ုပ်တို့၏ လက်ဗွေများ ကဲ့သို့ပင် ကျွန်ုပ်တို့၏ နားများ၏ ပုံသဏ္ဌာန် သည်လည်း ကွဲပြားမှုရှိသည်ကို တွေ့ရှိရသည်။ ထို့အပြင် လူတစ်ဦးတည်း၌ပင် နားရွက် ၂ ခုသည် တူညီမှုမရှိဟု ဆိုပါသည်။ ထို့ကြောင့် နောင်အခါ စမတ်ဖုန်း အသုံးပြုသူများ အနေဖြင့် မိမိတို့၏ နားရွက်၊ သို့မဟုတ် ပါးများကို အသုံးပြုကာ ဖုန်းကို log on ပြုလုပ်နိုင် တော့မည်ဖြစ်သည်ဟု ယူဆနေကြပါသည်။ သို့သော်လည်း လက်ရှိအချိန်အထိ သီးခြားအနေဖြင့်  App ထွက်ပေါ်လာခြင်း မရှိသေးပေ။
၂။ နှလုံးခုန်နှုန်း
ကျွန်ုပ်တို့၏ နှလုံးသားများသည်  အမှန်တရားကို သိရှိကြသည်ဟု ဆိုစကားရှိပါသည်။ ထို့ကြောင့် နှလုံးသားကို အခြေခံကာ တိုက်ဆိုင် စစ်ဆေးခြင်း နည်းလမ်းကို အသုံးပြု၍ ရသည်ဟု ဆိုလာလျှင် သင့်အနေဖြင့် ထူးဆန်းမနေပါနှင့်။ Nymi ဟု အမည်ပေးထားသော ထုတ်လုပ်စမ်းသပ်ဆဲ လက်ကောက်ဝတ်သည် ကျွန်ုပ်တို့ နှလုံးခုန်သံကို တိုင်းတာ၍ အီလက်ထရောစနစ် အချက်ပြစနစ်ဖြင့် ပြန်လည် ထုတ်လုပ်ပေးပါသည်။ ၎င်း အချက်ပြခြင်းကို မူတည်ကာ တိုက်ဆိုင်စစ် ဆေးခြင်းများ ပြုလုပ်နိုင်ပေသည်။ သို့သော် လက်ရှိအချိန်တွင် လက်ဗွေစနစ်၊ မျက်ဝန်း စစ်ဆေးခြင်း နည်းလမ်းများထက် ထင်ပေါ်ကျော်ကြားမှု မရှိသေးသော်လည်း ၎င်းနည်းလမ်းသည်လည်း တိုက်ဆိုင်စစ်ဆေးနိုင်သည့် နည်းလမ်းတစ်ခု ဖြစ်ပေသည်။
၃။ တင်ပါး
ထူးဆန်းဖွယ်ရာ ကျွန်ုပ်တို့၏ တင်ပါးများသည်လည်း တိုက်ဆိုင်စစ်ဆေး နိုင်သည့်အချက်ထဲတွင် ထူးခြားစွာ ပါဝင်လာခဲ့ပြီ ဖြစ်သည်။ သုတေသန အဖွဲ့တစ်ခုအနေဖြင့် ကားထိုင်ခုံတစ်ခုကို တီထွင်ခဲ့ပြီး ၎င်းထိုင်ခုံမှ မည်သူဝင်ထိုင် သွားသည်ကို မှတ်သား၍ ပြန်လည်ဖော်ပြ နိုင်သလို ပိုင်ရှင်တစ် ဦးတည်း သို့မဟုတ် ပိုင်ရှင်မှ ထည့်သွင်းထားသော အခြားသူများ၏ အချက်အလက်များနှင့် တိုက်ဆိုင်မှုရှိမှသာ အခြားသော ကားတွင် ပါဝင်သည့်စနစ်များ အလုပ် လုပ်ဆောင်မည့် စနစ်ကို နမူနာ တီထွင်ထုတ်လုပ် ထားသည်ဟုလည်း သိရှိရပါသည်။
၎။ မျက်လုံးလှုပ်ရှားမှု
မျက်လုံး၏ အစိတ်အပိုင်းများ ဖြစ်သောမျက်ကြောလွှာ၊ သို့မဟုတ် မျက်ဝန်းများကို ယနေ့အချိန် အခါတွင် အရေးကြီးသော နေရာဌာနများ၌ တိုက်ဆိုင် စစ်ဆေးခြင်းများတွင် အသုံးပြုနေပြီ ဖြစ်သော်လည်း ယခုအခါ အစ္စရေး ကုမ္ပဏီတစ်ခုမှ မျက်လုံး၏ လှုပ်ရှားမှုကို အသုံးပြုကာ Pattern ပုံစံဆွဲခြင်းဖြင့် တိုက်ဆိုင်စစ်ဆေးသည့် နည်းလမ်းတစ်ရပ်ကို အသုံးပြုနိုင်ရန် လုပ်ဆောင်နေပြီ ဖြစ်သည်။ သို့သော် အဆိုပါ စနစ်အနေဖြင့် အခြားသော လက်ဗွေစနစ်များ ဖတ်ရှုခြင်းထက် လုပ်ဆောင်ရန် ခက်ခဲမည်ဖြစ်ပြီး မျက်လုံးဖြင့် ကြည့်ရှုကာ Pattern ဆွဲမှုကို အချိန်နှင့် တစ်ပြေးညီ တုံ့ပြန်မှုပြုနိုင်ဖို့ လိုအပ်ပေသည်။
၅။ နှာခေါင်း
ကျွန်ုပ်တို့၏ နှာခေါင်းများ အနေဖြင့် အသက်ရှူခြင်းနှင့် အနံ့အာရုံခံစားရန် အတွက်သာမက Bio-metric အတွက်လည်း အတည်ပြု အသုံးဝင်နိုင်ပါသည်ဟု ဗြိတိန် သုတေသန သမားများက ထုတ်ဖော်ပြောပြ လိုက်ပြီဖြစ်သည်။ အဘယ်ကြောင့် ဆိုသော် ကျွန်ုပ်တို့၏ နားများကဲ့သို့ပင် နှာခေါင်းများသည်လည်း တူညီမှုမရှိသည်ကို တွေ့ရှိရသောကြောင့် ဖြစ်ပေသည်။ ယေဘုယျအားဖြင့် နှာခေါင်း ပုံစံပေါင်း ၆ မျိုးရှိသော်လည်း လူသား တစ်ဦးချင်းစီအနေဖြင့် တူညီရန် မှာ ခြားနားမှုများရှိပေသည်။ ထို့အပြင် နှာခေါင်းပုံစံ ခွဲစိတ်ပြုပြင် ထားပါကလည်း မှတ်မိရန် လွယ်ကူပေသည်။ ဟောလိဝုဒ်မှ လူများ အနေဖြင့်လည်း နှာခေါင်းနှင့် ပတ်သက်ကာ အာမခံထားရှိ ကြပါပေသည်။
၆။ သွေးကြောများ
လက်ဗွေ စစ်ဆေးခြင်း နည်းလမ်းများသည် ယနေ့အချိန် အခါတွင် ခေတ်စားနေသော လုပ်ဆောင်ချက်များ ဖြစ်သောကြောင့် ၎င်းတို့အပေါ် မှီခိုမှုအနေဖြင့် များပြားလွန်းနေပါသည်။ ၎င်းအချက်သည်ပင် ကော်ပီကူးကာ ခိုးယူခံရနိုင်ခြင်းအတွက် နည်းလမ်းတစ်ရပ် ဖြစ်နေပေသည်။ ထို့ကြောင့် လက်ချောင်းများထဲမှ သို့မဟုတ် လက်ဖ၀ါးထဲမှ သွေးပြန်ကြောများကို တွက်ချက်ခြင်းဖြင့် အတည်ပြု စစ်ဆေးခြင်းသည် အတုပြုလုပ်ရန်၊ ကော်ပီကူးယူမှု ပြုလုပ်ရန်အတွက်မူ ခက်ခဲသွားမည် ဖြစ်သည်။
၇။ အနံ့ရှုခြင်း စမ်းသပ်မှု
စိတ်ဝင်စားဖွယ်ရာပင် ကျွန်ုပ်တို့၏ ခန္ဓာကိုယ်မှ ထွက်ရှိသော အ နံ့များသည် တစ်ဦးနှင့်တစ်ဦး တူညီမှု မရှိသည်ဟု ဆိုသည်။ ထို့ကြောင့်လည်း ခန္ဓာကိုယ်မှ ထွက်ရှိသော အနံ့အသက်များကို အသုံးပြုကာ အတည်ပြု စစ်ဆေးခြင်းများ ပြုလုပ်နိုင်သည်ဟု ဆိုလာခြင်းဖြစ် ပေသည်။ စပိန်နိုင်ငံ၊ မက်ဒရစ်မြို့ ရှိ Polytechinical University တစ်ခုမှ Artificial Nose တစ်ခုကို တီထွင်ခဲ့ပြီး လူ့ခန္ဓာကိုယ်၏ အနံ့များကို စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်ကာ အနံ့ခွဲခြားခြင်းများ ပြုလုပ်ခဲ့ပါသည်။ ထို့အပြင် အမေရိကန် ကြည်းတပ် အနေဖြင့်လည်း ခြိမ်းခြောက်မှုများကို တားဆီးရန် ၎င်းနည်းပညာနှင့် ဆင်တူသောနည်း ပညာတစ်ရပ်ကို တီထွင်လုပ် ဆောင်လျက် ရှိသည်ဟု သိရှိရသည်။ သို့သော် ယခုနည်းပညာ အနေဖြင့် အနံ့အသက်ကို အခြေခံတည်ဆောက် ထားသည်ဖြစ်ရာ အစားအစာနှင့် အနာရောဂါများကြောင့် အနံ့အသက်များလည်း ပြောင်းလဲ သွားနိုင်ပေသည်။ ထို့အပြင် ယခုနည်းလမ်းကို စမ်းသပ်မှုသည်လည်း ၁၀ ရာခိုင်နှုန်း အမှားရှိနိုင်သည်ဟု ထုတ်ပြန်ထား ပါသည်။
Biometric အမျိုးအစားများ
DNA တွက်ချက်ခြင်း၊ Ear ပုံသဏ္ဌာန် ခွဲခြားခြင်း၊ မျက်ဝန်းနှင့် မျက်ကြောလွှာ ခွဲခြားခြင်း၊ မျက်နှာခွဲခြားခြင်း၊ လက်ဗွေ ဖတ်ရှုခြင်း၊ လက်ချောင်း တည်ဆောက်မှု ခွဲခြားခြင်း၊ ခြေလှမ်းခွဲခြားခြင်း၊ လက်ပုံသဏ္ဌာန် ခွဲခြားခြင်း၊ အနံ့ခွဲခြားခြင်း၊ လက်မှတ်(Sign) ခွဲခြားခြင်း၊ စာရေးသားမှု ခွဲခြားခြင်း၊ သွေးကြောခွဲခြားခြင်း၊ အသံခွဲခြားခြင်း အစရှိသည်တို့ ဖြစ်ကြပါ သည်။ အဆိုပါ ခွဲခြားနိုင်မှု စနစ်တစ်ခု ချင်းစီတွင် ကောင်းကျိုးနှင့် ဆိုးကျိုးများလည်း ဒွန်တွဲလျက် တည်ရှိပေသည်။ ဥပမာ အနေဖြင့် အသံ၊ မျက်နှာ၊ လက်မှတ်အသုံးပြု စစ်ဆေးခြင်းများတွင် နည်းပညာ ပေါများသော်လည်း DNA စစ်ဆေးခြင်း၊ မျက်ကြောလွှာ စစ်ဆေးခြင်း၊ မျက်ဝန်းစစ်ဆေးခြင်း၊ လက်ပုံသဏ္ဌာန် စစ်ဆေးခြင်းများသည် ဈေးနှုန်းကြီးမြင့်သလို တိကျမှုလည်း  ပိုရှိသည်ကို ယေဘုယျအနေဖြင့် တွေ့ရှိရပေသည်။
လက်ရှိအသုံးပြုနေမှု
Biometric အသုံးပြုနေသော လက်ရှိကမ္ဘာ နိုင်ငံများတွင် မျက်ဝန်းစစ်ဆေးခြင်းနှင့် မျက်ကြောလွှာ စစ်ဆေးခြင်းကို အသုံးပြုရာတွင် နျူကလီးယား အဆောက်အဦ ဝင်ခွင့်နေရာများ၊ အကျဉ်းထောင်များ၊ အထူးကြပ်မတ် ဆေးရုံများတွင် လည်းကောင်း၊ လက်ဗွေ စစ်ဆေးခြင်းစနစ်ကို ရဲဌာနများတွင် လည်းကောင်း၊ လက်တည်ဆောင်မှု စစ်ဆေးခြင်းကို အ ထွေထွေ လုပ်ငန်းများတွင် လည်းကောင်း၊ လက်မှတ်စစ်ဆေးခြင်းကို စက်ရုံများတွင် လည်းကောင်း၊ အသံဖြင့် စစ်ဆေးခြင်းကို ဘဏ်များတွင် လည်းကောင်း အသီးသီး အသုံးပြုလျက် ရှိကြပြီး ဈေးနှုန်းတန်ဖိုးမှာ ခန့်မှန်းခြေအားဖြင့် ၁၉၉၇ ခုနှစ်က အမေရိကန် ဒေါ်လာ ၁၀၀၀ မှ ၅၀၀၀ အကြား တန်ဖိုးရှိသည်ဟု ဆိုသည်။ သို့သော် ယနေ့ အချိန်အခါတွင် နည်းပညာ ပေါများလာသည်နှင့်အမျှ ဈေးနှုန်းလည်း ကျဆင်းသွားနိုင်မည် ဖြစ်သည်။
Biometric နည်းပညာအတွက် အသေးစိတ် ရေးသားရမည်ဆိုလျှင် စာဖတ်သူအနေဖြင့် နားလည်ရန် ခက်ခဲသွားမည် ဖြစ်သလို ယခုဖော်ပြခွင့် ရှိသောစာမျက်နှာ အနေဖြင့်လည်း လုံလောက်မည် မဟုတ်ပေ။ ထို့ကြောင့် စာဖတ်သူ အနေဖြင့် နားလည်နိုင်လောက်မည့်  အကြောင်းအရာများကိုသာ အသားပေး ရေးသားဖော်ပြခဲ့ခြင်း ဖြစ်သဖြင့် အသေးစိတ် အချက်အလက်များ မပါရှိသည်ကို ဝန်ခံအပ်ပါသည်။
နိဂုံးချုပ် အနေဖြင့် လက်ရှိတွင် အိန္ဒိယနိုင်ငံ၏ National ID Pro-gram တစ်ခုဖြစ်သော Aadhaar သည် ကမ္ဘာပေါ်တွင် အကြီးမားဆုံးသော Biometric  Database စနစ်တစ်ခု ဖြစ်ပေသည်။ ကမ္ဘာပေါ်တွင် Biometric  အသုံးပြုနေသော နိုင်ငံများမှာ သြစတြေးလျ၊ ဘရာဇီးလ်၊ ကနေဒါ၊ တရုတ်၊ ဂမ်ဘီးယား၊ ဂျာမဏီ၊ အိန္ဒိယ၊ အီရတ်၊ အစ္စရေး၊ အီတလီ၊ နယ် သာလန်၊ နယူးဇီလန်၊ နော်ဝေး၊ ယူကရိန်း၊ ဗြိတိန်နှင့် အမေရိကန် ပြည်ထောင်စုတို့ ဖြစ်ကြပါသည်။ ကျွန်ုပ်တို့ မြန်မာ နိုင်ငံတွင်လည်း လူဦးရေ ပေါင်းသန်း ၆၀ နီးပါးခန့်ရှိရာ လာမည့်ရာစုနှစ် အတွင်း အဆိုပါ ပမာဏထက် များပြား လာပေဦးမည် ဖြစ်ပေသည်။ ထို့ကြောင့် လူဦးရေ ပေါများလာခြင်း နှင့်အတူ အမှုအခင်း ကိစ္စများလည်း တိုးပွားလာ တတ်သည်ဖြစ်ရာ အဆိုပါ ပြဿနာရပ်များကို ဖြေရှင်းရာတွင် လွယ်ကူစွာ ထောက်ပံ့ပေးနိုင်မည့် Biometric နည်းပညာ အကူအညီကို ရယူသုံး စွဲသင့်ကြောင်း အကြံပြုရေးသား လိုက်ရပါသည်။
ကိုးကားချက်
Biometric (wiki)
7 surprising biometric identification methods article